သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားအထောက်အကူ ပြည်သူတွေထံ မရောက်တဲ့ အတွက် ဗြိတိန် အပြင်းအထန် ဝေဖန်


နိုင်ငံတကာ အကူအညီတွေကို လူတွေဆီရောက်အောင် ခွင့်မပြုတဲ့အတွက် မြန်မာ စစ်အစိုးရကို ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒန် ဘရောင်း က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက် ပါတယ်။ လန်ဒန်မြို့ကနေ Tom Rivers သတင်းပေးပို့ ထားတာကို ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ် က ဆိုင်ကလုန်း မုန်တိုင် ဒဏ် ပြင်းပြင်း ထန်ထန် ခံလိုက်ရတဲ့ အတွက် လူတွေကို ချက်ချင်း ကူညီနိုင်မယ့် နိုင်ငံတကာ ကူညီရေး ထောက်ခံမှု ကို စစ်အစိုးရက ပိတ်ဆို့နေတယ်လို့ ဗြိတိသျှ ရုပ်မြင်သံကြားနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဝန်ကြီးချုပ် ဘရောင်း က စွပ်စွဲခဲ့ပါတယ်။

“ဒါက လူမဆန်ပါဘူး။ သဘာ၀ ဘေးအန္တရာယ်က ဖန်တီးလိုက်တဲ့ အခြေအနေကို ပေ့ါပေါ့ဆဆ တုံ့ပြန်တာကြောင့်၊ မြန်မာပြည်သူလူထု အပေါ် ဂရုမစိုက်တာကြောင့် လူ လုပ်တဲ့ ကပ်ဘေး ဖြစ်သွားမယ့် သည်းမခံနိုင်လောက်တဲ့ အခြေအနေ တစ်ရပ် ဖြစ်နေပါတယ်။ အစိုးရဟာ လုပ်သင့်တာတွေ မလုပ်ခဲ့ဘူး၊ နိုင်ငံတကာက ကူညီချင်တာကို ခွင့်မပြုခဲ့ဘူး။”

အမေရိကန် ပြည်ထောင်စုကော၊ ပြင်သစ်ကကော ဒေသတွင်းမှာ သင်္ဘောတွေ ရှိနေပါပြီ။ ကြီးမားလှတဲ့ အကူအညီကို ပေးနိုင်နေပြီ။ ဒါပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသကို ပင်လယ်ထဲကနေ တိုက်ရိုက်ဝင်ပြီး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကို မြန်မာအစိုးရက ငြင်းဆိုနေပါတယ်။

ကမ္ဘာက အာဏာရ ဗိုလ်ချုပ်ကြီးတွေကို စောင့်ကြည့်နေကြပါတယ်။ သူတို့ လုပ်ရပ်နဲ့ပဲ သူတို့ကို ဆုံးဖြတ်ကြပါလိမ့်မယ်လို့ မစ္စတာ ဘရောင်း က ဘီဘီစီ ကို ပြောပါတယ်။

“ဒီအစိုးရက မြန်မာပြည်သူလူထုဆီကို ရောက်သင့်တဲ့ အကူအညီတွေ မရောက်ရှိရအောင် တားနေတဲ့ အစိုးရ ဖြစ်ပါတယ်။ လူထုအတွက် ရသင့်ရထိုက် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဖို့ အစိုးရကို ဖိအားပေးရအောင် နိုင်ငံတကာ လမ်းကြောင်းတိုင်းကို ကျနော်တို့ ဆက်လုပ်ပါမယ်။”

ဒီအပတ်မှာတော့ အမေရိကန် ကယ်ဆယ်ရေး ပစ္စည်းတင် လေယာဉ် ၄ စင်းကို ရန်ကုန်ကို ဆင်းခွင့် ပြုခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားရေး ဌာန ထိပ်တန်း ကုလသမဂ္ဂ အရာရှိ မစ္စတာ ဂျွန်ဟုမ်း (John Homes) ကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးလိုက်ပါတယ်။ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကိုသွားမယ့် သူ့ ခရီးစဉ် စပါမယ်။

နိုင်ငံတကာ အကူအညီတွေကို လက်ခံဖို့နဲ့ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းတွေ ကို တိုးမြှင့် အားထုတ် လုပ်ဆောင်ဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို ဂျွန်ဟုမ်း က ဖိအားပေးပါလိမ့်မယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ဆိုပါတယ်။

လေမုန်တိုင်းဒဏ်ကြောင့် လူ ၂ သန်းခွဲ ဒုက္ခ ရောက်ခဲ့ရပြီး၊ အဲသလို ခံခဲ့ရသူတွေ ၁၀ ယောက် မှာ ၄ ယောက်က ကလေးတွေ ဖြစ်ကြတယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့က ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG