သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၇၈,၀၀၀ သေဆုံး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေ


မြန်မာပြည်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသူဦးရေ ၇၈,၀၀၀ လောက်ထိ ရှိလာပြီး ၅၆,၀၀၀ ကျော်ပျောက်ဆုံးနေကြောင်း စစ်အစိုးရမီဒီယာက ဆိုပါတယ်။ လေပြင်းမုန်တိုင်းကျပြီး သတင်းနှစ်ပတ်အကြာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းဟာ အရင်ကပြောခဲ့တဲ့ အသေအပျောက်စာရင်းနဲ့ နှစ်ဆနီးပါး ပိုများလာပြီး အမေရိကန်နဲ့ နိုင်ငံတကာ တာဝန်ခံများကတော့ သေဆုံးသူဦးရေ ၁၀၀,၀၀၀ ကျော် နိုင်ကြောင်း ခန့်မှန်းထားပါတယ်။

လေဘေးဒုက္ခသည် သုံးပုံတပုံလောက်တောင် ထောက်ပံ့ရေးပစ္စည်းများမရကြသေးဘူးလို့ အိုင်စီအာစီက ဆိုနေတဲ့အချိန်မှာဘဲ မနေ့က မိုးသည်းထန်စွာရွာလို့ ကယ်ဆယ်ရေးဝန်ထမ်းများ ပစ္စည်းဝေငှတာတွေ အဟန့်အတား ဖြစ်သွားစေပါတယ်။

ကာလဝမ်းရောဂါဖြစ်မူတွေ တွေ့ရှိရတယ်လို့ WHO က သောကြာနေ့မှာ အတည်ပြု လိုက်ပြီးနောက် ရေသန့်မရခြင်းကြောင့် အကြီးအကျယ်သေဆုံးနိုင်ကြောင်း အိုင်စီအာစီက သတိပေးလိုက်ပါတယ်။ အီးယူတာဝန်ခံ လူဝစ် မစ်ရှဲလ် က နိုင်ငံခြားကယ်ဆယ်ရေး ကျွမ်းကျင်သူများအား တိုးပြီးဝင်ခွင့်ပြုဖို့ မြန်မာအစိုးရက စဉ်းစားနေတယ်လို့ ဘန်ကောက်မှာ မနေ့က ပြောဆိုနေပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမူ အေဂျင်စီအကြီးအကဲ ဂျွန်ဟုမ်းက မြန်မာနိုင်ငံဝင်ခွင့် ဗီစာရရှိလို့ မနက်ဖြန် ခရီးထွက်ပါလိမ့်မယ်။ နိုင်ငံတကာ အထောက်အပံ့များ ပိုပြီးတော့ လက်ခံဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းများ ခပ်မြန်မြန်ဝေငှဖို့ သူက စစ်အစိုးရကို တိုက်တွန်းလိမ့်မယ်လို့ ကုလသမဂ္ဂတာဝန်ခံများက ပြောကြားကြပါတယ်။

မြန်မာခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအထောက်အကူကို ပိုပြီးလက်ခံဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ မြန်မြန်ထက်ထက်လုပ်ဖို့ မစ္စတာဟုမ်းက အခိုင်အမာပြောဆိုလိမ့်မယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

မြန်မာအစိုးရက တချို့နိုင်ငံတကာကယ်ဆယ်ရေး ရိက္ခာအလှူပေးမှုတွေကို လက်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကတခြား ကမ်းလှမ်းချက်တွေကို ငြင်းဆိုခဲ့ပြီး ကယ်ဆယ်ရေး ကြိုးပမ်းချက်တွေမှာ နိုင်ငံခြားသားတွေကို အကန့်အသတ်နဲ့ ပါဝင် ပတ်သက်ခွင့် ပြုခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မုန်တိုင်းဒုက္ခသည်တွေကို ပိုပြီးကူညီဖို့ ကမ်းလှမ်းချက် တွေကို ငြင်းဆန်တဲ့အတွက် မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။ ပြင်သစ်ရေတပ်သင်္ဘောက ကယ်ဆယ်ရေး အထောက်အကူပေးမှာကို အစိုးရက ခွင့်မပြုတဲ့အတွက် သောကြာနေ့ ကုလသမဂ္ဂ
အထွေထွေညီလာခံမှာ ပြင်သစ်က မကျေမနပ် ပြောခဲ့ပါတယ်။ မုန်တိုင်းတိုက်ခိုက်ခံရတဲ့ ကမ်းခြေကို ပြင်သစ်က စစ်သင်္ဘော စေလွှတ်တယ်ဆိုပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်က စွပ်စွဲခဲ့ပါတယ်။

ကယ်ဆယ်ရေးရိက္ခာတွေ တင်ဆောင်တဲ့ အမေရိကန်စစ်တပ် ကုန်တင်လေယာဉ်ကြီး လေးစင်းကို အခုအပတ် ရန်ကုန်မှာ ဆင်းသက်ခွင့် ပြုခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေ အထူးလိုအပ်တဲ့ ကယ်ဆယ်ရေးရိက္ခာတွေ တင်ပို့ဖို့ မြန်မာကမ်းလွန် နိုင်ငံတကာရေပိုင်နက်ထဲ အမေရိကန် ရေတပ်သင်္ဘောတွေ စောင့်နေပေမယ့်လည်း အခုထက်တိုင် မြန်မာစစ်အစိုးရ ခွင့်မပြုသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG