သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၂၈၄၅၈အထိ တိုးလာနေ


နာဂစ် ဆိုင်ကလုံး မုန်တိုင်းကျလို့ မြန်မာပြည်မှာ သေဆုံးသူ (၂၈၄၅၈)ယောက်ရှိသွားပြီလို့ ကြေညာချိန်မှာပဲ အသက်မသေရှင်ကျန်သူများအတွက် ICRCနိုင်ငံတကာ ကြက်ခြေနီအသင်းရဲ့ ဆေးဝါးနဲ့ ရိက္ခာများ တင်ဆောင်လာတဲ့ သင်္ဘောတစ်စင်း နှစ်မြုပ်သွားပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ တနင်္ဂနွေနေ့က မြစ်တွင်း မြုပ်နေတဲ့ သစ်ပင်ကို တိုက်မိပြီး သဘောၤနစ်ပုံရကြောင်း တာဝန်ခံများက ခန့်မှန်းကြကာ လိုက်ပါသွားကြတဲ့ ကယ်ဆယ်ရေး ဝန်ထမ်း လေးယောင်စလုံး လွတ်မြောက်ခဲ့ကြောင်းလဲ ပြောဆိုပါတယ်။

အစားအစာ၊ ဆေးဝါးနဲ့ သောက်ရေသန့်များ အပူတပြင်းလိုအပ်နေတဲ့ လေဘေးဒုက္ခသည်များအား ဝေငှရေး အခက်အခဲများ ဖြစ်သွားစေပါတယ်။ လေပြင်းဆိုင်ကလုံး မုန်တိုင်းကျပြီး သတင်း တစ်ပတ်ကျော်လာတဲ့အချိန်အထိ လူ (၃၇၀၀၀)ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အစိုးရ ရုပ်မြင်သံကြားအသံလွှင့်က ကြေညာပါတယ်။ လေဘေး ဒုက္ခသည်တွေ ရေသန့်နဲ့ ဆေးဝါး အချိန်မှီမရရင် လူတစ်သောင်းခွဲလောက်ထိ သေဆုံးသွားနိုင်ကြောင်း ဗြိတိန်နိုင်ငံက အောက်ဆန်ကယ်ဆယ်ရေး အဖွဲ့က သတိပေး ကြေညာထားပါတယ်။ ရေသန့်လုပ်စက်နဲ့ လူတစ်သောင်းအတွက် ဆေးဝါးများ တင်ဆောင်လာတဲ့ ICRC ကြက်ခြေနီ ကုန်တင် လေယာဉ်တစ်စင်းလည်း တနင်္ဂနွေနေ့မှာပဲ ဆိုက်ရောက်သွားပါတယ်။ သူတို့ရဲ့ ထောက်ပံ့ပစ္စည်းအများစုက မုန်တိုင်းကျတဲ့ ဒေသခံမှာရှိတဲ့ အကျဉ်းထောင်များက အကျဉ်းသားများကို ဝေငှဖို့ ဖြစ်ကြောင်းလည်း ICRCက ဆိုပါတယ်။ လေမုန်တိုင်းဒဏ်ကြောင့် ရွာလုံးကျွတ်ပျောက်သွားပြီး ငါးဖမ်း စက်လှေများ နှစ်မြုပ်၊ အဆက်အသွယ်များ ပြက်တောက်ကာ အကြီးအကျယ် သေကြေ ပျက်ဆီးနေပေမယ့် နိုင်ငံခြားသားများအား မယုံသင်ကာ ဖြစ်နေတဲ့ စစ်ခေါင်းဆောင်များကြောင့် နိုင်ငံတကာ ကယ်ဆယ်ထောက်ပံ့ရေး ကူညီမှု အခက်အခဲ ကြုံနေရပါတယ်။ စစ်အစိုးရက နိုင်ငံခြား ပါရဂူထဲက အနည်းငယ်လောက်ကိုသာ ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးပြီး အထောက်အပံ့ ပစ္စည်းများကို စစ်သားတွေ ဝေငှနိုင်တယ်လို့ ဆိုပါတယ်။ အလှူရှင်တွေကတော့ လေဘေးအတွက် ပစ္စည်းတွေ စစ်တပ်က သူတို့ရဲ့ အကျိုးအတွက် ယူဆောင်သွားမှာ စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG