သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေး နှောင့်နှေးလို့ လေဘေးဒုက္ခသည်တွေ ရောဂါကပ်ဆိုး ထပ်ကြုံရနိုင်


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ ရက်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အကူအညီ အပြည့်အစုံ မရတာကြောင့် ဒုက္ခသည်တွေဟာ ငတ်မွတ်မှုနဲ့ ရောဂါ အန္တရာယ်တွေကို ရင်ဆိုင်ရပြီး အသက်ဆုံးရှုံးရမယ့် အခြေအနေကို ရောက်နေတဲ့အကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ ဥရောပရုံး ဂျနီဗာဌာနချုပ်ရုံးကနေ လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အခုလို နာဂစ်မုန်တိုင်း ကြုံလာရနိုင်တဲ့ အခြေအနေ လူတွေကို ကယ်ဆယ်ရေး အတွက် နှောင့်နှေး ကြန့်ကြာနေတာကြောင့် ကုလသမဂ္ဂ အနေနဲ့ အချိန်မှီ မလုပ်နိုင်တဲ့ အပေါ်မှာ ကုလသမဂ္ဂ အရာရှိတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။

ကုလသမဂ္ဂ အရာရှိတွေ ပြောတာက သူတို့မှာ ကယ်ဆယ်ရေး ပစ္စည်းတွေ အပြည့်အစုံ ရှိတယ်။ ဘေးအန္တရာယ် ကယ်ဆယ်ရေး ကျွမ်းကျင်တဲ့သူတွေ ရှိတယ်။ ဒီဝန်ထမ်းတွေက မြန်မာနိုင်ငံထဲကို အကူအညီတွေ အမြန်ဆုံးနဲ့ ထိရောက်အောင် ပို့ပေးနိုင်သူတွေပါလို့ ပြောပါတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရဘက်က သူတို့ကို ဒီလို ကူညီပေးနိုင်ဖို့ ခွင့်မပြုဘူး လှုပ်ရှားခွင့် မပေးတဲ့ အတွက် သူတို့မှာ အခက်အခဲတွေ တွေ့နေရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ဌာန စည်းရုံး ဆက်သွယ်ရေးမှူး အဲလိဇဘက် ဘတ်စ် (Elizabeth Byrs) က မြန်မာနိုင်ငံ အတွင်းမှာ အနည်းဆုံး တစ်သန်းခွဲ ဘေးဒုက္ခအန္တရယ်ကြောင့် ထိခိုက်နစ်နာ ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အန္တရာယ် ကျရောက်နေသူတွေရဲ့ သုံးပုံတစ်ပုံကိုတောင် အကူအညီ မပေးနိုင်ဘူးလို့ ပြောပါတယ်။

“ကျရောက်ခဲ့တဲ့ ဘေးအန္တရယ်ရဲ့ အတိုင်းအတာ ပမာဏ သိပ်ကိုကြီးပါတယ်။ ဒါကြောင့်လည်း ဒုတိယ ဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ အမြန်ဆုံး ကူညီ ဖြေရှင်းဖို့ လိုပါတယ်။ တခုတည်းသော ပြသနာကတော့ နှောင့်နှေး ကြန့်ကြာနေမှုတွေပါ။ နိုင်ငံထဲကို အကူအညီတွေ ပို့ပေးနိုင်ရေး အာဏာပိုင်တွေဘက်က နှောင့်နှေးနေတာပါပဲ၊ အကူအညီတွေက ဒီထက်ပိုပြီး ပို့ပေးဖို့လည်း လိုအပ်နေပါတယ်။”

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရတဲ့ သူတွေအတွက် လေယာဉ်ပျံ အစင်း ၃၀ လောက်နဲ့ တိုက်လို့ရတဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။

ဒါပေမယ့် ကန့်သတ်တင်းကြပ်မှုတွေ အဓိက ရှိနေတဲ့နေရာက လေယဉ်ကွင်း ဖြစ်ပြီး လေယာဉ်ကွင်းကို ပို့ပေးပေမယ့် အကူအညီ လိုအပ်တဲ့ သူတွေဆီ မြန်မြန်ဆန်ဆန် မပို့နိုင်ဘူးလို့ ပြောပါတယ်။

နောက်ထပ် ပြဿနာတစ်ခုလည်း ရှိနေပါတယ်။ စစ်အစိုးရက နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေကို တိုင်းပြည်ထဲကို ဝင်ခွင့်မပေးတဲ့ ပြသနာပါ။ အဲလိဇဘက် ဘတ်စ် ပြောချက်အရ မြန်မာနိုင်ငံထဲကို ပြည်ဝင်ခွင့် ဗီဇာရဖို့အတွက် ဝန်ထမ်း ၃၄ ယောက် ရလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် ဘယ်အချိန်ကြမှ ရမယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးပါဘူး။

ကုလသမဂ္ဂက ခန့်မှန်းထားတာက မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ်ခံရပြီး ဒုက္ခရောက်တဲ့ သူတွေကြားမှာ ၁၀ % လောက်ပဲ သောက်ရေသန့်နဲ့ အစားအစာ အကူအညီတွေ ရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ရောဂါအန္တရာယ် ပျံ့ပွားမှုတွေ ရှိလာမှာကို သတိပေးနေပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဖယ်ဒီလာ ချိတ်ဘ် (Fadela Chaib) ကတော့ သူတို့ အေဂျင်စီအနေနဲ့ မြန်မာနိုင်ငံအတွင်းက ဒုက္ခသည် ၈၀,၀၀၀ လောက်ကို ၃ လ စောင့်ရှောက်နိုင်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ပို့ပေးထားပြီးပြီလို့ ပြောပါတယ်။

“အခု အရေးပေါ် ကူညီရေး အထောက်အပံ့ ပစ္စည်းတွေနဲ့တော့ မလုံလောက် ဘူးလို့ ကျမတို့ ထင်ပါတယ်။ ကလေးငယ်တွေကို သေစေနိုင်တဲ့ ရောဂါဘေးဆိုးတွေ ထပ်မကြုံရအောင် အနည်းဆုံးတော့ ကျမတို့ ရှောင်နိုင်မှာပါ။ ဥပမာအားဖြင့် ဝမ်း ရောဂါလို၊ ဝမ်းပျက်ဝမ်းလျော ရောဂါမျိုးတွေကို ရှောင်ရှားနိုင်မှာပါ။ အခု ဝမ်းပျက်ဝမ်း လျောနဲ့ ဝမ်းကိုက်ရောဂါတွေ စဖြစ်ပွားနေတာကို တွေ့နေရပါပြီ၊ ဒါပေမယ့် ဒီအချိန်အထိ ဒီလို ဝမ်းရောဂါ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေတော့ မတွေ့ရသေးပါဘူး။ ကူးစက်မြန်တဲ့ နမိုးနီးယားလို ရောဂါမျိုးတွေ ဖြစ်နေပြီ ဆိုတာတွေ သတင်းတွေတော့ ထွက်နေပါတယ်။”

ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုတွေက လာမယ့် လပိုင်းတွေ အတွင်း အဓိက စိုးရိမ်ရမယ့် အကြောင်းတွေ ဖြစ်လာမှာကို ကြိုတင်တွက်ထားဖို့ လိုတယ်လို့လည်း ချိတ်ဘ် က ပြောပါတယ်။

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့သူတွေဟာ စိတ်မကောင်းစရာ အခြေအနေမှာ နေနေရပါတယ်။ မိုးလုံတဲ့ ပလတ်စတစ် အပိုင်းအစ တစ်ခုလောက် ရတယ်ဆိုရင်ပဲ ကုသိုလ်ကံကောင်းတဲ့ သူတွေအဖြစ် သတ်မှတ်ထားရပါတယ်။ လာမယ့်ရက်ပိုင်းတွေမှာ မိုးကလည်း ဒီထက်ပိုပြီး ကောင်းလာဦးမယ်လို့ တွက်ဆထားတော့ မြန်မာပြည်က မုန်တိုင်းဒဏ်ခံရသူတွေရဲ့ ဘဝဟာ ဒီထက်ပိုပြီး ကြမ်းတမ်းလိမ့်ဦးမယ်ဆိုပြီး သတင်းပေးပို့ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG