သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် မုန်တိုင်းသင့် ဒေသတွေကို သွားရောက်အားပေး


ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ကျုံဒါးဒုက္ခသည်စခန်းကို သွားရောက်အားပေးခဲ့တယ်လို့ ကုလသမဂ္ဂက ပေးပို့တဲ့ ရိုက်တာစ် သတင်း တပုဒ်မှာ ဖေါ်ပြထားပါတယ်။

အဲဒီဒုက္ခသည်စခန်းဟာ စနေနေ့က သံတမန်တွေကို ပြသခဲ့တဲ့ စခန်းပဲလို့ မစ္စတာ ဘန်ကီမွန်းနဲ့အတူ လိုက်ပါသွားခဲ့တဲ့ ကုလသမဂ္ဂ အရာရှိတစ်ဦးက ပြောပါတယ်။ ဒုက္ခသည်တွေ နေထိုင်ဘို့ ယာယီ ရွက်ဖျင်တဲတစ်ရာခန့်ကို စီစီရီရီ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

မိသားစု ဆုံးရှုံးသွားခဲ့တဲ့ ဒုက္ခသည်အမျိုးသမီးတယောက်ကို မစ္စတာ ဘန်ကီမွန်းက အားပေး စကားပြောခဲ့ပါတယ်။ သူ သိပ်စိတ်မကောင်း ဖြစ်ရပါကြောင်း မျှော်လင့်ချက်တွေကို လက်မလျှော့ ကြဘို့နဲ့ လိုအပ်နေတဲ့ အကူအညီတွေအတွက် ကုလသမဂ္ဂ လာရောက်နေပါပြီလို့ ပြောပြီးတော့ တကမ္ဘာလုံးကလည်း မြန်မာနိုင်ငံကို ကယ်တင်ဘို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ကျုံဒါး ဒုက္ခသည် စခန်းမှာ စစ်အစိုးရ စွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီက ကြိုဆိုခဲ့ပါတယ်။

ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးပြီမို့ နိုင်ငံဟာ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိလာတော့မယ်လို့ ဗိုလ်မှူးချုပ်လွန်းသီက ပြောကြောင်း ရိုက်တာစ်သတင်းမှာ ဖေါ်ပြထားပါတယ်။

စပါးခင်းတွေ ဆားငန်ရည်ဝင်လို့ ပျက်ဆီးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာ ဘန်ကီမွန်းက မေးမြန်းရာမှာ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်လို့ပြောပြီး စပါးခင်းတွေက ရေငန်ကို ခံနိုင်ရည်စွမ်းရှိတယ်လို့ တာဝန်ရှိသူတွေက ဖြေဆိုခဲ့ပါတယ်။

မြန်မာစစ်အစိုးရဟာ ပျော့ပြောင်းတဲ့ လက္ခဏာတွေပြသနေတယ်လို့ မစ္စတာ ဘန်ကီမွန်းက သတင်းထောက်တွေကို ပြောတဲ့အကြောင်း ရိုက်တာစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ မြစ်ဝကျွန်းပေါ်ဒေသကို မထွက်ခွာမှီ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတကာ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေကို မုန်တိုင်းသင့် ဒေသတွေကို သွားလာခွင့် မရလို့ စိတ်ပျက်တဲ့အကြောင်းတွေ သဘာ၀ ဘေးအန္တရယ် ကြောင့် ပျက်ဆီးဆုံးရှုံးမှု ပမာဏ အတိုင်းအတာဟာ မြန်မာတနိုင်ငံတည်းက ကိုင်တွယ်နိုင်စွမ်း လက်လှမ်း မမှီတာမို့ နိုင်ငံတကာ အထောက်အပံ့တွေ လိုအပ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန်ကတော့ ကယ်ဆယ်ရေး အပိုင်းက ပြီးစီးသွားပြီမို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်ကြဘို့ပဲ ရှိတော့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG