သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ကွက်မဲပေးရမည့်ကိစ္စ လေဘေးကြောင့် ပျက်ကွက်မည်ကို အတိုက်အခံစိုးရိမ်


မြန်မာနိုင်ငံတောင်ပိုင်း တိုက်ခိုက်သွားတဲ့ ဆိုင်ကလုံးမုန်တိုင်းကြောင့် လူပေါင်း
သောင်းနဲ့ချီသေဆုံး၊ သန်းနဲ့ချီ အိုးအိမ်မဲ့ ဖြစ်နေရချိန်၊ အကူအညီတွေလည်း အရေး ပေါ်လိုအပ်နေချိန်မှာ မြန်မာစစ်အစိုးရကတော့ မနက်ဖြန်မှာ နိုင်ငံနေရာ အတော်
များများ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကျင်းပဖို့ စိုင်းပြင်းနေပါပြီ။ လူအတော်
များများ ဒုက္ခရောက်ပြီး စားဝတ်နေရေးလည်း ကျပ်တည်းနေချိန်မှာ အခုလို ဆန္ဒခံယူပွဲ ကျင်းပတာကြောင့် မဲဆန္ဒပေးသူတွေ မဲရုံကိုမသွားနိုင်ကြမှာ အတိုက်အခံလှုပ်ရှား
သူတွေဘက်က စိုးရိမ်နေကြပါတယ်။ ဒါကြောင့်လည်း မနက်ဖြန်မှာ မဲရုံတွေကိုသွားပြီး
ဖွဲ့စည်းပုံကို ကန့်ကွက်မဲ ကြက်ခြေခတ်ထည့်ကြဖို့ နှိုးဆော်နေပါတယ်။ အကြောင်းစုံ ဆက်သွယ်မေးမြန်းထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သန်းနဲ့ချီတဲ့ လေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေ အရေး
တကြီး ဖြစ်နေတာကြောင့် မြန်မာနိုင်ငံအနှံ့အပြား လူအတော်များများဟာ အလှူငွေ ကောက်ခံတာတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အာရုံများ အချိန်ပေးနေရတယ်လို့
ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်လည်း မနက်ဖြန် ဆန္ဒခံယူပွဲမှာ မဲပေးသူ
အရည်အတွက် နည်းပါးနိုင်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့
တပ်ပေါင်းစုက ပြောခွင့်ရကိုယ်တော် အရှင်ဦးသြဘာသက အခုလိုမိန့်ပါတယ်။

“စိတ်ဝင်စားမှုကတော့ ပြည်သူလူထု ၇၅ % လောက်က မရှိကြတော့ဘူး။ ဘာဖြစ်လို့
လဲဆိုတော့ မြန်မာပြည်သူအချင်းချင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာတော့ အများ
ဆုံးပေါ့၊ သောင်းပေါင်းများစွာ သေကျေပျက်စီးတယ်၊ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေတာတွေကို ကြားနေ၊ မြင်နေ၊ တွေ့နေရတဲ့အတွက် ဆန္ဒခံယူပွဲကို ပြည်သူလူထု တော်တော်များများက စိတ်ဝင်စားမှုလျော့နည်းနေတာ တွေ့နေရတယ်။”

မန္တလေးနယ်ခံတဦးကတော့ လူအများစုဟာ ဆန္ဒခံယူပွဲကို စိတ်ဝင်စားမှုမရှိပေမယ့် မတတ်သာလို့သာ သွားရမယ့်သဘော ဖြစ်နေတယ်လို့ ပြောပါတယ်။

“ပထမတပိုင်းကတော့ ပညာတတ်နဲ့ တချို့စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ
ကတော့ စိတ်ဝင်စားတယ်။ လက်လုပ်လက်စားတွေကတော့ ဧရာဝတီတိုင်းကိစ္စ
ဂယက်က လူတွေတော်တော်များများရဲ့ စိတ်ထဲမှာ မကောင်းဘူးပေါ့။ အခုအချိန်ကျမှ
မဲရုံသွားပြီး မဲပေးရမှာဘာညာဆိုတာ အလုပ်ရှုတ်ခံရမှာ မလုပ်ချင်ကြတာမျိုးတွေ
ပြောတာရှိတယ်။ တချို့ဆိုရင် သူတို့ မဲစာရင်းမပါဘူး၊ သွားပေးရမှာလည်း အလုပ်
ရှုတ်ပါတယ်၊ မပေးလည်း ရတာပဲဆိုပြီး အဲလို တချို့လူတွေက လုပ်ကြတာလည်းရှိပါ
တယ်။ ခြုံပြောရရင်တော့ ဒီ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဖြစ်သွားတဲ့ကိစ္စဟာ
ကျနော်တို့ မဲဆန္ဒရှင်အားလုံးမှာတော့ လုံးဝစိတ်မကောင်းဘူးပေါ့၊ ဒီကြားထဲမှာ
ဖွဲ့စည်းအုပ်ချုပ်ပုံ ထောက်ခံပွဲကြီးဆိုတာက မဖျက်ဘဲနဲ့ မရလို့သာ သွားရတယ်ဆိုတဲ့
စိတ် ရှိနေကြတယ်။”

အခုဖြစ်နေတဲ့ လေဘေးဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ အရေးပေါ်ကယ်ဆယ်ရေး အခြေအနေကြောင့် လာမယ့်ဆန္ဒခံယူပွဲကို ယာယီရွှေ့ ဆိုင်းဖို့ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ် အပါအဝင် နိုင်ငံခေါင်းဆောင်အချို့ကို မြန်မာအစိုးရကို မေတ္တာရပ်ခံခဲ့ပါ
တယ်။ ဒါပေမယ့် မြန်မာအစိုးရကတော့ သူတို့စီစဉ်ထားတဲ့အတိုင်း ရန်ကုန်တိုင်းနဲ့
ဧရာဝတီတိုင်း မြို့နယ်အချို့ကလွဲပြီး ကျန်နေရာတွေမှာ ဆန္ဒခံယူပွဲ မနက်ဖြန်မှာ
လုပ်သွားဖို့ စီစဉ်နေပါပြီ။ တကယ်တမ်း အားလုံးဒုက္ခတွေ့နေတဲ့အချိန်မှာ အခုလို
စစ်အစိုးရက တဖက်သတ်လုပ်တာဟာ မတရားတဲ့အခြေအနေပဲလို့ အမျိုးသားဒီမို
ကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အသီးသီးက ကိုယ့်ဒုက္ခနဲ့ကိုယ် ပြေလည်အောင် မနည်းကြိုးစားနေရတဲ့ အခြေအနေ
မျိုးမှာ ဒီဆန္ဒခံယူပွဲလုပ်တာ မတရားတဲ့ လုပ်ရပ်ပါပဲဗျာ။”

အခုအနေအထားက လူတွေက စိတ်မဝင်စားဘူး၊ မဲသွားမပေးကြဘူးဆိုရင် အခြေ
အနေက ဘယ်လိုဖြစ်နိုင်သလဲ။ ဦးဉာဏ်ဝင်းတို့ ဘယ်လိုယူဆသလဲ။

“အခုအတိုင်းက သူတို့က အဆင့်သုံးဆင့်လောက် သူတို့အပိုင်စီးထားတာဗျ၊ ဒီ ပြည်သူ့
ဆန္ဒခံယူပွဲက။ အဆင့်သုံးဆင့်ဆိုတာ ကျနော်တို့အားလုံး ကြိုတင်မဲရေတွက်တဲ့နေရာ
ရယ်၊ ဆန္ဒမဲစုစည်းတဲ့နေရာတွေရယ်၊ နောက်ဆုံး ကြေညာတဲ့နေရာရယ်၊ အဲဒါအားလုံး
ကို သက်သေမရှိ၊ ပြည်သူတွေ ကြည့်ခွင့်မရှိ၊ ဘယ်အဖွဲ့အစည်းမှ ကြည့်ခွင့်မရှိ အဲဒီလို လုပ်ထားတာလေ။ အဲတော့ အခြေအနေကတော့ မတရား ဆောင်ရွက်နေတယ်လို့ပဲ
ပြောရမှာ။ ဒီလိုဆောင်ရွက်တာဟာ ကျနော်တို့ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး
ဆောင်ရွက်တာ၊ ဆန့်ကျင်ပြီးတော့ မိမိလိုရာကို အတင်းလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲလို့
ကျနော်မှတ်ယူတယ်။”

ဒီအတွက်လည်း ဒီကနေ့ပဲ သံဃာ့တပ်ပေါင်းစုအပါအဝင် ၈၈ မျိုးဆက်ကျောင်းသား
တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ကြေညာချက်ထုတ်
ပြီး လာမယ့်ဆန္ဒခံယူပွဲမှာ ပြည်သူတွေအနေနဲ့ မပျက်မကွက်သွားပြီး ကန့်ကွက်မဲထည့်
ကြဖို့ နှိုးဆော်ပါတယ်။ သံဃာ့တပ်ပေါင်းစုက ပြောခွင့်ရကိုယ်တော် ဦးသြဘာသက
အခုလိုမိန့်ပါတယ်။

“သူတို့ကတော့ လာမထည့်လေ၊ မဲရုံတွေကို လူတွေမလာလေ၊ နအဖကတော့
ကြိုက်လေပဲလေ။ အဲတော့ ထည့်နိုင်တဲ့လူကတော့ သွားပြီးထည့်ကြပါ၊ ကန့်ကွက်မဲ
ပေးကြပါလို့ ဦးပဉ္စင်းတို့ကတော့ တိုက်တွန်းချင်တယ်။ ဒီနအဖကလည်း ဒီလောက်
ဘေးဆိုးကြီးကို ကျရောက်နေတဲ့အချိန်မှာ ဒီရက်ကို မရွှေ့ဘဲနဲ့ ကျင်းပမယ်ဆိုတာ
ကတော့ လူသားချင်းစာနာမှုမရှိဘူးလို့ ဦးပဉ္စင်းတို့ ယူဆတယ်။ နောက်တခု သူတို့က တကယ်ဗုဒ္ဓဘာသာတိုင်းပြည်မှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရဆိုတာ ဟုတ်ရဲ့လား
တောင် ဦးပဉ္စင်းတို့ ထင်မိတယ်။”

လက်ရှိအားဖြင့်တော့ ဧရာဝတီတိုင်းက မြို့နယ် ၇ မြို့နယ်၊ ရန်ကုန်တိုင်းက မြို့နယ် ၄၀
ကလွဲပြီး ကျန်မြန်မာနိုင်ငံ နေရာအားလုံးမှာ မနက်ဖြန်ဆို ဖွဲ့စည်းပုံဆန္ဒခံယူပွဲ ကျင်းပ
ကြမှာပါ။ ဆိုင်ကလုံးမုန်တိုင်း မတိုက်ခင်ကတော့ အတိုက်အခံလှုပ်ရှားသူတွေအနေနဲ့
ဒီဖွဲ့စည်းပုံကို ကန့်ကွက်ကြဖို့ လှုံ့ဆော်စည်းရုံးမှုတွေရှိပေမယ့် မုန်တိုင်းကျပြီးနောက်
မှာတော့ ဒီလှုပ်ရှားမှုတွေ အားပျော့သွားတဲ့သဘော ရှိပါတယ်။ ဒါ့အပြင် ဆန္ဒခံယူပွဲမှာ လွတ်လပ်မှုရှိမရှိဆိုတာ မဲရုံတွေကို သီးခြားစောင့်ကြည့်နေဖို့ အခြေအနေ ပြည်တွင်း
မှာရော ပြည်ပမှာပါ အားနည်းသွားတယ်လို့လည်း ဆိုရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG