သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ နာမည် ကောင်းရအောင် ဆောက်ရွက်ခဲ့မှုကြောင့် ဂျွန်မက်ကိန်း၏ ထိပ်တန်း လက်ထောက် နှုတ်ထွက်


မကြာခင်က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းလွန် အခြေအနေတွေအပေါ် ကိုင်တွယ်ပုံကြောင့် မြန်မာ စစ်အစိုးရဟာ နိုင်ငံတကာမှာ နာမည် ပျက်ပြီးရင်း ထပ်ပျက် လာခဲ့ရပါတယ်။ ဒီဂယက်တွေကြောင့် ထိပ်တန်း ရာထူးတစ်ရပ်ကနေ နှုတ်ထွက်သွားခဲ့ရသူ တစ်ယောက်ကတော့ .. အမေရိကန်နိုင်ငံက သမ္မတလောင်း မက်ကိန်းရဲ့ ညှိုနှိုင်း ဆောင်ရွက်ရေးမှူး ဖြစ်ပါတယ်။ ဒီ အကြောင်းကို ဦးတင်မောင်သန်းက တင်ပြပေးပါမယ်။

မြန်မာ စစ်အစိုးရရဲ့ နာမည်ပျက် ပုံရိပ်ကို အကောင်းမြင်လာအောင် အခကြေးငွေယူ လုပ်ဆောင်ခဲ့တဲ့ အတွက်၊ ရီပါဗလီကန် ပါတီ သမ္မတလောင်း မက်ကိန်းရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး တစ်ယောက် ရာထူးက နှုတ်ထွက် ပေးလိုက်ရပါတယ်။

ရီပါဗလီကန် သမ္မတလောင်းအဖြစ် တရားဝင် တင်မြှောက်မယ့် ညီလာခံမှာ ဦးဆောင်ကြီးကြပ်ပေးဖို့ ကော်ပိုရေးရှင်းကြီးတွေ ရဲ့ အကျိုးဆောင် မစ္စတာ Goodyearကို သမ္မတလောင်း မစ္စတာ မက်ကိန်းက ခန့်ထားခဲ့ပါတယ်။

သူဟာ မြန်မာ စစ်အစိုးရကို ကိုယ်စားပြုပြီး၊ အမေရိကန် အာဏာပိုင်တွေကြားမှာ စစ်အစိုးရ အမြင်ကောင်းလာအောင် ဆောင်ရွက်ပေးဖို့ စစ်အစိုးရဆီက ဒေါ်လာ ၃၄၈၀၀၀ကို ၂၀၀၂မှာ လက်ခံ အလုပ်လုပ်ပေးခဲ့ကြောင်း နယူးစ်ဝိခ် မဂ္ဂဇင်းကြီးက ရေးသားလိုက်ပြီးတဲ့နောက် မကြာခင်လေးမှာပဲ စနေနေ့ က ကြေညာချက် ထုတ် အနားယူလိုက်တာပါ။

သမ္မတလောင်း မဲဆွယ်စည်းရုံးရာမှာ အနှောင့်အယှက် မဖြစ်ရစေဖို့ အနားယူလိုက်ပါတယ်လို့ လိုင်း၂လိုင်း ပဲ ရှိတဲ့ သူ့ ကြေညာချက်ထဲမှာ ဆိုထားပါတယ်။

Reutgers တက္ကသိုလ် က အငြိမ်းစား ပါမောက္ခ Josef Silverstein က အခုလို ထင်မြင်ချက် ပေးပါတယ်။

”ဒါက အမေရိကန် စီးပွါးရေးနဲ့ နိုင်ငံရေးမှာ အလွန့်ကို တွေ့ရတဲ့ ဖြစ်ရပ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့က အမြတ် ရချင်ကြလို့ပါပဲ။ အမြတ်ရလိုတဲ့ စေ့ဆော်မှုက အင်မတန် အားကောာင်းပါတယ်။ ဒါကလည်း မြန်မာ အစိုးရအတွက် အလုပ်လုပ်ပေးတဲ့ ပထမဆုံး ကုမ္ပဏီတော့ မဟုတ်ပါဘူး။” လို့ ပါမောက္ခ Silverstein က ဆိုပါတယ်။

သေကြေပျက်စီးမှုတွေ များပြားလှတဲ့ ဆိုင်ကလုန်း မုန်တိုင်း ကို ကိုင်တွယ်ပုံ နဲ့ ပတ်သက်ပြီး၊ မြန်မာ စစ်အစိုးရဟာ နိုင်ငံတကာမှာ အပုပ် အသစ် ထပ် အချခံ နေရပြန်ပါတယ်။

မစ္စတာ Goodyear ကို ဦးဆောင်မယ့် ဆက်ခံမယ့် သူကိုတော့ မရွေးရသေးပါဘူးလို့ သူ မက်ကိန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ Brian Rogersက ပြောပါတယ်။

ပါမောက္ခ Silverstein ကတော့ အဲသလို အဖြစ်မျိုးတွေ ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်။ သူက အခုလို ပြောပါတယ်။

“အဲသလို ပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကုမ္ပဏီတစ်ခု ပြီးသွားရင် နောက် ကုမ္ပဏီတစ်ခုက မြန်မာ သံရုံးနဲ့ ဆက်သွယ် ဦးမှာပါပဲ။ ဒီအဖြစ်က အရုပ်ဆိုးလှပါတယ်။ ဒါပေမဲ့ ထပ်ဖြစ်ဦးမှာပါပဲ။” လို့ ပါမောက္ခ Silverstein က ပြောသွားတာ ဖြစ်ပါတယ်။

ရာထူးက နှုတ်ထွက်သွားတဲ့ မစ္စတာ Goodyear ဟာ မက်ကိန်း နဲ့ တစ်နယ်ထဲသား ဖြစ်ပြီး၊ သူ့ ကုမ္ပဏီက စစ်အစိုးရ အပေါ် အမြင်ကောင်းလာအောင် ၂၀၀၂ ခုနှစ်မှာ လူထု ဆက်ဆံရေး အလုပ်တွေ လုပ်ပေးခဲ့ပါတယ် ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG