သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေး ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်း တချို့ လမ်းဘေးဈေးရောက်


မုန်တိုင်းကယ်ဆယ်ရေးအတွက် နိုင်ငံတကာ အထောက်အပံ့ပစ္စည်းတချို့ကို ရန်ကုန်မြို့ပေါ်က ဈေးတွေမှာ ချရောင်းနေတာတွေ တွေ့နေရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့ နေရာဒေသတွေက ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ မရောက်တဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုနေချိန်မှာ အခုလို လေဘေးကယ်ဆယ်ရေး ပစ္စည်းတွေ ရန်ကုန်မြို့က ဈေးတွေထဲမှာ ချရောင်းတဲ့ သတင်းတွေ ထွက်လာတာပါ။ အသေးစိတ်ကို ဦးသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

အဲန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မင်္ဂလာဈေးမှာ ဒုက္ခသည်တွေကို ပေးဖို့၊ မုန်တိုင်းဒဏ်ခံရတဲ့သူတွေအတွက် အလှူပေးဖို့ ဈေးသွားဝယ်ရင်းနဲ့ ဂျပန်နိုင်ငံမှ လှူဒါန်းသည်ဆိုတဲ့ အထောက်အထားနဲ့ ဂျပန်နိုင်ငံက လူဒါန်းတဲ့ စာအထောက်အထားပါတဲ့ အိပ်တစ်အိပ်ကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ မင်္ဂလာဈေးမှာ အလှူအတန်း ဒီ လေဘေး အကူအညီတွေ ပေးဖို့ ပစ္စည်းတွေ သွားဝယ် ပါတယ်။ ပစ္စည်းသွားဝယ်တော့ ကျနော်တို့ကို မွေရေခွံအိပ် အနီကြီးနဲ့ ထည့်ပြီး ပစ္စည်းပေးပါတယ်။ ရုံးရောက်တော့ အဲဒီ မွေရေခွံအိပ် အနီကြီးမှာ ဂျပန်နိုင်ငံအလံနဲ့ WFP က လှူဒါန်းသည်ဆိုတဲ့ စာပါပါတယ်။”

ရန်ကုန်မြို့ခံတစ်ယောက်ကတော့ လေဘေးကယ်ဆယ်ရေး အာဟာရ ခေါက်ဆွဲခြောက် ထုတ်တွေနဲ့ မိုးကာအင်္ကျီတွေ ဈေးထဲမှာ တွေ့ရတဲ့အကြောင်း ပြောပါတယ်။

“ကြည့်မြင်တိုင် ညဈေးမှာ အချို့ စက်ရုံက အလုပ်သမားတွေက ဝယ်လာကြတယ်။ အာဟာရ ခေါက်ဆွဲခြောက်ထုတ်တွေ ပြီးတော့ မိုးကာအင်္ကျီတွေ ခြင်ထောင်တွေပေါ့။ သူတို့က အထုတ်လိုက် ရောင်းတာမဟုတ်ဘူး။ ခေါက်ဆွဲခြောက်ထုတ်တွေက ဆူပါမတ်ကတ်တွေမှာ ရောက်နေပြီ။ တစ်ထုတ်ကို ခြောက်ရာ။ အာဟာရ ခေါက်ဆွဲခြောက်ထုတ် ဆိုတာ အခုမှ ပေါ်လာခဲ့တာ၊ အစက ရှိမှ မရှိတာ။”

မုန်တိုင်းဒဏ် အပြင်းအထန်ခံရတဲ့ နေရာဒေသတွေက ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီတွေ မရောက်တဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုနေချိန်မှာ ဒီလို သတင်းထွက်လာခဲ့တာပါ။ နောက်ထပ် ရန်ကုန်မြို့ခံတစ်ယောက်ကတော့ ဘားလမ်းဘက်မှာလည်း လေဘေးကယ်ဆယ်ရေး ခြင်ထောင်တွေ သူတွေ့ခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ မနက်က ဘားလမ်းဘက်ရောက်တော့ ကျနော်တို့က မမြင်ဘူးတော့ မေးတော့ သိတာပါ။ သူတို့က အဲသလို မေးရင် မဟုတ်သလို ကောက်သိမ်းသွားတယ်။ အဲလို ပုံစံမျိုး ကျနော်တို့ တွေ့နေရတယ်။ ကျနော်တို့ ခြင်ထောင်တွေ တွေ့လိုက်တယ်။ ဘားလမ်းဘက်မှာပါ။”

ဒီလို ရန်ကုန်မြို့ခံတွေအကြား ပြောဆိုနေကြချိန်မှာ နိုင်ငံတကာ အကူအညီတွေ ဒုက္ခသည်တွေရဲ့ လက်ထဲကို ရောက်ရဲ့လားဆိုပြီး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံရတဲ့ ဧရာဝတီတိုင်း ဗိုလ်ကလေးမြို့မှာ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ သူတစ်ယောက်ကို မေးကြည့်တော့ -

“နိုင်ငံခြားပစ္စည်း ဘာမှ မတွေ့ရသေးပါဘူး။ ဆန်တို့ အာလူးတို့ ပြည်တွင်းဖြစ် ပစ္စည်းတွေပဲ တွေ့ရတယ်။ ဒေသခံတွေက ကျနော်တို့ ဘုန်းကြီးကျောင်းကို တိုက်ရိုက် လာလှူတာတွေလည်း ရှိတယ်။ မြို့နယ်ကနေ ခွဲတန်းချပေးတဲ့ ပစ္စည်းတွေလည်း ရှိတယ်။”

ဒါကတော့ ဗိုလ်ကလေးမြို့မှာ ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ သူတစ်ယောက် ပြောသွားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG