သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ကမကထလုပ်မည့် လေဘေးကယ်ဆယ်ရေး စစ်အစိုးရ သဘောတူ


မြန်မာနိုင်ငံမှာ လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် နိုင်ငံတကာက အကူအညီပေးရေး ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံတွေ ကြားမှာလည်း ဒီကနေ့ပဲ ဆွေးနွေးပြောဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ကြီး အနေနဲ့ အရေးပေါ် အကူအညီတွေပေးဖို့ ကိစ္စမှာ မြန်မာစစ်အစိုးရဖက်က တွန့်ဆုတ်နေတာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာ ဖြစ်ပြီးတော့ အာဆီယံ အနေနဲ့လည်း ဒါတွေကို ဖိအားပေး လုပ်ဆောင်ဖို့ အစီအစဉ်တွေလည်း ချမှတ်ခဲ့တဲ့ အကြောင်း ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ ရဲ့ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရေးပေါ် အစည်းအဝေးမှာ မြန်မာနိုင်ငံက လေမုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်ပဲ ဖြစ်နေတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာပါ။ အသင်းဝင် (၁၀) နိုင်ငံတွေရဲ့ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံကနေ တဆင့် အကူအညီတွေကို လက်ခံဖို့ ကတိပြုခဲ့တယ်လို့ ဆိုပါတယ်။ အခု အစည်းအဝေး အတွင်းမှာတော့ အာဆီယံ အနေနဲ့ အရေးပေါ် အကူအညီတွေ ဖြန့်ဖြူးရာမှာ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့တခု ဖွဲ့စည်း ဆောင်ရွက်ဖို့ သဘောတူညီမှု ရခဲ့တယ်လို့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဂျော့ဂျ် ရိုး (George Yeo) က ပြောပါတယ်။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲအတွင်း သူက ပြောရာမှာတော့ -

“အာဆီယံကတဆင့် ပေးအပ်မယ့် နိုင်ငံတကာ အကူအညီတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးအသွင် လုပ်ဖို့ မသင့်ပါဘူး။ ဒါကို အခြေခံပြီးတော့၊ မြန်မာအစိုးရ အနေနဲ့လည်း နိုင်ငံတကာ အကူအညီတွေကို လက်ခံသွားပါလိမ့်မယ်။”

တကယ်တော့ အစောပိုင်းတုန်းကလည်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကူအညီ ပေးပို့တာတွေကို လက်ခံမယ်ဆိုပြီး ပြောဆိုတာတွေ ရှိပေမဲ့ ဒါတွေကို ဖြန့်ဖြူးတဲ့ ကိစ္စတွေ အပါအဝင် တခြား အကူအညီပေးရေး လုပ်ငန်းတွေအတွက် ပြည်ပက ကျွမ်းကျင်သူတွေ စေလွှတ်ဖို့ ကိစ္စကိုတော့ လက်မခံငြင်းပယ် ထားတာကြောင့် လုပ်ငန်းတွေ နှောင့်နှေးနေရတာပါ။ ဒါပေမဲ့လည်း ဒီလို အခြေအနေမျိုးတွေ ရှိလာလိမ့်မယ်ဆိုတဲ့ အာမခံချက်မျိုးတော့ အာဆီယံက ပေးနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။

“ကျနော်တို့အနေနဲ့ လိုအပ်ချက်တွေကို တိတိကျကျ ကြည့်ရမှာဖြစ်ပြီးတော့ အကူအညီတွေကိုလည်း တိတိကျကျ ကမ်းလှမ်းရပါလိမ့်မယ်။ ပြည်ပကလူတွေ မြန်မာနိုင်ငံကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ရမယ်ဆိုတာမျိုးတော့ ဖြစ်မှာ မဟုတ်ပါဘူး။”

စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီး ဂျော့ဂျ် ရိုး သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။ ဒါပေမဲ့လည်း အာဆီယံ နိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကို လက်ခံဖို့ကိုတော့ မြန်မာစစ်အစိုးရဖက်က သဘောတူ လိုက်ပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ကတော့ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြားတာမျိုး မရှိပဲနဲ့ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ဖြေကြားပြီးသား ဖြစ်တာမို့ မပြောနိုင်ကြောင်းသာ ပြောသွားခဲ့ပါတယ်။

အာဆီယံ အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရေး ဆောင်ရွက်ချက် တစိတ်တပိုင်းအဖြစ်နဲ့ အသင်းကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝန် (Surin Pitsuwan) ကိုယ်တိုင် မြန်မာနိုင်ငံကို မကြာခင် သွားရောက်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေမုန်တိုင်းဘေးဒဏ် ခံရသူတွေအတွက် နောက်ထပ် ဆွေးနွေးဖို့ မြန်မာစစ်အစိုးရက လာမယ့် ၂၅ ရက်နေ့ကြရင် ရန်ကုန်မှာ အစည်းအဝေးတခု ကျင်းပပေးဖို့ ရှိပြီးတော့ နိုင်ငံပေါင်း (၃၀) လောက် တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ အာဆီယံ အနေနဲ့ အကူအညီပေးရေး ရံပုံငွေတွေ ရဖို့အတွက်လည်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် တို့နဲ့ လက်တွဲဆောင်ရွက် သွားဖို့ကိုလည်း ဒီအစည်းအဝေးအတွင်းမှာပဲ ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG