သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်ကို ရောက်ရှိ၊ ဖြန့်ဖြူးရေး အတွက် စစ်အစိုးရ ကတိမပေးသေး


ဒုက္ခသည်တွေအတွက် ခြင်ထောင်တွေ၊ စောင်တွေနဲ့ သောက်ရေသန့်တွေ တင်ဆောင်သွားတဲ့ စီ-၁၃၀ အမျိုးအစား အမေရိကန်စစ်လေယာဉ်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံကို သွားပြီးတော့ မြန်မာနိုင်ငံ တာဝန်ရှိသူတွေဆီကို ပေးခဲ့ပါတယ်။ ဒီလေယာဉ်နဲ့အတူပါသွားကြတဲ့ အမေရိကန်ဘက်က တာဝန်ရှိသူ တွေကလည်း မြန်မာအစိုရ အရာရှိတချို့နဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။

သူတို့ ဒီလိုမြန်မာနိုင်ငံကို သွားရောက် ပစ္စည်းပေးဆွေးနွေးပြီးတော့ နေ့တွင်းချင်းပဲ ထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အခါမှာ သူတို့ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံမှာ လုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ဘန်ကောက်က ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သွားရောက်ပြီး သတင်းယူခဲ့ပါတယ်။

အဲဒီတော့ ကိုကျော်ကျော်သိန်းရေ၊ မြန်မာနိုင်ငံကိုပေါ့လေ ကူညီပစ္စည်းတွေသွားပို့ခဲ့တဲ့ အဲဒီသတင်းစာ ရှင်းလင်းပွဲကနေ ဘာတွေများသိခဲ့ရပါလဲရှင့်၊ -

“ဒီသတင်းစာရှင်းလင်းပွဲမှာ ကျနော်တို့ သိခဲ့ရတာက မနက်ဖန်မှာ ဒီနေ့လိုပဲ နောက်ထပ် လေယာဉ်နှစ်စင်း ထပ်သွားဖို့ ရှိတယ်ဆိုတာ ကျနော်တို့သိရတယ်၊ နောက်ပြီးတော့ မြန်မာတာဝန် ရှိသူတွေနဲ့ တွေ့ခဲ့တဲ့အခါမှာ အမေရိကန်က နောက်ထပ် ကမ်းလှမ်းထားတဲ့ ကျွမ်းကျင်သူတွေ လွှတ်ပေးဖို့၊ ဒီထက်ပိုတဲ့ အကူအညီတွေကိစ္စ၊ အဲဒါတွေနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ ကတိကဝတ် အဲဒါမျိုး ဘာမှမရခဲ့ဘူးဆိုတာ ကျနော်တို့သိရပါတယ်။”

ဘယ်သူတွေနဲ့ရော တွေ့ခွင်ရတယ်ဆိုတာ ပြောပါသလဲ၊ -

“ဟုတ်ကဲ့ပြောပါတယ်၊ သူတို့ တွေ့ခဲ့ရတာက ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဌေး၊ နောက် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဒုတိယ ဝန်ကြီး၊ နောက် နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ သူတို့က တွေ့ခွင့်ရခဲ့ပါတယ်။ ကျွမ်းကျင်သူများ ဒါးလ် အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဒေလ်ဘာကာကို မေးကြည့်တော့ သူတို့တွေ့ခဲ့တာ တစ်နာရီကျော် ကြာတယ်လို့ ပြောပါတယ်ခင်ဗျ။”

အဲလို တစ်နာရီကြာတဲ့အချိန်မှာာ ဘယ်လိုဆွေးနွေးမှုတွေ ရခဲ့သလဲ။ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ၊ -

“အဲဒါနဲ့ပတ်သက်လို့ အဓိက ပြောသွားတာကတော့ USAID ရဲ့အရာရှိ မစ္စဟင်နရီယာဒါဖိုးက အဓိက ပြောသွားပါတယ်၊ သူက သူတို့ လုပ်ချင်တဲ့ဟာတွေ၊ သူတို့ကူညီချင်တဲ့ဟာတွေ၊ စိတ်ကူးတွေ၊ သူတို့ စီစဉ်ထားတဲ့ဟာတွေ။ အဲဒါတွေကို အပြန်အလှန် ဆွေးနွေးကြတယ်၊ နောက်တခါ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မစ္စတာဂီတင်က ပစိဖိတ်ရေတပ်ဌါနရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ဒီလို ဘေးအန္တရယ် ကျရောက်တဲ့ဒေသတွေမှာ လုပ်ဆောင်နိုင်စွမ်းတွေကို ရှင်းပြပါတယ်။ တခါ ဒါးလ်အဖွဲ့ရဲ့ ခေါင်းဆောင် ဒေလ်ဘာကာ ကလည်း သူတို့အဖွဲ့က ဘာတွေ လုပ်နိုင်တယ်၊ ဘာတွေ အကူအညီ ပေးနိုင်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်ခင်ဗျ။”

မြန်မာပြည်ဘက်က ကူညီ ကယ်ဆယ်ရေးဆိုင်ရာ ဝန်ကြီးနဲ့လည်း တွေ့ခဲ့တယ်ဆိုတော့ သူတို့ဘက်က ဘာမှမပြောဘူးပေါ့နော်၊ -

“တဘက်က မြန်မာအာဏာပိုင်တွေဘက်က တိတိကျကျ ကတိကဝတ်စကား မပြောခဲ့သလို သူတို့လည်း အဲဒါတွေကို ဘာမှမရခဲ့ပါဘူး၊ သူတို့်ကသာ သူတို့ဘာတွေ လုပ်ပေးနိုင်တယ်၊ သူတို့မှာ ဘာတွေ ပြင်ဆင်ထားတယ်ဆိုတာ ဒီဘက်ကနေပြီးတော့ တိတိကျကျ ကမ်းလှမ်းခဲ့တာပဲ ရှိပါတတ်ခင်ဗျ၊”

သူတို့ယူသွားတဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့ရော မြန်မာတာဝန်ရှိသူတွေ လက်ထဲကို လွှဲပေးခဲ့ပြီပေါ့၊ -

“ဟုတ်ကဲ့၊ တာဝန်ရှိသူတွေလက်ထဲကို လွှဲပေးခဲ့ပါတယ်၊ အဲဒါနဲ့ပတ်သက်လို့ ဒါတွေ ဘယ်လိုဖြန့်ဝေမလဲ ဆိုတဲ့ မေးခွန်းတွေ ထွက်လာပါတယ်၊ အဲဒီမေးခွန်းတွေအပေါ်မှာ မစ္စ ဒါဖိုး ကတော့ ဟိုအထဲမှာ ရှိနေတဲ့၊ မြန်မာနိုင်ငံထဲမှာ လက်ရှိလုပ်ဆောင်နေတဲ့ USAID နဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတဆင့် တကယ်ဒုက္ခခံစားနေရတဲ့၊ တကယ် ဘေးဒုက္ခရောက်နေတဲ့ လူတွေလက်ထဲကို တိုက်ရိုက်ပို့ပေးမယ်လို့ သူက အဲလိုပြောတာပါ၊ အစိုးရက ဒါတွေကို လက်ခံယူထားပါတယ်၊ ဒါပေမယ့် အစိုးရက ဖြန့်ဖြူးသလို အထဲမှာလက်ရှိ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကလည်း ဒီလိုပဲဖြန်ဖြူးမှာပါလို့ သူက အဲလိုဖြေပါတယ်ခင်ဗျ၊”

မနက်ဖန်မှာလည်း လေယာဉ် နှစ်စီးတိုက်စာ ပေးမယ်ဆိုတော့ ဒီကနေ့ ခရီးစဉ်အပေါ်မှာ သူတို့အနေနဲ့ ကျေနပ်အားရတဲ့သဘောကြောင့်မို့ရော ဒီလိုယူဆလို့ ရမလားရှင့်၊ -

“အဲဒီလို သဘောထက် သူတို့က နဂိုကတည်းက အကူညီတွေ ဆက်တိုက် ပေးပို့သွားဖို့ အစီအစဉ် ရှိတာကြောင့် အဲလို ကမ်းလှမ်းပြီးလည်း အစီအစဉ်ရှိတာကြောင့် ဒီနေ့ လေယာဉ်တစ်စင်းကို လက်ခံလိုက်ပြီးတဲ့နောက်မှာ နောက်ထပ် လေယာဉ် နှစ်စင်းလက်ခံဖို့အတွက် မြန်မာ အာဏာပိုင်တွေဘက်က သဘောတူပြီးသားရှိသလို အမေရိကန်ဘက်ကလည်း ဒါက ပြင်ဆင်ထားပြီးသား အဆင်သင့် ဖြစ်တဲ့အတွက် ပို့ခွင့်ရတယ်လို့ပဲ ကျနော်တို့ ယူဆရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ အာဏာပိုင်တွေဘက်က နောက်ထပ်ပေါ့နော် ကျွမ်းကျင်သူတွေ လက်ခံဖို့၊ နောက်ထပ် အကူအညီတွေ ဒီထက်ပိုပြီး လက်ခံဖို့နဲ့ပတ်သက်ပြီးတော့ ဘာမှတိတိကျကျ ခိုင်မာတဲ့ ကတိကဝတ် မရတဲ့အခါကျတော့ အမေရိကန် တာဝန် ရှိသူတွေဘက်ကတော့ ဒီအပေါ်မှာ အားမလိုအားမရ ဖြစ်တဲ့ပုံစံ၊ မကျေမနပ်ဖြစ်တဲ့ပုံစံ ဘာမှမပြပါဘူးခင်ဗျ၊”

နောက်တစ်ခုက ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံထဲကိုဝင်ဖို့အတွက်ကို ဗီဇာစောင့်နေကြတဲ့ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေပေါ့လေ အခြေအနေရော ဘာများသိရသလဲရှင့်၊ -

“ကျနော် အဲဒီကိစ္စကိုလည်း မေးကြည့်ပါတယ်၊ ဒါးလ်အဖွဲ့ရဲ့ခေါင်းဆောင် ဒေလ်ဘာကာကို ကျနော် မေးကြည့်တော့ ဘယ်လိုဗီဇာမျိုးမှ မရသေးပါဘူး၊ နောက်တခြား နိုင်ငံတကာက အစိုးရမဟုတ်တဲ့ ကူညီရေးအဖွဲ့တွေကလည်းပဲ ဘယ်သူမှ ပြည်ဝင်ခွင့်ဗီဇာ ထပ်ရတယ်ဆိုတဲ့ သတင်းတွေ မရသေးပါဘူးခင်ဗျ၊ အဲဒါတွေက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ သိလာရတဲ့အချက်တွေပါ၊ တဆက်တည်းမှာပဲ မစ္စဟင်နရီဒါဖိုးက နောက်ဆုံးပြောသွားတဲ့အထဲမှာ ဘာပါသလဲ ဆိုတော့ အခုကိစ္စက မြန်မာပြည်က ဒုက္ခရောက်နေသူတွေကို ကူညီရေးကိစ္စဟာ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတရပ် ဖြစ်တယ်။ အချိန်ယူရမယ်၊ ကြိုးပမ်းအားထုတ်မှုတွေ အများကြီးလုပ်ရမယ်၊ ဘယ်ကိစ္စအပေါ် အဓိက လုပ်မလဲဆိုတာ အာရုံးစူးစိုက် လုပ်ရမယ်။ နောက်တခါ မြန်မာအစိုးရနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ် အစရှိသည်အားဖြင့် သူတို့ဖက်က အကောင်းမြင်ပေါ့လေ ဒုက္ခရောက်နေတဲ့ သူတွေကို ဆက်ပြီး တိုးပြီး ကူညီသွားနိုင်ဖို့ အကောင်းမြင် မျှော်လင့်ချက် စကားတွေကိုပဲ ပြောသွားခဲ့ပါတယ်ခင်ဗျား။”

ဒါကတော့ ဘန်ကောက်က သတင်းစာရှင်းလင်းပွဲကို သွားရောက်ပြီး သတင်းယူခဲ့တဲ့
ဝိုင်းတော်သား ကိုကျော်ကျော်သိန်း ပြောပြခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲက ကယ်ဆယ်ရေးပစ္စည်းတွေကို ပို့ခဲ့အပြီးမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲပါ။ ပစ္စည်းတွေ မပို့ခင်တုန်းကလည်း ထိုင်းနိုင်ငံ၊ ဥတာပါအို လေတပ်စခန်းမှာ သတင်းစာရှင်းလင်းပွဲကို လုပ်ခဲ့ပါသေးတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ လေယာဉ်နဲ့အတူ လိုက်သွားမယ့် USAID နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာ အမေရိကန် အေဂျင်စီက အရာရှိ ဟင်နရီဒါဖေါ က သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့ပါတယ်။

“နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အစိုးမဟုတ်တဲ့ ပရဟိတ အကျိုးဆောင်အဖွဲ့တွေကို မုန်တိုင်း ဒဏ်ခံခဲ့ရတဲ့ ဒေသတွေ သွားပြီးတော့ လူမှုရေးအကူညီတွေကို မြန်မာစစ်အစိုးရအနေနဲ့ ခွင့်ပြုပါလို့ ကျမတို့ ဆက်ပြီး တိုက်တွန်းသွားကြမှာပါ၊”

တခါ ဒီလေယာဉ်နဲ့လိုက်သွားခဲ့တဲ့ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး တင်မသီကီတင် ကလည်း မြန်မာနိုင်ငံကို မထွက်ခွာမီမှာ ဘန်ကောက်က ဥတာပါအို လေတပ်စခန်းမှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့ခရီးစဉ်ဟာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဖို့ သက်သက်သာ ဖြစ်တယ်လို့ အခုလို ပြောသွားပါတယ်။

“မြန်မာအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို ကျနော်တို့ရတဲ့အခါ ကျနော်တို့အဓိက ဦးတည်တာက မြန်မာပြည်သူတွေအတွက် အကူညီပေးဖို့ပါ၊ လေယာဉ်ပျံတွေ၊ ရဟတ်ယာဉ်တွေနဲ့ သွားမယ့် တပ်ဖွဲ့ဝင်တွေဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေပါ၊ သိပ်ကိုကျွမ်းကျင်တဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေ၊ နောက်ဆုံးပေါ် ဆေးရုံးသုံး ကိရိယာပစ္စည်းတွေလည်း ပါပါတယ်၊ ခွင့်ပြုချက်ရတာနဲ့ ပို့မှာပါ၊ အမေရိကန်ရေတပ်က ရေတပ်သင်္ဘော ၃ စင်းဟာ မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းကို ချဉ်းကပ်ရွေ့နေပါတယ်၊ သူတို့ဟာ နိုင်ငံတကာ ရေပိုင်နက်ထဲမှာပဲ ရှိနေပါတယ်၊”

ဒါကတော့ မြန်မာနိုင်ငံကို ကယ်ဆယ်ရေး ပစ္စည်းတွေ သွားမပို့ခင်တုန်းက ဥတာပါအို ထိုင်းလေတပ်စခန်းမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတုန်းက ပြောကြားသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG