သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်တဲ့အတွက် တရားမဝင်ကြောင်း အန်န်အယ်လ်ဒီပြော


မေလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့
ဆန္ဒခံယူပွဲမှာ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့
၄၇ မြို့နယ် မပါသေးဘဲနဲ့ မဲပေးသူအများစု
က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တခဲနက်ထောက်ခံခဲ့ကြတယ်လို့ ဆန္ဒခံယူ
ပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်
တိုးက မနေ့က ကြေညာခဲ့ပါတယ်။ ၁၉၉၀
ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်
အယ်လ်ဒီ) ဘက်ကတော့ ပြည်သူ့ဆန္ဒ အစစ်အမှန်မဟုတ်လို့ တရားမဝင်ဘူးလို့
တုံ့ပြန်ပါတယ်။ အကြောင်းစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ပြည်သူတွေအနေနဲ့
ဝိုင်းပြီး ထောက်ခံ အတည်ပြုပေးစေချင်တာကတော့ သိသာ ထင်ရှားလွန်းလှပါတယ်။
အစိုးရပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာလည်း တချိန်လုံးလိုလိုပဲ ဥပဒေ
မူကြမ်းကို အတည်ပြုရေး၊ ထောက်ခံကြရေး လှုံ့ဆော်မှုတွေ ရှိနေပါတယ်။

မေလ ၁၀ ရက် ဆန္ဒခံယူပွဲမတိုင်ခင် ကာလကတည်းက ကြိုတင်မဲတွေ ထည့်တဲ့အခါ ထောက်ခံမဲဖြစ်ရေး အာဏာပိုင်တွေရဲ့ အကျပ်ကိုင် ကြိုးပမ်းမှုတွေ၊ မဲလိမ်မှုသတင်း
တွေက နိုင်ငံရဲ့ နေရာအနှံ့အပြားက ထွက်ပေါ်လာနေတာပါ။ မေလ ၁၀ ရက်နေ့ ဆန္ဒ ခံယူပွဲနေ့တုန်းကလည်း မဲလိမ်မှုတွေ၊ ခြိမ်းခြောက်ထောက်ခံမဲတွေ ရရှိခဲ့တဲ့အကြောင်း
ကို မကျေမနပ်ဖြစ်နေတဲ့ ပြည်သူတွေရဲ့ ပြောပြချက်အရ ဗွီအိုအေက သိရှိခဲ့ရပါတယ်။
အခုတော့ မုန်တိုင်းထိခဲ့တဲ့ ၄၇ မြို့နယ် မပါသေးဘဲနဲ့ ၁၀ ရက်နေ့ ဆန္ဒမဲတွေအရ
၉၂.၄% က အခြေခံဥပဒေမူကြမ်းကို တခဲနက်ထောက်ခံခဲ့ကြပါတယ်လို့ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်တိုးက ကြေညာလိုက်တော့ လူအများစုက
အံ့လည်းအံ့သြ၊ မအံ့လည်းမအံ့သြ ဖြစ်ခဲ့ကြရပါတယ်။

မအံ့သြရတဲ့အကြောင်းကတော့ ထောက်ခံမဲအနိုင်ရရေး ကြိုးပမ်းမှုတွေကို အာဏာပိုင်
တွေဘက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင်တာတွေကို ပြည်သူတွေက သိရှိပြီးသားဖြစ်လို့
ပါ။ အံ့သြရတဲ့ကိစ္စကတော့ ကန့်ကွက်မဲတွေ တော်တော်များများ ထည့်ခဲ့ကြတယ်
ဆိုပေမယ့် ၉၂% ကျော်ကျော်က ထောက်ခံမဲတွေဖြစ်နေတယ်ဆိုတဲ့ကိစ္စပါပဲ။

အာဏာပိုင်တွေရဲ့ မဲလိမ်မှုတွေရှိခဲ့လို့ အခုဆန္ဒခံယူပွဲဟာ တရားမဝင်ဘူးလို့ ၁၉၉၀
ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ အန်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ရတဲ့သတင်းအရ ပြည်သူတွေဟာ မဲတောင်မှ မပေးရပါဘူး။ မဲလက်မှတ်
ထုတ်တဲ့ဟာမှာ လက်မှတ်ထိုးပြီးရင် မဲပြားမှာ သူတို့ဟာသူတို့ ထည့်သွားတာပဲ။ ဒီလို အတည်ပြုတယ်ဆိုတာ ပြည်သူ့ဆန္ဒအစစ်အမှန် မဟုတ်တဲ့အတွက် တရားမဝင်ဘူးလို့ ပြောချင်ပါတယ်။”

မဲလိမ်မှုတွေ၊ အကျပ်ကိုင်ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းခဲ့တဲ့ကိစ္စတွေထဲက နမူနာတခုကို
ထုတ်ပြပြီး အန်န်အယ်လ်ဒီပါတီဘက်က ဘယ်လိုဆက်ပြီးလုပ်သွားမလဲ ဆိုတဲ့ကိစ္စကို
တော့ အန်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ နောက်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က
ဗွီအိုအေကို အခုလိုရှင်းပြခဲ့ပါတယ်။

“ဝန်ထမ်းတွေကို ကြိုတင်မဲပေးတာတို့၊ မဲရုံမှာ ထောက်ခံမဲကို ကြိုခြစ်ထားတာတို့
ဒါတွေက အားလုံးသိတဲ့အချက်အလက်ပေါ့။ ကျိုင်းတုံမြို့နယ်ရဲ့ ထူးခြားချက်ကတော့
တခါမှ မကြားဘူးလို့ ကျနော့်ကိုသတင်းပို့တဲ့ ကျိုင်းတုံမြို့နယ် အဖွဲ့ချုပ်အတွင်းရေးမှူး
ဦးစိုင်းတစ်ကို ကျနော် နှစ်ကြိမ်တောင် ပြန်မေးရတယ်။ ကျိုင်းတုံမြို့ရဲ့ တောင်ပေါ်ရွာ
တွေဘက်မှာ ခရီးလွန်နေတဲ့လူကိုယ်စား မဲဆန္ဒရှင်ကို ရွာလူကြီးက ထောက်ခံမဲ
ထည့်ပေးတယ်။ ထည့်ပေးတဲ့အခါ ထည့်ပေးခ တထောင်တောင် ယူလိုက်သေးတယ်
တဲ့ဗျာ။

“ကိုယ့်ဆီကဆန္ဒကိုလည်း ထောက်ခံမဲယူလိုက်တယ်၊ ပြီးရင် ငွေတထောင်လည်း
တောင်းတယ်ဆိုတဲ့ ဆန္ဒခံယူပွဲမျိုးကို နိုင်ငံတကာမှာ ကြားဖူးကြပါရဲ့လားလို့၊ အဲဒီလို
အခြေအနေမှာ ပြည်သူလူထုကိုယ်စား လုပ်ပိုင်ခွင့် ၉၀ ခုနှစ်ကတည်းက အပ်နှင်းထား
တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေကို အတင်းအကျပ် ထောက်ခံခိုင်းတဲ့ ဒီဆန္ဒခံယူပွဲပုံစံကိုတော့ ဥပဒေကြောင်းအရ အစွမ်းကုန် လုပ်နိုင်သမျှ ရေဆုံးမိုးဆုံး
စိန်ခေါ်ပါမယ် ဆိုတာကိုတော့ ကျနော် အသိပေးလိုပါတယ်။”

လာမယ့် မေလ ၂၄ ရက်နေ့ကျရင် မုန်တိုင်းထိခဲ့တဲ့ ရန်ကုန်အပါအဝင် ၄၇ မြို့နယ်မှာ
ဆန္ဒခံယူပွဲ ကျင်းပဦးမှာပါ။ မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းက တချို့နေရာတွေမှာဆိုရင် အခုအချိန်အထိ မဲပေးဖို့ မဖြစ်နိုင်လောက်အောင် လူတွေ ပျောက်ဆုံးနေတာတွေ၊ သေဆုံးမှု အကြီးအကျယ် ဖြစ်ခဲ့တာတွေ၊ စားရေရိက္ခာ
ပြတ်လပ်မှုတွေနဲ့ တော်တော်များများဒုက္ခတွေ ကြုံတွေ့နေကြရတုန်းပါ။

အဲဒီလူတွေကို စစ်အစိုးရဘက်က ကူညီမှုတွေကလည်း ထိထိရောက်ရောက်မရှိသေး၊ မုန်တိုင်းကြိုတင်သတိပေးမှုကလည်း အာဏာပိုင်တွေဘက်က ပေါ့လျော့ခဲ့တာတွေ
ကြောင့် ဒီမြို့နယ်က ပြည်သူတွေရဲ့ ဆန္ဒမဲတွေဟာ ဘာတွေဖြစ်လာနိုင်မလဲ၊ ဒီတခေါက်
မှာလည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်က ဆန္ဒမဲတွေရဲ့ရလဒ်ကို ဘယ်လိုထုတ်ပြန် ကြေညာဦးမလဲဆိုတာကိုတော့ အများက စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG