သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ခံမဲ အာဏာပိုင်တွေ လဲနေ


စစ်အစိုးရ အာဏာပိုင်တွေဟာ မုန်တိုင်းဒဏ်သင့်လူထုကို အကူအညီတွေပေးအပ်ရာ
မှာ အခြေခံဥပဒေမူကြမ်းအတွက် ထောက်ခံမဲရဖို့ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်ပြီးတော့
တမျိုး ပြောဆိုပေးအပ်နေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ပြစ်တင်
ဝေဖန် လိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ မုန်တိုင်းဒဏ်သင့်လူထုကို စစ်စစ်မှန်မှန် အကူ အညီပေးရမယ့်အစား နိုင်ငံရေး အရ အမြတ်ထုတ်တာဖြစ်တဲ့အတွက် အင်မတန် မသင့်လျော်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို
တော့ ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြ
ပေးထားပါတယ်။

နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် တိုက်ခတ်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းက မြို့နယ် ၄၀ နဲ့
ဧရာဝတီတိုင်းက ၇ မြို့နယ်တို့မှာ လာမယ့် ၂၄ ရက်နေ့ကျ အခြေခံဥပဒေမူကြမ်း လူထု ဆန္ဒခံယူပွဲလုပ်ဖို့ စစ်အစိုးရက ကြေညာထားပါတယ်။ ဒီမြို့နယ်တွေမှာ မုန်တိုင်း
ဘေးဒုက္ခသည်တွေ အလုံးအရင်းနဲ့ ရှိနေသေးပြီး အာဏာပိုင်တွေဟာ ဒုက္ခသည်တွေကို ပေးအပ်ရမယ့် အကူအညီတွေနဲ့ ဆန္ဒခံယူပွဲကို ဆက်စပ်နေကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင်က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

“မြောက်ဒဂုံအရှေ့ပိုင်း ၁၂၅ ရပ်ကွက်၊ အဲဒီမှာ အောင်သိဒ္ဓိ ဓမ္မာရုံဆိုတာရှိတယ်။ အဲဒီ
မှာ အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်မှာ အိမ် ၅၀၀ ခန့်က ပျက်စီးသွားတယ်။ အဲဒီ
ဓမ္မာရုံမှာရှိနေတဲ့ ဒုက္ခသည်တွေကို ရပ်ကွက်အာဏာပိုင်တွေက ဘယ်လိုပြောလဲဆို
တော့ ကယ်ဆယ်ရေးပစ္စည်းတွေ ရအောင်လုပ်ပေးမယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လက်ခံမယ်ဆိုရင် ကြိုတင်ထောက်ခံမဲပေးရမယ်။ ကြိုတင်ထောက်ခံမဲ မပေးဘူးဆိုရင်
တော့ ကယ်ဆယ်ရေးပစ္စည်းတွေ ရမှာမဟုတ်ဘူးဆိုပြီး အဲဒီလို ခြိမ်းခြောက်ပြီး အကျပ်
ကိုင်တယ်။”

တကယ်ကတော့ မုန်တိုင်းဒဏ်သင့်လူထု ကယ်ဆယ်ရေးကို နိုင်ငံရေးနဲ့ မဆက်စပ်ဖို့ စစ်အစိုးရဘက်ကနေ နိုင်ငံတကာကို ပြောထားပါတယ်။ လက်ရှိအကူအညီပေးနေတဲ့
ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း
တွေကလည်း ဒီအချက်ကိုပဲ ပဲ့တင်ထပ် ပြောဆိုနေကြပါတယ်။ မကြာသေးခင်က
မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ လူသားဘေးဒုက္ခ အကူအညီဆိုင်ရာ ကော်မရှင်နာမင်းကြီး လူးဝစ္စ မီရှဲလ် (Louis Michel) ကဆိုရင် သူ့ရဲ့ရည်ရွယ်ချက်ဟာ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးကိစ္စ စစ်စစ်ပဲဖြစ်ပြီး နိုင်ငံရေး လုံးဝမပတ်သက်
တဲ့အတွက် နိုင်ငံရေးနဲ့ဆက်စပ်တဲ့ မေးခွန်းတွေ မမေးကြဖို့ မြန်မာပြည်ကထွက်လာပြီး ဘန်ကောက်မြို့၊ ဆူဗန်နာဘူမိလေဆိပ်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရအာဏာပိုင်တွေဘက်ကကျတော့ ဒီလိုမဟုတ်ဘဲ အမြတ်ထုတ်နေ
တယ်လို့ ကိုထွန်းမြင့်အောင်က ပြစ်တင်ဝေဖန်ပါတယ်။ အင်းစိန်မြို့နယ်နဲ့ ကြည့်မြင်တိုင် မြို့နယ်တို့ဘက်က ဖြစ်ရပ်တွေကို သူက နမူနာပေး ပြောခဲ့ပါတယ်။

“အင်းစိန်မြို့နယ်မှာဆိုရင်လည်း အဲဒီလိုပဲ။ ကယ်ဆယ်ရေးပစ္စည်းတွေကို ရယက
ကပေးတယ်။ ပြီးတော့ ဘာပြောလဲဆိုတော့ ဒါ ထောက်ခံမဲပေးပြီးသွားပြီလို့ပဲ သဘော
ထားလိုက်။ ထောက်ခံမဲအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးတယ်ပေါ့ဗျာ။ အဲဒီ
တော့ ကယ်ဆယ်ရေးပစ္စည်းနဲ့ စစ်ဖွဲ့စည်းပုံ ထောက်ခံမဲနဲ့ လိုက်လဲသလိုဖြစ်နေတယ်။
ကြည့်မြင်တိုင် သရက်တောရပ်ကွက်မှာဆိုရင်လည်း ကြိုတင်ထောက်ခံမဲတွေ လိုက် ကောက်နေတယ်။ အသားလွတ်ကြီးလိုက်ကောက်တဲ့အတွက် လူတွေက မေးတဲ့အခါကျ
တော့ မဟုတ်ဘူး၊ အဲဒီနေ့ လေဒဏ် မိုးဒဏ် ခံရမှာစိုးလို့ လေတွေမိုးတွေကျရင် မထည့်
ဖြစ်မှာစိုးလို့ အဲဒီအတွက် ကြိုပြီးပေးထားဖို့ဆိုပြီးတော့ ကြည့်မြင်တိုင် သရက်တော
ရပ်ကွက်မှာ လိုက်ကောက်နေတယ်။”

အာဏာပိုင်တွေဟာ မဲဆန္ဒရှင်လူထုက ကန့်ကွက်မဲပေးမှာကို စိုးရိမ်တဲ့အတွက် ကြိုတင်
မဲတွေကို လိုက်ကောက်နေတာဖြစ်တယ်လို့ ကိုထွန်းမြင့်အောင်က ဆိုပါတယ်။

အခုဆိုရင် မုန်တိုင်းဒုက္ခသည်တွေအတွက် နိုင်ငံတကာက အကူအညီတွေ တနေ့တနေ့ အမြောက်အများ ဝင်ရောက်နေတဲ့ သတင်းတွေကို အစိုးရပိုင် သတင်းမီဒီယာတွေမှာ
ကိုပဲ ရုပ်ပုံတွေနဲ့တကွ နေ့စဉ်ဖော်ပြနေတာပါ။ ဒီပစ္စည်းတွေကို ဘေးဒဏ်သင့် လူထုဆီ အချိန်မဆိုင်းဘဲ ချက်ချင်း ပေးပို့ပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဘေးဒုက္ခရောက်သူအရေအတွက် ၂.၄ သန်းကျော်ရှိမယ်လို့ ခန့်မှန်းထားတဲ့အထဲမှာ ဘယ်နှစ်ယောက်ကို အကူအညီတွေ ပေးအပ်ခဲ့ပြီးပြီဆိုတာတော့ အစိုးရအာဘော်
သတင်းတွေမှာ ဖော်ပြတာ မတွေ့ရသေးပါဘူး။

ကိုထွန်းမြင့်အောင်ကတော့ အကူအညီပစ္စည်းတွေကို နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချနေတဲ့အပေါ် သူ့ရဲ့အမြင်ကို ပြောရာမှာ …

“ရွံမုန်းစရာ၊ စက်ဆုပ်စရာကောင်းတာက လေမုန်တိုင်း ဒုက္ခသည်တွေအပေါ်မှာ နိုင်ငံ
တကာက ကယ်ဆယ်ရေးပစ္စည်းတွေ၊ ပြည်သူပြည်သားတွေလှူတဲ့ ကယ်ဆယ်ရေး
ပစ္စည်းတွေကို နအဖ အာဏာပိုင်တွေကနေပြီးတော့ အခုလို စစ်ဖွဲ့စည်းပုံ ထောက်ခံမဲ
တွေနဲ့ လိုက်လဲနေတာဟာ အင်မတန် စက်ဆုပ်စရာကောင်းတယ်ဆိုတာ ကျနော်
ပြောချင်တယ်။”
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင်ပါ။

လက်ရှိမှာ ကုလသမဂ္ဂရဲ့ လူသားဘေးဒုက္ခဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး မစ္စတာ
ဂျွန် ဟုမ်းမ်စ် (John Holmes) ဟာ မြန်မာနိုင်ငံမှာရှိနေပြီး ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ် မစ္စတာ ဘန် ကီ-မွန်း (Ban ki-moon) ဟာလည်း ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်ဖို့ရှိပါတယ်။ သူတို့တွေအားလုံးဟာ မြန်မာ့နိုင်ငံရေးကိစ္စတွေကို ပြောဆိုမှာ
မဟုတ်ဘဲ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးကိုသာ ပြောဆိုကြမှာပါ။ ဒါ့ကြောင့်
လည်း ဒီအခြေအနေဟာဖြင့် မြန်မာစစ်အစိုးရအတွက် နိုင်ငံရေးအရ အကျိုးအမြတ် ထွက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်အခါ ဖြစ်နေတယ်လို့ သုံးသပ်မှုတွေ ပေါ်ထွက်
နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG