သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကြက်ခြေနီ၏ ပထမဆုံး လေယာဉ် အကူအညီ ရောက်ရှိ


မြန်မာနိုင်ငံက လေဘေး ဒုက္ခသည်တွေကို ကူညီဖို့အတွက် ဆန်နဲ့ သောက်ရေတွေ တင်ဆောင် လာတဲ့ သင်္ဘောတစီး တနင်္ဂနွေနေ့က ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ နားမှာ နစ်မြုပ် သွားခဲ့ ပါတယ်၊ ဒီသင်္ဘောပေါ်မှာ လူပေါင်း ၁၀၀၀ လောက်အတွက် အထောက်အပံ့တွေ တင်ဆောင် လာတာဖြစ်ပြီး ဒါဟာ လေမုန်တိုင်းပြင်းပြင်ထန်ထန်တိုက်သွားတဲ့ ဒေသ တွေကို ကမ္ဘာ့ ကြက်ခြေနီ အဖွဲကြီး ICRCက ပထမဆုံး အထောက်အပံ့တွေ ပေးပို့တဲ့ သင်္ဘောလည်းဖြစ်ပြီး ဆန်အိတ် ၁၀၀ ၊ သောက်သုံးရေ ဂါလံ ၁၃၀၀ ၊ ရေသန့်စင်တဲ့ ဆေးအလုံးပေါင်း တသောင်း ၊ အဝတ်အစား သေတ္တာ အလုံး၃၀ နဲ့ တခြား ပစ္စည်းတွေလည်း ပါရှိပါတယ်၊ ဒီသဘောၤပေါ်မှာ ပါသွားတဲ့ ကယ်ဆယ်ရေး အလုပ်သမား(၄)ဦးစလုံးတော့ ထိခိုက် မှုတွေ မရှိဘူးလို့ဆိုပါတယ်၊

ICRC အဖွဲ့ကြီးက ပေးပို့တဲ့ အကူအညီပေးရေး အသုံးအဆောင်ပစ္စည်း ကရိယာတွေ ၃၅တန် တင်ဆောင်ထားတဲ့ ပထမ ဆုံး လေယာဉ်ဟာ တနင်္ဂနွေနေ့ စောစောပိုင်းကပဲ မြန်မာနိုင်ငံကို ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်၊ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Liza Schleinက ဂျနီဗာမြို့ ICRC ရုံးချုပ်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီအထောက် အပံ့ပစ္စည်းတွေထဲက အများစုဟာ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ထောင်နဲ့ချီ နေတဲ့ အကျဉ်းသားတွေ အတွက်ဖြစ်ပြီး လေဘေး ဒုက္ခသည်တွေကို ကူညီပေးဖို့လဲ ဖြစ်ပါတယ်လို့ ICRC ရဲ့ ပြောရေး ဆိုခွင့်ရှိသူ Marcel Izard က ဗွီအိုအေကို ပြောဆိုပါတယ်။

“ဒါတွေဟာ နာဂစ်ဆိုက်ကလုန်း မုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေး စခန်းတွေက အကျဉ်းသားတွေအတွက် ပထမဆုံး လိုအပ်တဲ့ အထောက်အပံ့ အကူအညီတွေပဲ ဖြစ်ပါတယ်။ လေမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့ ထိန်းသိမ်းရေး စခန်းတွေထဲက သူတွေအတွက် လိုအပ်တဲ့ ဆေးဝါး၊ အစားအစာ၊ သောက်ရေနဲ့ ယာယီ နေထိုင်စရာတွေကို မြန်မာ စစ်အစိုးရက ကျနော်တို့ဆီက တောင်းခံလာတာကြောင့် အခုလို ပေးပို့တာဖြစ်ပါတယ်၊”

ထိန်းသိမ်းရေး စခန်းတွေထဲမှာ လူဦးရေ ဘယ်လောက် ရှိမယ်ဆိုတာတော့ ကျနော်တို့ မသိပါဘူး၊ ဒါပေမဲ့ လေမုန်တိုင်း ဒဏ်ခံလိုက်ရတဲ့ ဒေသ(၄) ခုအတွင်း အကျဉ်းထောင်နဲ့ ရဲဘက် စခန်းတွေမှာ စုစုပေါင်း အကျဉ်းသား ၅ထောင်ကနေ တသောင်းလောက်ထိ ရှိနိုင်တယ်လို့လဲ အီဇတ်က ပြောဆိုခဲ့ပါတယ်။

ICRC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ၁၉၉၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ် စစ်အစိုးရက ပိတ်ပင်လိုက်တဲ့ အချိန်အထိ ပုံမှန်သွားရောက်တာတွေရှိခဲ့ပါတယ်၊

ICRC ကိုယ်စားလှယ်တွေအနေနဲ့ လေမုန်တိုင်ဒဏ်ခံရတဲ့ ဒေသတွေကို အကူအညီ ထောက်ပံ့တွေ ဆက်လက် ပေးသွားဖို့ရှိတယ်လို့လဲ Marcel Izard က ပြောပါတယ်။

“လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး အကျဉ်းထောင်တွေထဲကို သွားရောက်ခွင့် ပိတ်ပင်ခဲ့ပေမဲ့ အကျဉ်း ကျနေသူတွေရဲ့ မိသားစုတွေဆီပို ကျနော်တို့ ကိုယ်စားလှယ်တွေ ပုံမှန်သွားရောက်ပြီး အခြေခံ လိုအပ်ချက်တွေကို ကူညီခဲ့ပါ တယ်၊ မြန်မာနိုင်ငံ အကျဉ်းထောင် အာဏာပိုင်တွေနဲ့လည်း ကျနော်တို့ လေးလေးနက်နက် ဆက်သွယ် လုပ်ဆောင် ခဲ့တာတွေ ရှိတာကြောင့် သူတို့ ကျနော်တို့ကို ကောင်းကောင်း သိကြပါတယ်။ ICRCဟာ ကမ္ဘာ့အနှံ့က ထိန်းသိမ်း ဖမ်းဆီး ခံထားရသူတွေကို ကူညီနေတဲ့ အဖွဲ့ကြီးဖြစ်တာကို သိနေတာကြောင့် လေမုန်တိုင်းဒဏ် ခံလိုက်ရတဲ့အခါ အကူအညီတောင်းဖို့ ကျနော်တို့ကို ဆက်သွယ်ပြီး အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေး စခန်းတွေအတွက် အကူ အညီတွေ တောင်းခံခဲ့တာပါ၊

အကျဉ်းထောင်ကတော့ လေမုန်တိုင်း ဒဏ်ကြောင့် တော်တော် ထိခိုက်သွားပါတယ်၊ အမိုးတွေ အကုန် ပျက်စီးသွားပြီး မိလ္လာပိုက်တွေလည်း ပျက်စီး ကုန်ပါတယ်၊ ICRC အနေနဲ့ အကျဉ်းသားတွေအတွက် လိုအပ်တဲ့ သောက်ရေသန့်၊ အစားအစာ၊ ယာယီ နေထိုင်စရာတွေကို စီစဉ်ပေးမှာ ဖြစ်ပါတယ်လို့လဲ Marcel Izard က ပြောပါတယ်၊

လေယာဉ်နဲ့ သယ်ဆောင်လာတဲ့ အကူအညီပေး ပစ္စည်းတွေဟာ တခြား သာမန် လေဘေး ဒုက္ခသည် တွေကို ဝေငှဖို့လည်း ပါရှိပါတယ်လို့လဲ ပြောပါတယ်၊ ဒီပစ္စည်းတွေထဲမှာ လူ တသောင်းလောက် အတွက် ရေသန့် ပြုလုပ်ပေးနိုင်တဲ့ ပစ္စည်းတွေ၊ စိတ်အနာတရ ဖြစ်သွားတဲ့သူ ပေါင်း ၂၅၀လောက် အတွက် ဆေးဝါးတွေနဲ့ သေဆုံးသွားတဲ့ အလောင်းတွေကို ထည့်ပြီး မြေမြုပ်နိုင်မဲ့ အိတ် အလုံးရေ (၂၃၀၀)လောက်ပါရှိပြီး ဒါတွေဟာ လုံလောက်မှုတော့ မရှိနိုင်ပါဘူး၊ ဒါပေမဲ့ အခု အစပဲ ရှိပါသေး တယ်လို့လဲ အီဇတ်က ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG