သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ခွင့်ရဖို့ ဥရောပကောင်စီ တိုက်တွန်းမည်


မြန်မာနိုင်ငံက လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ မြန်မာစစ်အစိုးရဖက်က ပူးပေါင်းဆောင်ရွက်မှုတွေ မရှိတာကြောင့် နှောင့်နှေးမှုတွေ ရှိနေတဲ့အပေါ် ဥရောပ ကော်မရှင် ဝန်ကြီးတွေ ဒီကနေ့ ဆွေးနွေးကြဖို့ ရှိပါတယ်။ ဥရောပ ကော်မရှင်ရဲ့ ဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်နာမင်းကြီး ကိုယ်တိုင်လည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးပြောဆိုဖို့ မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်တွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဘရပ်ဆဲလ်နိုင်ငံမှာ ဒီနေ့ပြုလုပ်ဖို့ရှိတဲ့ ဥရောပ ကော်မရှင် အစည်းအဝေးမှာ မြန်မာနိုင်ငံက လေမုန်တိုင်းဒဏ် ခံခဲ့ရသူတွေအတွက် အကူအညီ အထောက်အပံ့ပေးရေး ကိစ္စတွေ နှောင့်နှေးနေရတာနဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံက ဝန်ကြီးတွေ ဆွေးနွေးကြမှာပါ။ ဆိုင်ကလုန်း လေမုန်တိုင်း တိုက်ခတ်ခဲ့တာ ဆယ်ရက်ကျော် ရှိလာခဲ့ပေမဲ့ အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ ကိစ္စတွေ အခုအချိန်အထိ ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကတိပြုထားတဲ့ ဥရောပ ကော်မရှင်နာမင်းကြီး လူးဝစ် မီရှဲလ် (Louis Michel) က အရေးပေါ် အစည်းအဝေး ခေါ်ယူထားတာပါ။ ဥရောပကော်မရှင် ဝန်ကြီးတွေ ဆွေးနွေးကြမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ ဥရောပကော်မရှင် ဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်နာမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကလန်စီ (John Clancy) က ပြောဆိုရာမှာတော့ -

“နိုင်ငံတကာ အကူအညီပေးရေး အသိုင်းအဝိုင်း တွေ့ကြုံနေရသလိုပဲ ကျနော်တို့ရဲ့ အကူအညီပေးရေး ကျိုးပမ်းမှုတွေမှာ အခက်အခဲတွေ ရှိနေတာမို့၊ ဒါတွေကို ဘယ်လိုအကောင်းဆုံး ညှိနှိုင်းဆောင်ရွက်နိုင်မလဲ ဆွေးနွေးကြမှာပါ။ နောက်ပြီးတော့လည်း ဘဏ္ဍာရေးဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ဝင် ၂၇ နိုင်ငံအနေနဲ့ ငွေကြေး အထောက်အပံ့ အကူအညီပေးရေး ကိစ္စ စတာတွေကို အဓိက အာရုံစိုက် ဆွေးနွေးသွားပါမယ်။”

ဒါ့အပြင် အရေးအကြီးဆုံး ကိစ္စအနေနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုဖို့၊ ဒါမှလည်း သူတို့ရဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အကြောင်း မြန်မာအာဏာပိုင်တွေဆီကို ဥရောပ ကော်မရှင်ဝန်ကြီးတွေက တစုတစည်းတည်း သတင်းစကား ပေးပို့နိုင်ဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဥရောပ ကော်မရှင်အနေနဲ့ လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် အကူအညီပေးရေး လုပ်ငန်းတချို့ စတင်ဆောင်ရွက်နေပေမဲ့လည်း ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။

“အခြေအနေတွေကို ဆန်းစစ်ဖို့ ကျနော်တို့ရဲ့ ကျွမ်းကျင်သူ ၃ ဦးကိုတော့ နိုင်ငံထဲ ဝင်ခွင့် ပေးထားပါတယ်။ ဒါပေမဲ့လည်း အခု အကူအညီတွေ နိုင်ငံထဲကို စပြီးဝင်လာတဲ့အချိန်မှာတော့ အကူအညီ အပူတပြင်း လိုအပ်နေရသူတွေကို အထောက်အပံ့တွေ ပေးနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဝေငှမှုတွေမှာ ကျွမ်းကျင်သူတွေက နောက်ဆက်တွဲအဖြစ် လုပ်ကိုင်သွားနိုင်ခွင့် ရဖို့ ဖြစ်ပါတယ်။”

တကယ်တော့ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရသူ မြန်မာနိုင်ငံသားတွေ ခံစားနေရတာတွေက သက်သာရာရစေဖို့ မြန်မာအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင် သွားလိုကြောင်း ကော်မရှင်နာမင်းကြီး ကိုယ်တိုင် ဒီတပတ်ထဲမှာပဲ ကမ်းလှမ်းခဲ့တာပါ။ ဒီလို ဥရောပနိုင်ငံတွေ အပါအဝင် လေမုန်တိုင်း ဘေးဒဏ်ခံခဲ့ရသူတွေအတွက် နိုင်ငံတကာက အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ ကမ်းလှမ်းမှုတွေ အများအပြား ရှိခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရ ဖက်ကတော့ အကူအညီတွေကို လက်ခံပါမယ်လို့ ပြောဆိုထားပေမဲ့ ကယ်ဆယ်ရေး လုပ်သားတွေ၊ နိုင်ငံတကာက လူသားချင်း စာနာမှု အဖွဲ့အစည်းတွေ အနေနဲ့ ဘယ်အတိုင်းအတာထိ ပါဝင်ဆောင်ရွက်ခွင့်ပေးမယ် ဆိုတာနဲ့ ပတ်သက်လို့တော့ ရေရေရာရာ ပြောဆိုတာမျိုး မရှိပါဘူး။ ဒါဟာလည်း ဥရောပကော်မရှင် ဝန်ကြီးတွေကြား ဆွေးနွေးကြမယ့် ကိစ္စတခု ဖြစ်နေတာပါ။

“ဒါဟာ ကျနော်တို့ ဥရောပသမဂ္ဂနဲ့ ဥရောပ ကော်မရှင်တို့အတွက် စိုးရိမ်စရာကိစ္စပါ။ ဒါကြောင့်လည်း ကော်မရှင်နာမင်းကြီး မီရှဲလ် အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြောပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေဟာ ဘယ်လောက် အရေးကြီးတယ်၊ ဒါဟာလည်း မြန်မာပြည်သူတွေအတွက် သေရေးရှင်ရေး လိုအပ်နေတဲ့ လူသားချင်းစာနာမှု လုပ်ရပ်စစ်စစ် ဖြစ်တယ်ဆိုတာတွေကို ရှင်းပြနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အဲဒီဒေသဖက်ကို ခရီးထွက်ဖို့ရှိပါတယ်။”

ဥရောပကော်မရှင် ဖွံ့ဖြိုးရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်နာမင်းကြီး လူးဝစ် မီရှဲလ် အနေနဲ့ ရှေ့တပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရည်ရွယ်ထားတာဖြစ်ပေမယ့် မြန်မာအာဏာပိုင်တွေဖက်က လက်ခံတွေ့ဆုံမယ် မတွေ့ဆုံဘူးဆိုတာကတော့ မသိရသေးပါဘူး။ ဥရောပသမဂ္ဂ အနေနဲ့ကတော့ ဆိုင်ကလုန်း လေမုန်တိုင်း ဘေးသင့်သူတွေအတွက် ယူရိုငွေ ၅ သန်း ထောက်ပံ့ကူညီသွားဖို့ ကမ်းလှမ်းထားတာပါ။ အခုအစည်းအဝေး အတွင်းမှာလည်း ဒီကမ်းလှမ်းထားတဲ့ ပမာဏအပြင် နောက်ထပ် ထပ်မံပေးဖို့ လိုမလို ဆွေးနွေးကြဖို့လည်း ရှိသေးတယ ်လို့ ဥရောပကော်မရှင် ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကော်မရှင်နာမင်းကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကလန်စီ က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG