သုံးရလွယ်ကူစေသည့် Link များ

ကုလလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မုန်တိုင်းသင့် ဒေသကို သွားရောက်


မြန်မာနိုင်ငံက ဆိုင်ကလုန်းဒဏ်သင့်ခဲ့ရသူ
တွေအတွက် နိုင်ငံတကာကပေးလာတဲ့
အကူအညီတွေကို အရှေ့တောင်အာရှနိုင်ငံ
တွေက ကိုင်တွယ်ဖြေရှင်းပေးဖို့ မြန်မာ
စစ်အစိုးရက သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ အကူအညီကို လက်ခံပါမယ်လို့ စင်ကာပူမှာကျင်းပတဲ့
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများရဲ့
မြန်မာ့အရေး အရေးပေါ်ဆွေးနွေးပွဲအပြီးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ချ်ရိုး
(George Yeo) က ပြောသွားပါတယ်။

မေလ ၃ ရက်နေ့က နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
ကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ အကြီးအကဲ
ဂျွန်ဟုမ်းစ် (John Holmes) ကို သွားရောက်ခွင့်ပြုခဲ့ပြီး အခုလို သတင်းထွက်ပေါ်လာ
တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ပိုပြီးလက်ခံဖို့ စစ်အစိုးရကို တိုက်တွန်းနိုင်အောင် မစ္စတာဟုမ်းစ် မနေ့ကပဲ ရန်ကုန်ကို ရောက်ရှိသွားခဲ့တာပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) ကလည်း မြန်မာ
နိုင်ငံကို ဒီတပတ်မှာ သွားရောက်မှာဖြစ်ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာနိုင်ငံ
ကို ဗုဒ္ဓဟူးနေ့မှာ ရောက်လိမ့်မယ်လို့ ခန့်မှန်းရကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်
ရှိသူက ဆိုပါတယ်။

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖုန်းဆက်စဉ်ကလည်း
ဖုန်းမကိုင်၊ စာနှစ်စောင်ပေးပို့တာကိုလည်း လျစ်လျူရှုထားတယ်လို့ ကုလသမဂ္ဂ
အရာရှိတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မုန်တိုင်းထိခဲ့တဲ့ဒေသတွေကို တနင်္ဂနွေနေ့ကပဲ ပထမဆုံး
အကြိမ် သွားရောက်ခဲ့တယ်လို့ အစိုးရရုပ်မြင်သံကြားဌာနက ကြေညာပါတယ်။
ဗိုလ်ချုပ်မှူးကြီးက ရန်ကုန်တဝိုက် လှည့်လည်ကြည့်ရှုနေပုံကို တီဗွီမှာပြခဲ့ပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ အရာရှိတွေနဲ့ ဗိုလ်ချုပ်မှူးကြီး တွေ့ဆုံတယ်
လို့တော့ မကြားရသေးပါဘူး။ နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးသူစုစုပေါင်း
၇၈,၀၀၀ နီးပါးရှိတယ်၊ ပျောက်ဆုံးသူ ၅၆,၀၀၀ ရှိတယ်လို့ အစိုးရက ကြေညာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG