သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလေဘေးသင့် ပြည်သူတွေကို နိုင်ငံတကာ လွတ်လပ်စွာ ကူညီခွင့်မရ


ကုလသမဂ္ဂရဲ့ အကူအညီပေးပစ္စည်းတွေကို မြန်မာအာဏာပိုင်တွေက ခွင့်ပြုခဲ့တာကြောင့် မုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ဘေးဒုက္ခသည်
၂၇၀,၀၀၀ ကျော်တို့အတွက် အကူအညီတွေကို
ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးက ပေးနိုင်ခဲ့
ပါတယ်။ ဒါပေမယ့် တကယ်လိုအပ်မှုရှိနေတဲ့
လူအရေအတွက် ၁,၅၀၀,၀၀၀ ကျော်နဲ့ နှိုင်းယှဉ်
မယ်ဆိုရင် ဒီပမာဏဟာ မပြောပလောက်သေး
ပါဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူတဦးက
ဗွီအိုအေကို ပြောပါတယ်။ နောက်ထပ်လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ အပါအဝင် ပစ္စည်းတွေဟာလည်း အဆင်သင့်ဖြစ်နေတာမို့ ဒါတွေကိုပေးခွင့်ပြုဖို့ မြန်မာအာဏာပိုင်
တွေကို မေတ္တာရပ်ခံ တောင်းဆိုတာတွေကိုလည်း ထပ်တလဲလဲ ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း တင်ပြပေးထားပါတယ်။

အကူအညီပေးနိုင်ခဲ့တဲ့ နောက်ဆုံးရ လူအရေအတွက်ကို ဗွီအိုအေကို တိတိကျကျ
ပြောခဲ့သူကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂရဲ့ လူသားချင်း
စာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရစ်ချတ်
ဟော်ဆေး (Richard Horsey) ပါ။

“မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေမှာ ခန့်မှန်းခြေလူအရေအတွက် ၁,၅၀၀,၀၀၀ လောက်
ဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတဲ့အတွက် အခြေ
အနေက တကယ့်ကို စိုးရိမ်စရာပါ။ ကျနော်တို့ နောက်ဆုံးရထားတဲ့ ကိန်းဂဏန်းအရ
ဆိုရင် လွန်ခဲ့တဲ့နှစ်ရက် မေလ ၇ ရက်နေ့ထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေး
အဖွဲ့တွေ ကူညီထောက်ပံ့နိုင်ခဲ့တဲ့ လူအရေအတွက်ဟာ ၂၇၆,၀၀၀ ရှိသွားပါပြီ။ ဒီအရေ
အတွက်က အတန်အသင့် များတယ်ဆိုပေမယ့် တကယ် အကူအညီလိုနေတဲ့ အရေ
အတွက် ၁,၅၀၀,၀၀၀ နဲ့နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။” လို့ ပြောပါတယ်။

ကုလသမဂ္ဂဝန်ထမ်းတချို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြည်ဝင်ခွင့်ဗီဇာရခဲ့ပေမယ့် မရသေးတဲ့
လူတွေ အများအပြား ကျန်နေပါသေးတယ်။ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာတွေကို
ဆိုင်းငံ့ထားပြီး ခုချိန်ထိ ခွင့်ပြုချက်မရကြသေးပါဘူး။ ဒါဟာ လုပ်ငန်းတွေကို အရှိန် မြှင့်ဆောင်ရွက်နိုင်ဖို့ ဒီလူတွေကို တကယ်လိုအပ်နေတဲ့ သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေအတွက် အင်မတန့်ကို စိတ်ပျက်လက်ပျက် ဖြစ်စရာပါလို့လည်း
မစ္စတာဟော်ဆေးက ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက် တွေ့ဆုံခွင့်တောင်း
ထားတာကို ဘာမှ အကြောင်းပြန်ကြားတာ မရှိသေးသလို မြန်မာလူထုကို ထိထိ
ရောက်ရောက် ကူညီနိုင်ဖို့ ကြိုးစားနေကြတဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေရဲ့ စိုးရိမ်
ပူပန်မှု၊ စိတ်ပျက်လက်ပျက် အားမလို အားမရဖြစ်ရမှုတွေကို မြန်မာစစ်အာဏာပိုင်
တွေကတော့ လျစ်လျူပြုထားဆဲပါပဲ။ အကူအညီပေးလုပ်သားတွေ၊ သဘာဝ
ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေကို ဝင်ခွင့်မပြုဘူး၊ အကူအညီပေးပစ္စည်း
တွေပဲ ခွင့်ပြုမယ်လို့ ဒီကနေ့မှာပဲ စစ်အစိုးရက ကြေညာလိုက်ပြန်ပါတယ်။ ဒီလို
ပြောလိုက်တာဟာ အင်မတန် အားလျော့ဖွယ် လက္ခဏာပါပဲလို့ မစ္စတာ ရစ်ချတ် ဟော်ဆေးကဆိုပေမယ့် လုံးလုံးတော့ စိတ်ပျက်သွားပုံမရပါဘူး။

“ကျနော်ပြောချင်တာကတော့ ကျနော်တို့ဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာအဆင့်
မှာပါ မြန်မာတာဝန်ရှိသူတွေနဲ့ တိုက်ရိုက် အဆက်အသွယ်လုပ်နေပါတယ်။ သူတို့နဲ့
ကျနော်တို့ တိုက်ရိုက်ဆွေးနွေးမှုတွေ ရှိပါတယ်။” လို့ ပြောသွားတာပါ။

တကယ်ကတော့ မြန်မာနိုင်ငံထဲက မုန်တိုင်းဒဏ်ခံခဲ့ရသူ ဘေးဒုက္ခရောက်နေသူတွေ
လိုအပ်တဲ့ ပစ္စည်းတွေကိုပေးဖို့ အဆင်သင့်ဖြစ်နေပြီးသားပါ။ ကြုံနေရတာကတော့
ဒီပစ္စည်းတွေကို မြစ်ဝကျွန်းပေါ်ဒေသက လိုအပ်တဲ့လူတွေလက်ထဲ မြန်မြန်ဆန်ဆန်နဲ့ လုံလုံလောက်လောက် အရောက်ပို့ပေးနိုင်မယ့် သယ်ယူပို့ဆောင်ရေး အခက်အခဲပါပဲ။ တချို့နေရာတွေဟာ လူသူမနီးတဲ့ဒေသတွေဖြစ်ပြီး သွားရောက်ဖို့ အခက်အခဲတွေ့နေ
ရတဲ့ ဒေသတွေပါ။ အဲဒီနေရာတွေဆီ ပစ္စည်းတွေ အရောက်ပို့ပေးနိုင်ဖို့ရာ မော်တော်
ဘုတ်တွေ၊ သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ အလုံအလောက်ပမာဏနဲ့ ရဖို့လိုပါတယ်။

“ဒါကြောင့်မို့လို့ အရေးပါတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေ ပြည်ဝင်ခွင့်ရရေးတင် မဟုတ်
ပါဘူး၊ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ရန်ကုန်ရောက်ရုံတင် မဟုတ်ပါဘူး၊ အဲဒီ
ပစ္စည်းတွေကို ဖြန့်ဝေပေးဖို့ အသုံးပြုရမယ့် ရဟတ်ယာဉ်တွေရော၊ ထရပ်ကားတွေ
ရောလို ပို့ဆောင်ရေးယာဉ်တွေလည်း လိုအပ်နေတာပါ။” လို့ မစ္စတာဟော်ဆေးက
ပြောပြပါတယ်။

မြန်မာစစ်အာဏာပိုင်တွေကသာ ခွင့်ပြုလိုက်မယ်ဆိုရင် လိုအပ်နေတဲ့ ရဟတ်ယာဉ်
တွေအပါအဝင် စက်ယန္တရားပစ္စည်းတွေ၊ အကူအညီတွေကို နာရီပိုင်းအတွင်း မြန်မာ
နိုင်ငံအရောက် ပို့ပေးနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ရောဘတ်
ဂိတ်တ်စ် (Robert Gates) ကိုယ်တိုင်ကလည်း ပြောထားပြီးသားပါ။

ဒါနဲ့ပတ်သက်လို့ မြန်မာအာဏာပိုင်တွေဘက်က ဘယ်လိုတုံ့ပြန်မှုကိုမှ မရသေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းပြန်ကြားရေးအရာရှိ မစ္စတာ
မိုက်ကယ်လ် တာနာ (Michael Turner) က ဗွီအိုအေကိုပြောပါတယ်။ ဒါပေမယ့်လည်း
သူတို့အနေနဲ့ အကောင်းမြင်မျှော်လင့်ချက် ရှိဆဲပါပဲတဲ့။

“ဒီလောက်ပမာဏရှိတဲ့ ဘယ်လို သဘာဝဘေးအန္တရာယ်မျိုးမဆိုအတွက် လူတွေ၊ ပစ္စည်းကိရိယာတွေ အများကြီးလိုသလို စားစရာ၊ သောက်ရေနဲ့ အမိုးအကာတွေလည်း လိုအပ်ပါတယ်။ ဒါတွေအားလုံးကို မြန်မာအာဏာပိုင်တွေ ခွင့်ပြုမယ်လို့ ကျနော်တို့
မျှော်လင့်ပါတယ်။ ဒီလိုသာဆိုရင်တော့ ကျနော်တို့ လူ့အသက်တွေကို ကယ်နိုင်မှာပါ၊ အလိုအပ်ဆုံးလူတွေကို အမြန်ဆုံးကူညီနိုင်မှာပါ။” လို့ မစ္စတာ မိုက်ကယ်လ် တာနာက
ပြောခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် စမတ်က် ဆွန်ဒရာဝေး (Samak Sundaravej) က တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကိုသွားပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမယ်လို့ ပထမပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအာဏာပိုင်တွေ အလုပ်များလွန်းနေတာကြောင့်
သူ့ကို လက်ခံတွေ့ဆုံဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် မသွားဖြစ်တော့ပါဘူးတဲ့။

လူတွေကိုလက်မခံဘူး၊ ပစ္စည်းတွေပဲ သွင်းခွင့်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ကြေညာခဲ့ပေမယ့် သွင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ပစ္စည်းအားလုံးကို လိုအပ်တဲ့အချိန်
အတွင်း လိုအပ်တဲ့လူတွေဆီ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ပို့ပေးနိုင်ဖို့ကျပြန်
တော့လည်း ခုချိန်ထိ ခွင့်မပြုသေးပါဘူး။

ဘေးဒုက္ခကျရောက်သူတွေကို ကူညီဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက မလုပ်နိုင်ဘူး၊
ဒါမှမဟုတ် မလုပ်ဘူးဆိုရင် ကုလသမဂ္ဂကနေ အတင်းအကျပ်ဝင်ပြီး အကူအညီပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာပဲ ကုလသမဂ္ဂမှာလည်း ဆွေးနွေးပြောဆိုတာတွေ
ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG