သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ ကိုင်တွယ်ဖြေရှင်းဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


မြန်မာနိုင်ငံအတွင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေကို ကယ်ဆယ်ရေးနဲ့
နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်နိုင်အောင် ကိုင်တွယ်ဆောင်ရွက်
ဖို့ Human Rights Watch လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လေဘေးကယ်ဆယ်ရေးလုပ်ငန်း
တွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ မရှိဘူးလို့လည်း
ဝေဖန်လိုက်ပါတယ်။ အသေးစိတ်ကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ကယ်ဆယ်ရေးနဲ့ အထောက်အပံ့တွေပေးမယ့် နိုင်ငံတကာ အကူအညီပေးရေး
သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲ ဝင်ခွင့်မရဘဲ ကူညီခွင့်ရဖို့ စောင့်စားနေကြပါတယ်။
နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေလည်း ပြည်ဝင်ခွင့်မရလို့ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ကနေ ပြည်ဝင်ခွင့် စောင့်စားနေကြပါတယ်။ ဒီလိုကူညီခွင့်မရလို့ဆိုပြီး မြန်မာပြည်သူတွေ အများအပြား အသက်ဆုံးရှုံးတာမျိုးကို ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီအနေနဲ့ လက်ပိုက်ကြည့်မနေသင့်ဘူးဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေက မြန်မာနိုင်ငံကိုပေးမယ့် နိုင်ငံတကာ အကူ
အညီတွေကို တာဝန်ယူမယ်လို့ ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာဒါရိုက်တာ ဘရက်ဒ် အဒမ်စ်
(Brad Adams) က အခုလို ဝေဖန်ပါတယ်။

“အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ အကူအညီတွေ အချိန်မီပို့ပေးနိုင်တဲ့၊ လုပ်နိုင်တဲ့အနေအထားမှာ မရှိပါဘူး။ ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဘေးဒုက္ခ
ကယ်ဆယ်ရေး ကျွမ်းကျင်တဲ့ အတွေ့အကြုံတွေ အာဆီယံနိုင်ငံတွေမှာ မရှိပါဘူး။
ရှိတယ်ဆိုရင်လည်း ရှိတာနဲ့ မလုံလောက်ပါဘူး။ နောက်တခုကတော့ အာဆီယံနိုင်ငံ
တွေဟာ မြန်မာစစ်အစိုးရကို နိုင်ငံရေးအရ အတိုက်အခံပြောရမယ့်ကိစ္စတွေ ရှိလာခဲ့
ရင် မပြောပါဘူး။ ဘယ်တုန်းကမှလည်း အတိုက်အခံမလုပ်ဘူး။ စစ်အစိုးရကို သူတို့
မိသားစုဝင်အဖြစ်ပဲ ဆက်ဆံနေပါတယ်။”

ဆိုင်ကလုံးမုန်တိုင်းဒဏ် ထိခိုက်ပြီး နှစ်ပတ်ကျော်လာတဲ့ အချိန်အထိ မြန်မာနိုင်ငံ
အတွင်း ဘေးဒုက္ခရောက်နေသူတွေရဲ့ ၃၀% ကိုပဲ အကူအညီ ပေးနိုင်သေးတဲ့
အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း ကြေညာထားပါတယ်။ တရားဝင်
ခန့်မှန်းထားတဲ့ သေဆုံးသူစာရင်းက ၈၀,၀၀၀ နီးပါးရှိပြီး ၅၀,၀၀၀ ကျော် ပျောက်ဆုံး နေတယ်ဆိုပေမယ့် သေဆုံးတဲ့အရေအတွက်ဟာ ဒီထက်ပိုပြီး များနိုင်တယ်လို့ တွက်ဆထားကြပါတယ်။

မြန်မာစစ်အစိုးရက အကူအညီတွေကို သူတို့ဘာသာ နိုင်နိုင်နင်းနင်း ပေးနိုင်တဲ့
အကြောင်း ပြောဆိုတာနဲ့ ပတ်သက်လို့လည်း ဘရက်ဒ် အဒမ်စ်က …

“မြန်မာစစ်အစိုးရအနေနဲ့ အခုကြုံရတဲ့ ဘေးဒုက္ခဆိုးကြီးကို ထိထိရောက်ရောက်
ကယ်တင်နိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူတို့ ဒီလိုပြောတာ ရယ်ဖို့ကောင်းပါတယ်။ အလောင်းတွေကို ရှင်းလင်းတာ၊ လူအများကျန်းမာရေးကို မထိခိုက်အောင် ကာကွယ် တာမျိုးတွေကိုတောင် မလုပ်နိုင်ပါဘူး။ စစ်ခေါင်းဆောင်တွေ ဘေးဒုက္ခရောက်တဲ့
နေရာကို သွားပြီး ကူညီချင်ယောင်ဆောင် ဓာတ်ပုံရိုက်တာပဲ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရက အကူအညီတွေကို တံခါးဖွင့်မပေးမခြင်း မလိုအပ်တဲ့
သေဆုံးမှုတွေနဲ့ ဘေးဒုက္ခတွေ ရောက်ရလိမ့်မယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်
လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာဒါရိုက်တာ ဘရက်ဒ် အဒမ်စ်က ပြောပါတယ်။

မြန်မာ့အရေး လုံခြုံရေးကောင်စီက အရေးမယူခင်မှာ ဘယ်လောက် မအောင်မြင်တဲ့ သံတမန်ရေးအရ ချဉ်းကပ်မှုတွေနဲ့ အစည်းအဝေးတွေ ကျင်းပနေဦးမှာလဲလို့လည်း မေးခွန်းထုတ်ပါတယ်။ မြန်မာနိုင်ငံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်သွားပြီး
နိုင်ငံတကာ အကူအညီတွေ ပေးနိုင်ရေး ညီလာခံတခုကျင်းပဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း …

“ဒါဟာ စစ်အစိုးရဘက်က အချိန်ဆွဲတဲ့ လုပ်ရပ်တခုပါ။ ဒီအစည်းအဝေးကြောင့် နိုင်ငံ
တကာ အကူအညီတွေ ပိုရမယ်ဆိုရင်တောင် မလုံလောက်ပါဘူး။ ဒါက စစ်အစိုးရဘက်
က ဝါဒဖြန့်တာသက်သက်ပါ။ နောက်ထပ် ၅ ရက် အချိန်ပိုကုန်မယ်။ စစ်အစိုးရဘက်က ဟိုပြောဒီပြော ပြောမယ်၊ အချိန်ဆွဲမယ်။ ဒီအချိန်ကာလအတွင်းမှာ လူတွေအများအပြား သေဆုံးသွားနိုင်ပါတယ်။” လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အာရှရေးရာ
ဒါရိုက်တာ ဘရက်ဒ် အဒမ်စ် ပြောဆိုသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG