သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိက ကယ်ဆယ်ရေး အတိုင်းအတာ လိုအပ်ချက် မဖြည့်ဆည်းနိုင်


ဆိုင်ကလုန်းလေမုန်တိုင်း ဘေးဒဏ်ခံခဲ့ရသူ တွေအတွက် အကူအညီ အထောက်အပံ့တွေ အခုချိန်အထိ လုံလုံ လောက်လောက် မရသေးသလို၊ အာဏာပိုင်တွေရဲ့ စေခိုင်းမှုတွေကလည်း ရှိနေတာမို့ ဒုက္ခရောက် နေကြသူတွေအတွက် အခက်အခဲတွေနဲ့ ပိုလို့သာ ရင်ဆိုင်လာ နေရတယ်လို့ ဒေသခံတွေ၊ စေတနာ့ဝန်ထမ်း ကူညီနေကြသူတွေက ပြောကြပါတယ်။ တချိန်တည်းမှာပဲ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူတွေ အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့ လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

လေမုန်တိုင်းဘေးဒဏ်ခံခဲ့ရတာ ရက်သတ္တပတ် ၂ ပတ် ရှိလာခဲ့ပေမယ့် အခုချိန်အထိ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးတဲ့အပြင် စေတနာ့ဝန်ထမ်း ကူညီနေသူတွေအတွက် အဟန့်အတားတွေ၊ အကန့်အသတ်တွေ ရှိနေတာမို့ စားဝတ်နေရေး၊ ကျန်းမာရေး အခြေခံလိုအပ်ချက် ပြဿနာတွေနဲ့ ဒုက္ခသည်တွေ ရင်ဆိုင်နေရတာပါ။ လောလောဆယ် နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက် လုပ်ကိုင်ခွင့်တွေ မရှိသေးသလို မြန်မာစစ်အစိုးရ အနေနဲ့လည်း မယ်မယ်ရရ လုပ်ကိုင်နေတာတွေ မရှိတဲ့အချိန်မှာ လေမုန်တိုင်း ဘေးသင့်သူတွေ အနေနဲ့ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေရတာပါ။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရတဲ့ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်း ကို မကြာသေးခင်က သွားရောက်ခဲ့သူ ရန်ကုန်မြို့က အလှူရှင် တယောက်က သူကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ ပြောပြရာမှာဆိုရင် -

“ဒုက္ခရောက်နေတဲ့သူတွေက ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ အခု ကျမတို့လှူခဲ့တဲ့ ဘုန်းကြီးကျောင်းတွေပေါ့နော်။ အဲဒီမှာ ကျမတို့ ပစ္စည်းတွေ လှူခဲ့တယ်။ တကယ်လို့ ဒုက္ခရောက်နေတဲ့သူတွေ ကိုယ်ထိလက်ရောက် လှူခဲ့ရတယ်။ အဲဒီ ဘုန်းကြီးကျောင်းမှာဆိုရင် ဒုက္ခသည် အိမ်ထောင်စု ဘယ်လောက်ရှိလဲဆိုတော့ အိမ်ထောင်စု ၅၁ စု လူ ၂၀၀ ကျော် ၃၀၀ လောက်ရှိမှာပေါ့။ အဝတ်အစားလှူတယ်။ ဆန်လှူတယ်။ မြို့ပေါ်မှာ ဒီအစိုးရဖက်က လှူတာတော့ ကျမတို့ မတွေ့ဘူး။ ဆန်တပြည် ၆၀၀ ကျပ်နဲ့ ရောင်းတာကို လူ ၄၀၀၊ ၅၀၀ လောက် စီနေတာကို တွေ့ခဲ့တယ်။ ဒါပေမယ့် ကျမတို့ ဆန်ဝေမယ်လဲကြားရော အဲဒီသူတွေက ကျမတို့ဖက်ကို ပြောင်းလာပြီးတော့ စီကြတယ်။ ကျမတို့ တယောက်ကို ဆန် ၂ လုံးပဲ ပေးနိုင်တယ်ပေါ့နော်။ လူ လေးငါးခြောက်ရာလောက်တော့ ကျမတို့ ပေးခဲ့ရတယ်။ ဘိုကလေးအောက်က တော်တော် အပျက်အဆီး များပါတယ်။ အောက်ဘက်မှာ ဘိုကလေး အောက်ဘက်မှာရှိတဲ့ ရွာ ၁၀ လောက်က အခြေအနေ တော်တော်ဆိုးတယ်ပေါ့နော်။ အဲဒီမှာ အကယ်ချောင်း ကျေးရွာမှာဆိုရင် လူ လေးငါးရာတော့ ရှိတယ်ပေ့ါနော်။ ရှစ်ဆယ်တစ်ရာလောက်ပဲ ကျန်တာကို တွေ့ရတယ်။ နောက်ပြီးတော့ ပတ္တမြားကုန်း၊ စားမလောက် - စားမလောက်ဆိုတာ ဘိုကလေးအောက်ဘက်က စားမလောက်ကို ပြောတာနော်၊ ပြီးတော့ ကိုးအိမ်တန်း၊ ညောင်ကုန်း၊ ကဒက်ကုန်း၊ မိုးလှိုင်ချောင်း၊ မယ်တော်စု အဲဒီရွာတွေဆိုလို့ရှိရင် ရာကျော်ရှိတဲ့ အိမ်ခြေတွေက နည်းနည်းပါးပါးပဲ ကျန်တော့တယ်လို့ သိရတယ်။ ပြီးတော့ ရွာမှာက ရေမရဘူး။ သောက်ရေ မရဘူး။ အဲဒီအတွက်ကြောင့် ရွာသူရွာသားတွေက အုန်းသီးတွေခွဲပြီး အုန်းရေ သောက်နေရတယ်။ အပူတွေ ကန်ပြီး မျက်လုံးတွေ မမြင်ရတော့ဘူးလို့ ကျမတို့ကို ပြောပြတယ်။”

လေမုန်တိုင်းဒဏ်ကြောင့် လူပေါင်းသိန်းချီ သေဆုံးရာက ကံကောင်းထောက်မလို့ အသက်မသေ ရှင်ကျန်ရစ်သူတွေ အနေနဲ့လည်း နောက်ဆက်တွဲ စားဝတ်နေရေး၊ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီအထဲက ညီအစ်ကို မောင်နှမသားချင်း (၇) ယောက်အနက် (၆) ယောက်ဟာ မုန်တိုင်းကြားမှာ သေဆုံးခဲ့သလို အချိန်မီ ကယ်ဆယ်ရေးတွေ မရောက်လာလို့ မိခင်ဖြစ်သူပါ ကွယ်လွန်ခဲ့ရတဲ့ ဘိုကလေးမြို့ခံ တယောက်ကလည်း အကူအညီ အထောက်အပံ့တွေ မရတဲ့ အကြောင်း အခုလို ပြောပါသေးတယ်။

“အခု ကျမတို့အမေ ဆိုလို့ရှိရင် ရေထဲမျောပြီးသေတာ မဟုတ်ဘူး။ အအေးပတ်ပြီး နောက်နေ့မှာ သေတာ။ ကျမတို့လည်း တွက်တာ ကိုယ့်ကိုယ်ကို သေမှာပဲ အကူအညီတွေကလည်း မရတော့။ အဲဒီမှာပဲ နောက်တစ်နေ့ကျတော့ ဆန်တွေဝေတယ် ဆိုတော့ ကျမတို့လည်း ထမင်းစားချင်တာပေါ့။ အဲဒါ ဆန်သွားယူတဲ့ဟာကို ကွင်းထဲသား မိုလို့တဲ့။ ဆန်မပေးဘူးတဲ့။ ကျမတို့ ထမင်း နှစ်ရက် မစားရဘူး။ အဲဒီရွာလမ်းဘေး ကပ်နေတဲ့ အိမ်တွေဆိုရင် အဲဒီ ကွင်းထဲသားတွေ မဆိုင်ဘူးတဲ့ဆိုလို့ အဲဒါ ထမင်း မစားရဘူး။ ၂ ရက်လောက်ကြာတော့ တခါပေးတယ်။ ဒီ့နောက်ပိုင်းမှာလည်း မပေးပါဘူး။ အခု ၃-၄ ရက်လောက် ရှိပြီ။ တစ်နေ့ကို တပြည်တောင် မရကြပါဘူး။”

မုန်တိုင်းကြားက အသက်မသေ လွတ်မြောက်ခဲ့သူ ဘိုကလေးမြို့ခံ တဦးဖြစ်ပါတယ်။ ဒီလို ရှင်သန်ခွင့်ရပေမယ့်လည်း လိုအပ်တဲ့ ကူညီ ကယ်ဆယ်ရေး အထောက်အပံ့တွေ မရနိုင်တဲ့ အခြေအနေမှာ နောက်ဆက်တွဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေနဲ့လည်း ကြုံနေရတာပါ။

“ဒီ ဘိုကလေးမြို့ကနေအထွက် ဖျာပုံတံတားမှာ အပြန်ကျတော့ တံတား ကျိုးနေသေးတာကိုး၊ တံတားပျက်နေတော့ အဲဒီမှာ ဘုန်းကြီးကျောင်း တချို့ရှိတယ်။ ဘုန်းကြီးကျောင်းတကျောင်းစီမှာ ဒုက္ခသည် ၂၀၀၊ ၃၀၀ ပတ်ဝန်းကျင်မှာ ရှိတယ်။ အဲဒီမှာ ကလေးတွေ တော်တော်များများ ရှိတယ်။ အသက်ကြီးတဲ့သူတွေ ရှိတယ်။ ကလေးတွေကကျတော့ ဝမ်းရောဂါ ဝမ်းပျက်ရောဂါ ဖြစ်တာတွေ တွေ့ရတယ်။ မကြာခင်မှာ ဒီလိုပုံစံအတိုင်းသာ ဆက်သွားလို့ရှိရင် ကပ်ရောဂါ ကူးစက်ရောဂါတခုခု ဖြစ်လာဖို့ အလားအလာ အများကြီး ကျမတို့ တွေ့နေပါတယ်။”

လေမုန်တိုင်းဘေးသင့်သူတွေအတွက် စေတနာ့ဝန်ထမ်း ကူညီဖို့ ရန်ကုန်မြို့ကနေ ဧရာဝတီတိုင်း ထဲကို ဒီတပတ်ထဲမှာ သွားရောက်ခဲ့သူတဦး ဖြစ်ပါတယ်။ ဒီလို စေတနာ့ဝန် ထမ်းတွေက ကူညီချင်ပေမယ့်လည်း ကူညီခွင့်ရဖို့ အခြေအနေတွေကတော့ အကန့်အသတ်နဲ့ ရှိနေတာပါ။

“အခုဟာ ကျမတို့ ပြည်တွင်းအဖွဲ့လေးတွေ သွားတာတောင်မှ အကယ်၍ ကျမတို့ ဒီအဖွဲ့အစည်း အသင်းအဖွဲ့နဲ့မဟုတ်ဘဲနဲ့ ကိုယ်ဘာသာကိုယ် သွားမယ်ဆိုလို့ရှိရင် ရန်ကုန်ကအထွက် ဂိတ်မှာကိုတည်းက သူတို့က စစ်ဆေးတယ်။ ဘယ်က သွားမှာလဲ။ ဘယ်အဖွဲ့အစည်းကလဲ။ အဲဒါတွေ မပြောနိုင်ဘူးဆိုရင် သူတို့ရဲ့ ဂိတ်တွေမှာ အဲဒီ ပစ္စည်းတွေကို အပ်ခဲ့။ မအပ်ဘူးဆိုရင် လှည့်ပြန် ရပါတယ်။ ဒီလိုမျိုး လာပြီးပေးတဲ့လူမျိုးဟာ မနက်ဖန်မှာ ဒါမျိုးရှိမှာလား ဆိုတာကို သူတို့က မသေချာတဲ့အနာဂတ် ဖြစ်နေတဲ့အခါကျတော့ သူတို့မှာလည်း အလုအယက်တွေ ဖြစ်နေတာ ပေါ့နော်။ ကျမတို့လည်း တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့ရပါတယ်။ ဒီအတိုင်းအတာနဲ့ကတော့ ဘယ်လိုမှ မထိရောက်ပါဘူး။ ဒီ ပြည်တွင်းက လုပ်နေရတာက။ ကျမတို့တောင်မှ အခု ဘယ်လို စကားပုံ သုံးရမှန်းမသိဘူး။ ဆင်ပါးစပ် နှမ်းပတ် ဆိုတဲ့ စကားပုံကိုတော့ ကျမတို့ သုံးလို့မရတဲ့ အနေအထား ဖြစ်နေတယ်။ ကျမတို့ ပြည်တွင်း အဲန်ဂျီအိုတွေက ပေးတဲ့အကူအညီကပေါ့နော်။”

ဒုက္ခရောက်နေသူတွေအဖို့ အကူအညီအထောက်အပံ့တွေ မရနိုင်ဖြစ်နေရတဲ့အပြင် တပူပေါ် နှစ်ပူဆင့်လို့ ဆိုရမယ့် အာဏာပိုင်တွေ စေခိုင်းတာ၊ ခိုလှုံရာနေရာတွေကနေ ဖယ်ရှားခိုင်းတာ တွေကိုလည်း ခံနေရသေးတယ်လို့ ဆိုပါတယ်။

“စိန်ကျောင်းကြီးနဲ့ မချစ်မြိုင်ကျွန်း ဆိုတာက အခု သူတို့ တပ်စွဲထားပါတယ်။ ဘယ်သူမှ သွားလို့ မရပါဘူး။ မနေ့က ကျမတို့ ထွက်လာတဲ့အချိန်မှာ ၁၆ ရက်နေ့ေ့ပါ့နော်။ ထွက်လာတဲ့အချိန်မှာ စိန်ကျောင်းကြီးရွာက အမျိုးသား လေးယောက်လောက်က မြို့ပေါ်ဘက်တွေကို ထွက်ပြေးလာတယ်။ စစ်တပ်က ရွက်ဖျင်တဲတွေ ဆောက်ခိုင်း ဘာတွေလုပ်ခိုင်းလို့ သူတို့ ထွက်ပြေးလာတယ်လို့ ကျမတို့ အဲဒီသတင်းလည်း ရတယ်ပေါ့နော်။ နောက်ပြီးတော့ စောစောက ကျမပြောတဲ့ ကျောင်း သုံးကျောင်းပေါ့နော်။ အဲဒီ ကျောင်းသုံးကျောင်းကို တကျောင်းက ဒုက္ခသည် ၃၀၀ လောက်ရှိတဲ့ ကျောင်းကို သူတို့ ၁၅ ရက်နေ့က ဒုက္ခသည်တွေကို သူတို့ ထောက်ပံ့တဲ့ပစ္စည်းတွေ ရတဲ့အကြောင်း လက်မှတ် ထိုးခိုင်းတယ်။ ထိုးပြီးတော့ အဲဒီ ၁၆ ရက်နေ့ညမှာ သူတို့ အဲဒီကနေ အပြီး ထွက်ပေးရမယ်။ သူတို့ကို ဘာပေးလဲဆိုတော့ မိသားစု ၅၁ စု၊ လူ ၂၀၀ ကျော် ၃၀၀ အတွက်ကို ထမီ ၂၇ ထည်၊ ပုဆိုး ၁၅ ထည်၊ မျက်နှာသုံးပုဝါ ၆ ခု၊ ခေါက်ဆွဲထုတ် အသေးလေးတွေပေါ့၊ အဲဒါလေးတွေ အထုတ် ၄၀၊ သကြားလုံး ၁၄ ထုတ်။ အဲဒါကို ပေးပါတယ်။ ပေးပြီးတော့ ဒီကနေ အပြီးသွားရမယ်။ ဘယ်ကို သွားရမလဲ ဆိုတော့ သွားချင်တဲ့နေရာကို အပြီး သွားနိုင်တယ်ပေါ့နော်။ ဒီ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည် မရှိဘူးဆိုတဲ့ ပုံစံမျိုးလေ။”

လေမုန်တိုင်းဘေးဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းဘက်ကို သွားရောက်ပြီး တပိုင်တနိုင် ကူညီဖို့ ကျိုးပမ်းခဲ့တဲ့ ရန်ကုန်မြို့ခံ တယောက်ဖြစ်ပါတယ်။ ဒီလို လေမုန်တိုင်း ဘေးဒဏ်သင့်သူတွေ အကူအညီ အထောက်အပံ့တွေ မရနိုင် ဖြစ်နေကြရတဲ့အထဲမှာ၊ ပြည်တွင်းပြည်ပက ကယ်ဆယ်ရေး အကူအညီတွေ ကိုလည်း ပြင်ပကို ထုတ်ရောင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောဆိုနေတာတွေလည်း ရှိနေတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG