သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအတွက် အကူအညီတွေ ဆက်ပေးမယ်လို့ အမေရိကန် နိုင်ငံခြား အထောက်အကူ ပေးရေး အကြီးအကဲကပြော


တရုတ်နိုင်ငံမှာ ငလျင်ဒဏ်ခံရသူတွေအတွက် တရုတ်အစိုးရဲ့ဆောင်ရွက်မှုဟာ ထိရောက်လျှင်မြန်ပြီး ပွင့်ပွင့်လင်းလင်း ရှိသလောက် မြန်မာနိုင်ငံမှာတော့ လေဘေး ဒဏ်ခံရသူတွေအတွက် မြန်မာ စစ်အစိုးရက ဆောင်ရွက်ပုံတွေ သိပ်ကို နှေးကွေးပြီး ထိထိရောက်ရောက် လုပ်နိုင်စွမ်း မရှိဘူးလို့ မြန်မာနိုင်ငံ လေဘေး ဒဏ်ခံရသူတွကို အရေးပေါ် အကူညီတွေ ပေးနေတဲ့ US AID အဖွဲ့ အကြီးအကဲ က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်၊ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

အခု နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို အမေရိကန်နိုင်ငံက အရေးပေါ် အကူအညီတွေ ကိုယ်တိုင် သွားရောက်ပေးခဲ့တဲ့ US AID လို့ ခေါ်တဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် အဖွဲ့ အကြီးအကဲဖြစ်တဲ့ အမေရိကန် နိုင်ငံခြား အထောက်အကူ ပေးရေးဌါနက မစ္စဟင်နရီဒါဖိုးနဲ့ အဖွဲ့ဟာ ဝါရှင်တန်ဒီစီမှာ ဗုဒ္ဓဟူးနေ့ နေ့လည်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာပါ၊ မစ္စဖိုးဟာ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ကီတင်၊ အာဆီယံ အဖွဲ့ရဲ့ အမေရိကန် နိုင်ငံဆိုင်ရာ သံအမတ် စကော့မာဆီယမ်နဲ့ ဒလ်လို့ခေါ်တဲ့ အရေးပေါ် ဘေးဒုက္ခ အကဲဖြတ်ရေး အဖွဲ့အကြီးအကဲ ဘယ်လ်ပါကာတိုက လိုက်ပါပြီး အမေရိကန် နိုင်ငံက ပေးတဲ့ ကူညီ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့အတူ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြတာပါ၊ အဲဒီ တင်္နလာနေ့ကစပြီး အခုထိ မြန်မာ နိုင်ငံသား တစ်သိန်းကျော် အတွက် အထောက်ပံ့ပစ္စည်း လေယာဉ်(၈)စင်းစာပေးပို့ခဲ့ပေမယ့် မြန်မာ လူထုအနေနဲ့အစစအရာရာမှာ လိုအပ်နေတာမို့ နိုင်ငံတကာက ကယ်ဆယ်ရေးပစ္စည်းတွေ၊ နောက် ကူညီမယ့် ကျွမ်းကျင်သူတွေကို လက်ခဲဖို့ မြန်မာ အာဏာပိုင်တွေကို ဆက်ပြီး တိုက်တွန်းပါတယ်လို့ မစ္စဖိုးက ပြောပါတယ်၊ ဒါ့အပြင် မြန်မာ အာဏာပိုင်တွေအနေနဲ့ လက်ရှိဖြစ်ပေါ်တဲ့အခြေနေတွေကို နားလည်ဖို့ တတယ်လိုကို အပ်ပါတယ်လို့လည်း ပြောကြားလိုက်တဲ့အပြင် နောက်ထပ် စိုးရိမ်စရာ ဖြစ်တဲ့ အခြေနေတွေကိုလည်း အခုလိုထောက်ပြပါတယ်၊

မိုးလေဝသ ခန်းမှန်းချက်တွေအရ မုန်တိုင်း ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်း ရပ်ဝှမ်းတရပ်ဟာ မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတာမို့ ကျမတို့ရဲ့ စိုးရိမ် ပူပန်မှုတွေ တိုးလာနေပါတယ်၊ အခုလာမယ့် သုံးရက်ကနေ တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှာမို့ အခြေနေတွေလည်း ပိုပြီးဆိုးရွား လာနိုင် ပါတယ်လို့ မစ္စဖိုးက ပြောသွားတာပါ၊ မြန်မာ့ လေဘေးဒုက္ခသည်တွေ အတွက် ထောက်ပံ့ ကူညီရေး ပစ္စည်းတွေ တကယ်တမ်း လိုအပ်နေသူတွေဆီကို မရောက်ပဲ ဈေးဆိုင်တွေမှာတင် တင်ပြီးရောင်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခု အမေရိကန်နိုင်ငံကပေးအပ်တဲ့အကူညီတွေ ထိရောက်မှုရှိမရှိမေးကြတဲ့အခါမှာတော့ ---

ကျမတို့အတွင်း ဒီသတင်းတွေ မှန်၊ မမှန် သတိထားပြီးစောင့်ကြည့်နေပါတယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ဒီသတင်းတွေ ခိုင်လုံမှု ရှိ၊ မရှိ စုံစမ်းနေတယ်လို့ပြောသွားတာပါ၊ တချိန် တည်းမှာပဲ သူတို့အဖွဲ့ဟာ လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေအတွက်ပဲ ပြတ်ပြတ်သားသား ဦးတည်ပြီး ကူညီဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်၊ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက အလှူငွေ ဒေါ်လာဆယ့်ခြောက်သန်းခွဲကို ကမ္ဘာ့ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံထဲမှာလှုပ်ရှားနေတဲ့ Save the children လိုကြက်ခြေနီအဖွဲ့နဲ့ Care အဖွဲ့တွေလို အစိုးရမဟုတ်တဲ့ အန်ဂျီအိုတွေကနေ တဆင့်ပေးဖို့ လုပ်ဆောင် နေပါတယ်လို့လည်း ပြောကြား ခဲ့ပါတယ်၊ အမေရိကန် ကယ်ဆယ်ရေး အဖွဲ့ဟာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိမ်း၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနဲ့ လူမှုဖုံလှုံရေးနဲ့နေရာချထားရေးက ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်မြင့်နဲ့ တွေ့ဆုံ ခဲ့ပါတယ်၊ ပစိဖိတ်ဒေသဆိုင်ရာ ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးကီတင်က မြန်မာ လူထုအပေါ် ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာကို ချပြခဲ့သလို ဒလ်အဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပေးနိုင်တဲ့အကူညီတွေ၊ ကျွမ်းကျင်သူတွေ၊ လုပ်ဆောင်ပေးနိုင်တဲ့အချက်တွေကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်၊ မြန်မာအာဏာပိုင်တွေဘက်က အခုလေဘေးဒဏ်ခံရတဲ့ မြစ်ဝကျွန်းပေါ် ဒေသကို သွားရောက်ဖို့ခက်ခဲတဲ့အနေထားတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေကို ပေးပို့နေတဲ့ အခြေနေတွေကို ရှင်းပြပြီး အကူညီလိုအပ်တဲ့နေရာတွေအတွက် အကူညီပေးဖို့တောင်းခံခဲ့တဲ့အပြင် အလွယ်တကူဝေငှနိုင်တဲ့ သောက်ရေသန့်ကိုဦးစားပေးတောင်းဆိုခဲ့ပြီး အစာရေစာအတွက် ဒုတိယ ဦးစားပေးတောင်းဆိုခဲ့တယ်လို့လည်း မစ္စဖိုးကပြောပါတယ်၊ မြန်မာအာဏာပိုင်တွေဘက်က အခု အမေရိကန်ပြည်ထောင်စုကပေးအပ်တဲ့ပစ္စည်းတွေကို ရဟတ်ယာဉ်လေးငါးခြောက်စင်းနဲ့ ကူညီ သယ်ပို့နေတာတွေ့ရတာမို့ နိုင်ငံရပ်ခြားက ဒီလိုအကူညီမျိုးတွေ တကယ်လိုအပ်နေတာတွေ့ရတယ်လို့လည်းဆိုပါတယ်၊

ဗိုလ်ချုပ်ကြီးကီတင်နဲ့ ကျမတို့ကို အာဏာပိုင်တွေကနေ သောက်ရေသန့်တွေ သုံးနိုင်တာ ပြောတာ ကြောင့် ကျမတို့ရဲ့ ယူအက်စ် အက်ဆက်လို့ခေါ်တဲ့ ရေတပ်သင်္ဘောနဲ့အတူ အမေရိကန်ရေတပ်ရဲ့ အကူညီတွေကို သုံးနိုင်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောသွားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေနယ် နမိတ်နားမှာ ရှိနေတဲ့ ဒီရေတပ်သင်္ဘောမှာ ကမ်းတက်ရေယာဉ်တွေအပြင် လူနာခြောက်ရာကို ကုသနိုင်ပြီး ခွဲစိတ်ခန်း ခြောက်ခန်းပါ ပါတာမို့ ဆေးဝါးကုသရေးအတွက်ပါ တကယ့်ကို အကူညီပေးနိုင်တဲ့ သင်္ဘောကြီးဖြစ်ပါတယ်၊ ဒီအကူညီနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေဆဲပဲလို့ ပြောပါတယ်၊ ဒါ့အပြင် မြန်မာနိုင်ငံက လေဘေးဒဏ်ခံရသူတွေအတွက် အကူညီပေးမယ့် စီးပွားရေး လုပ်ငန်းရှင်တွေ အများကြီးရှိတယ်လို့လည်း ပြောပါတယ်၊

ကူညီချင်တဲ့ ကုမ္ပဏီ အများကြီး ရှိနေပါတယ်၊ နိုင်ငံတကာကပါဘဲ၊ ဒါပေမယ့် ဘယ်အတိုင်းတာထိ ဘယ်လို ကူညီရမယ်ဆိုတာ အခု ဘန်ကောက်မှာ ရောက်နေတဲ့ ဒလ်အဖွဲ့လိုမျိုးကနေ ဘယ် နေရာတွေ မှာ ဘာတွေလုပ်ဖို့ရှိတယ်ဆိုတာကို ဝင်ပြီးမကြည့်နိုင်တော့ ဘာအကူညီတွေ ပေးပါလို့ တိတိကျကျ ပြောမပေးနိုင်ဘူးလို့ပြောသွားတာပါ၊ ဒါပေမယ့် လူမှုရေးနဲ့ အစိုးရမဟုတ်တဲ့ အန်ဂျီအို တွေကတော့ ဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်လို့ပြောသွားပါတယ်၊ အခု မြန်မာနိုင်ငံက မုန်တိုင်းဒဏ်ခံရသူတွေအတွက် ရှစ်ရက်ခြားပြီး ငလျင်းဒဏ်ခံခဲ့ရတဲ့ တရုတ် နိုင်ငံအစိုးရရဲ့ လုပ်ဆောင်မှုတွေဟာ တခြားစီပါဘဲလို့လည်းထောက်ပြခဲ့ပါတယ်၊

တရုတ် အာဏာပိုင်တွေဟာ ငလျင်ဒဏ် ခံရသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် နိုင်နိုင်နင်းနင်း လုပ်ဆောင်ကြတဲ့အပြင် ပွင့်လင်းမှုလည်း သိပ်ကိုရိပါတယ်၊ တုန့်ပြန်မှုဟာြုမန်ဆန်ပြီး ချင့်ချင့်ချိချိန် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်တာတွေ့ရပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမျာတော့ ကယ်ဆယ်ရေးအတွက်ထိထိရောက်ရောက်လပ်ကိုင်နိုင်စွမ်းတွေမရှိတဲ့အပြင် အစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေရဲ့မမြင်ကိုပြောရရင် အကူညီတွေသိပ်ကိုလိုအပ်နေပြီး တကယ်ကိုလိအပ်နေတဲ့ ဒုက္ခသည်တွေလက်ထဲ အကူအညီ ပစ္စည်းတွေ ရောက်ဖို့ရာ လိုနေပါသေး တယ်လို့ ပြောသွားတာပါ၊ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းလေဘေးဒဏ်ခံရသူပေါင်းဟာ တစ်သန်းက နေ နှစ်သန်းထိရှိနိုင်ပြီး အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေနဲ့အစားစာတွေလည်း တကယ်ကို လိုအပ် နေတာမို့ အဲဒီလိုအပ်ချက်တွေအတွက်သာ အဓိထားပြီးဆောင်ရွက်နေတယ်လို့ အမေရိကန် ကူညီရေး အဖွဲ့ အကြီးအကဲ မစ္စဖိုးက ပြောကြားသွားပါတယ်ရှင်၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG