သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသူ အန်န်အယ်လ်ဒီလူငယ်တချို့ အဖမ်းခံရ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကိုသွားရောက်တဲ့ အချိန်မှာပဲ
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်အဖွဲ့ဝင် အနည်းဆုံး
၁၁ ယောက်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းကို နောက်ထပ်တနှစ် စစ်
အစိုးရက သက်တမ်းတိုးလိုက်တယ်လို့လည်း သတင်းထွက်နေပါတယ်။ အသေးစိတ်ကို
ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီနေ့မနက် ၂ နာရီနောက်ပိုင်းမှာ အန်န်အယ်လ်ဒီအဖွဲ့ဝင်လူငယ် အနည်းဆုံး
၁၁ ယောက် အဖမ်းခံခဲ့ရတယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း
က ပြောပါတယ်။ အဖမ်းခံရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပါဘူး။ အဖမ်း ခံခဲ့ရတဲ့သူတွေထဲက တချို့ဟာ လေဘေးဒဏ်ခံရတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ငန်း
တွေ လုပ်ကိုင်နေတဲ့သူတွေ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့သူ ၁၁ ယောက်ထဲက
ကိုထွန်းဇော်ဇော်နဲ့ ကိုခင်ထွန်းတို့ဟာ အန်န်အယ်လ်ဒီ ဗဟိုလူငယ်တွေဖြစ်ပါတယ်။
သူတို့အဖမ်းခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုပါတယ်။

“ကိုခင်ထွန်းက အဲဒီတာဝန်အပြင် လက်ရှိအားဖြင့် လူငယ်ပြန်လည်ဖွဲ့စည်းရေး
အောက်ဗမာပြည် တာဝန်ခံ၊ ဒီဟာကိုလည်း သူဆောင်ရွက်ပါတယ်။ စုစုပေါင်း ကျနော် အတည်ပြုလို့ရတာ ၁၁ ယောက်ရှိပါတယ်။ ကျနော်တို့လည်း မသိသေးဘူး။ မိသားစုနဲ့
လည်း သူတို့ အဆက်အသွယ် ပြန်မရသေးပါဘူး။”

ကျန်တဲ့သူတွေကတော့ ကျော်ကျော်မိုး၊ ကိုအောင်သီ၊ ကိုပေါက်စ၊ ဒေါ်ရှမ်းမ၊
ထက်ထက်ဦးဝေ၊ မချို၊ ကိုအေးလွင်၊ မဥမ္မာ၊ မဝင်းပပတို့ ဖြစ်ပါတယ်။ အခုအချိန်အထိ ဖမ်းဆီးခံခဲ့ရသူတွေနဲ့ ဆက်သွယ်ခွင့်မရသေးဘူးလို့လည်း အန်န်အယ်လ်ဒီ ပြောရေး
ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒီအတောအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် အကျယ်ချုပ်သက်တမ်းကို နောက်ထပ်တနှစ် သက်တမ်းတိုးလိုက်တယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီဘက်ကတော့ အတည်ပြုချက်
မပေးသေးပါဘူး။ တကယ်လို့ သက်တမ်းတိုးတယ်ဆိုရင် ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တခု
ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

“အန်န်အယ်လ်ဒီရဲ့ သဘောထားက ဒီလိုအချိန်မျိုး၊ အခုလို အမျိုးသားရေးတာဝန်တွေ
အကြီးအကျယ် အားလုံး ညီညီညွတ်ညွတ် ဆောင်ရွက်ရမယ့် အချိန်မျိုးမှာ ဥပဒေနဲ့
လည်း မညီဘဲနဲ့ အဓိပ္ပာယ်မရှိ ပုဂ္ဂိုလ်တဦးချင်းအပေါ်မှာ ဘာပြစ်မှုမှလည်းမရှိဘဲနဲ့၊ စုံစမ်းစစ်ဆေးခြင်း၊ တရားရုံးတင်ခြင်းလည်း မရှိဘဲနဲ့ ဒီလို ဆက်လက်ပြီး တိုးချဲ့တယ်
ဆိုရင်တော့ ဥပဒေအရ လွဲမှားတယ်။ လုံး၀ မျှတမှုမရှိတဲ့အပြင် ဥပဒေလည်း မှားတယ်
လို့ ပြောချင်ပါတယ်။”
အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG