သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒမဲပေးပွဲ မဲပေးသူနည်း၊ အာဏာပိုင်များ၏ မသမာမှု များပြား


ဒီကနေ့ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေမူကြမ်း လူထုဆန္ဒခံယူပွဲမှာ တနိုင်ငံလုံး နေရာအနှံ့
အပြား မဲလာပေးသူ အရေအတွက်
အတော့်ကို နည်းပါးပါတယ်။ နေရာအများ
စုမှာ အာဏာပိုင်တွေရဲ့ အာဏာအလွဲ
သုံးစားလုပ်မှုတွေ၊ ဖိအားပေးပြီး ထောက်
ခံမဲ ထည့်ခိုင်းတာတွေ၊ တာဝန်ရှိသူတွေက
ကိုယ့်ဘာသာ မဲထည့်လိုက်တာတွေ
စသည်အားဖြင့် မတော်မတရားလုပ်မှုမျိုးစုံ
ဖြစ်ခဲ့တယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါ
တယ်။ အကြောင်းစုံကို ဘန်ကောက်မြို့ရောက် ဗွီအိုအေဝိုင်းတော်သား
ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ပထမဆုံးသိခဲ့ရတာက ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ဘက်က အခြေအနေပါ။ အဲဒီမှာ ဒေသအာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်မှု စတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို အပြည့်အစုံ ပြောပြခဲ့တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊
ဗဟိုလူငယ် ပြန်ကြားရေးအဖွဲ့ဝင်၊ ကိုနေခြည်ဝင်းပါ။ သူတို့ဟာ နေရာအသီးသီးမှာ
ဒီကနေ့ မဲပေးခဲ့ကြတာတွေ၊ မဲရေတွက်တာတွေကို စောင့်ကြည့်ခဲ့ကြသူတွေပါ။

“ထောက်ခံမဲက ၉၀၇ မဲ၊ ကန့်ကွက်မဲက ၁၄၇ မဲ၊ ကြိုတင်ပေးမဲက ၄၀၀၊ နောက် သူတို့ မဲပေးပုံပေးနည်းက ကော်မရှင်တွေက အမှန်ခြစ်ပြီးသား စာရွက်တွေကို တခါထဲ
ကမ်းပေးတယ်။ ကြိုတင်မဲတွေကိုကတော့ သူတို့ ညကတည်းက အိမ်ပေါက်စေ့ ယူထား
တယ်။ ကြိုတင်မဲကို ပေးတဲ့အခါမှာ စာအိတ် လုံးဝမပေးဘူး။ မဲရုံဝန်ထမ်းတွေကလည်း အမှန်ခြစ်ပြီးသား စာရွက်တွေကိုပဲ ထုတ်ပေးတော့ လူတွေက မဲပုံးထဲထည့်ရုံပဲ
ထည့်လိုက်ရပါတယ်။”

ကဝမြို့နယ်မှာလည်း မဲရုံတွေမှာကို ထောက်ခံမဲထည့်ဖို့ ပိုစတာတွေ ကပ်ထားတဲ့
အကြောင်း ပြောပြပါတယ်။

“မဲရုံမှူးတွေက အမှန်မဲတွေကို သူတို့ရဲ့အရှေ့မှာပဲ လာထည့်ခိုင်းတယ်။ ကော်မရှင်အဖွဲ့
ဝင်တွေကလည်း မဲလာထည့်တဲ့ လူတွေမှန်သမျှကို အမှန်မဲပဲထည့်ဖို့ ပြောနေကြတယ်။
အဲဒီတော့ ကဝမြို့နယ် တမြို့နယ်လုံးက အဲဒီပုံစံအတိုင်း ဖြစ်နေတယ်။”

အဲဒီလိုအခြေအနေတွေနဲ့ နေရာတွေရှိသလို ပုံမှန်အနေအထားအတိုင်းပြီးသွားတဲ့ တချို့နေရာတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ မိုးကောင်းနဲ့ မိုးညှင်းမြို့တွေ ပါပါတယ်။

“မိုးညှင်းမြို့မှာတော့ အခြေအနေကောင်းတယ်။ ကြိုတင်မဲတွေကတော့ ထောက်ခံမဲ
တွေပဲ။ ဒါပေမယ့် ဒီနေ့လာထည့်တဲ့ မဲအားလုံးကတော့ ကြက်ခြေခတ်မဲတွေဖြစ်တယ်။ မိုးကောင်းမြို့အခြေအနေလည်း အဲဒီလိုပဲ။

“သာယာဝတီ၊ ဆံဖြူကျေးရွာမှာဆိုလို့ရှိရင် မဲရုံတွေမှာ ကျောင်းဆရာမတွေက
အမှန်ခြစ်ပုံတွေကို ပြပြီးတော့ လာထည့်တဲ့လူတွေအားလုံးကို အမှန်ခြစ်ဖို့ တိုက်တွန်း
တယ်။ နောက် ချောင်းသုံးခွအုပ်စုမှာ ဆိုလို့ရှိရင်လည်း မဲရုံမှူးနဲ့ ကော်မရှင်ဥက္ကဋ္ဌတို့က
မဲထည့်တဲ့လူတွေ ဒီကိုလာခဲ့ကြဆိုပြီးတော့ သူတို့ရှေ့မှာပဲ မဲထည့်ခိုင်းတယ်။ နောက်
သူတို့က လူတွေကို မထည့်တတ်ရင် ပြောပြမယ်၊ အမှန်ခြစ်ဆိုပြီးတော့လည်း
တိုက်တွန်းတာမျိုးရှိတယ်။ နောက်ပြီးတော့ မဲပုံးကို ဆန္ဒပြုခန်းထဲမှာ မထားဘဲနဲ့ သူတို့ ရှေ့တည့်တည့်မှာပဲထားတယ်။ အဲဒီတော့ လူတွေက ကန့်ကွက်မဲ မထည့်ရဲဘူးပေါ့။

“နောက် ကျွန်းကုန်းကျေးရွာအုပ်စုမှာကျတော့ ရယကဥက္ကဋ္ဌကလူတွေ လာလာ
မလာလာ ငါ့ဘာသာငါ မဲထည့်တယ်ကွာဆိုပြီးတော့ မဲတွေအကုန်လုံး သူ့ဘာသာ
ထည့်ပစ်တယ်၊ ထည့်ပြီးတော့ နေ့လယ် ၁၁ နာရီ ကျတဲ့အခါကျတော့ မဲရုံကိုပိတ်ပြီး
တော့ ကော်မရှင်ကို သွားအပ်လိုက်တယ်။

“ကရင်ပြည်နယ်ရဲ့ မိစံကျေးရွာဆိုတဲ့ နေရာမှာတော့ အင်မတန် ထူးဆန်းတယ်ခင်ဗျ။
အဲဒါကတော့ ဘောပင်ပေးမထားလို့တဲ့၊ တောသူတောင်သားတွေက ကော်မရှင်အဖွဲ့
ဝင်တွေဆီကနေပြီးတော့ ဘောပင်မတောင်းရဲလို့ဆိုပြီးတော့ စာရွက်အဖြူတွေချည်းပဲ ထည့်သွားတယ်။”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုလူငယ် ပြန်ကြားရေးအဖွဲ့က ကိုနေခြည်ဝင်း ပြောပြ
ခဲ့တာတွေပါ။

ဗဟိုလူငယ်အဖွဲ့ဝင်တွေ နေရာအနှံ့အပြားမှာ စောင့်ကြည့်နေပြီးတော့ သူတို့ရဲ့အဆိုအရ
ဆိုရင်တော့ တခြားနေရာအနှံ့အပြားမှာလည်းပဲ ဒီလိုမျိုး အလားတူဖြစ်ရပ်တွေပဲ၊ အလားတူဖြစ်ရပ်ဆိုတာက အာဏာပိုင်တွေက ခြိမ်းခြောက်ထည့်ခိုင်းတာ၊ ထောက်ခံ
ခိုင်းတာ၊ ထောက်ခံမဲပေးဖို့ လှုံ့ဆော်တေးတွေဖွင့်တာ၊ ထောက်ခံမဲပေးဖို့ တီရှပ်တွေ
ဝတ်ထားတာ၊ အဲလိုအဖြစ်အပျက်တွေ အများအပြားဖြစ်တယ်လို့ ကြားရပါတယ်။

သို့သော်လည်း နေရာအကုန်လုံးမှာ အခြေအနေတွေက မတရားဖြစ်ခဲ့တာတော့
မဟုတ်ပါဘူး။ တချို့နေရာတွေမှာ အဆင်ပြေပြေ၊ မှန်မှန်ကန်ကန်ဖြစ်ခဲ့တာတွေ ရှိခဲ့ပါ
တယ်။ ဥပမာ မိုးကောင်း၊ မိုးညှင်းလိုနေရာမျိုးပါ။ အခုအခြေအနေမှာ ချက်ချင်း အဆက်အသွယ်လုပ်လို့မရတဲ့၊ ဝေးလံခေါင်သီတဲ့ ဒေသတွေက အခြေအနေတွေတော့ ချက်ချင်းမကြားရသေးပါဘူး။ အဆက်အသွယ်ကလည်း အခုအချိန်မှာ အရမ်းကို
ခက်ခဲနေပါတယ်။

ပြည်တွင်းလူထုအများစုကတော့ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကိစ္စကိုပဲ အာရုံစိုက်နေ
ကြပြီး ဆန္ဒခံယူပွဲကို အာရုံမရောက်တဲ့အကြောင်း ဆက်သွယ်လို့ရသမျှ ဒေသခံတွေက ပြောကြပါတယ်။ တကယ်က ဒီလူထုဆန္ဒခံယူပွဲကို မလုပ်ဖို့၊ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခ သည်တွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကိုပဲ အာရုံစိုက်လုပ်ဖို့ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ဝိုင်းပြီး တိုက်တွန်းနေခဲ့ကြတာပါ။

ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ ဆန္ဒခံယူပွဲကို လုပ်ခဲ့ပြီးပါပြီ။ မုန်တိုင်းဒဏ်ခံထား
ရတဲ့ လူထုကြီးရဲ့ရှေ့မှောက်မှာပဲ လုပ်ခဲ့တဲ့ ဒီဆန္ဒခံယူပွဲကနေ ထွက်လာတဲ့ရလဒ်ဟာ
ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရအတွက်လည်း ဂုဏ်သိက္ခာရှိရှိ၊ သမာသမတ်ကျကျ၊ ယုံကြည်ကိုးစားရလောက်တဲ့ ရလဒ်တခု ဖြစ်လာနိုင်ချေကတော့ အရမ်းကိုနည်းပါ
တယ်လို့ ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန် သုံးသပ်ကြပါတယ်။

XS
SM
MD
LG