သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်သင်္ဘောတွေ ဝင်ရောက် ကူညီခွင့်ပြုရေး သမ္မတကတော် လော်ရာဘုရှ် တောင်းဆို


မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းသင့် ဒုက္ခသည်တွေကို အမေရိကန် ပြည်ထောင်စုက လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးနိုင်ရေး ခွင့်ပြုဖို့အတွက် နှောင်ကြိုးမပါတဲ့ အမေရိကန် သမ္မတကတော် လော်ရာဘုရှ်ကနေ စစ်အစိုးရကို ထပ်မံ တောင်းဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဒီအကူအညီတွေကို ပေးဖို့အတွက် ဘာမှ ချွင်းချက်တွေ ကန့်သတ်ချက်တွေ မထားဘဲ ဒါဟာ နှောင်ကြိုးကင်းတဲ့ အကူအညီတွေ ဖြစ်တယ်လို့လည်း IBB အမေရိကန်အစိုးရရဲ့ နိုင်ငံတကာအသံလွှင့်ဌာနကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ VOA သတင်းထောက် Robert Raffaele သတင်းပေးပို့ထားတာဖြစ်ပါတယ်။

မုန်တိုင်းသင့်ဒုက္ခသည် ၁၀ယောက်မှာ ၈ယောက်ဟာ အကူအညီ အထောက်အပံ့တွေမရဘူးလို့ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်ကို သူ့အနေနဲ့ စိုးရိမ်မိတဲ့အကြောင်း သမ္မတကတော် လော်ရာဘုရှ်က ပြောပါတယ်။

“မြန်မာစစ်အစိုးရကသာ ခွင့်ပြုမယ်ဆိုရင် အမေရိကန်အနေနဲ့ ကူညီပေးနိုင်တာတွေ အများကြီး ရှိပါတယ်။ မြန်မာကမ်းရိုးတမ်းအနီးမှာ ဆိုက်ကပ်ထားထားတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ရှိပါတယ်။ ဒီသင်္ဘောတွေမှာ သဘာဝဘေးအန္တရာယ်ဖြစ်လာရင် ကူညီကယ်ဆယ်နိုင်တဲ့ အထောက်အကူ ပစ္စည်းတွေ အများကြီးပါပါတယ်။ ဒီသင်္ဘောထဲမှာ ပင်လယ်ဆားငန်ရေကနေ သောက်ရေအဖြစ် စစ်ထုတ်လို့ရတဲ့ ပစ္စည်းကိရိယာတွေ၊ ဒုက္ခသည်တွေ အတွက် သောက်ရေသန့် တွေလည်း ပါပါတယ်။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်လို့ ကျမ ထင်ပါတယ်။” - လို့ အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ်က ပြောဆိုခဲ့တာပါ။

အရေးပေါ် အကူအညီတွေ လက်ခံဖို့ ကုလသမဂ္ဂ အကူအညီလောယာဉ် ၉ စင်းကို မြန်မာ စစ်အစိုးရက လက်ခံဖို့ သဘောတူထားပါတယ်။ ဒါပေမယ့်လည်း အကူအညီပေးလိုတဲ့ အမေရိကန် ရေတပ်တွေကိုတော့ ကမ်းကပ်ခွင့် မပြုသေးပါဘူး။ အခုဆိုရင် အမေရိကန်ဖက်က အထောက်အပံ့ လေယာဉ်တွေ အစီးပေါင်း ၄၀ စာမုန်တိုင်းဒဏ် ခံရတဲ့ ဒုက္ခသည်တွေဆီ ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်လို့ အမေရိကန်စစ်ဖက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

မြန်မာစစ်အစိုးရ သတင်းစာမှာ အမေရိကန်ရဲ့ အထောက်အပံ့တွေဟာ နှောင်ကြိုးပါတယ်လို့ ဝေဖန် ဆောင်းပါး ရေးသားခဲ့တာနဲ့ပတ်သက်လို့ မစ္စလောရာ ဘုရှ်က ငြင်းဆိုပါတယ်။

“အစိုးရသတင်းစာမှာ အမေရိကန်ရဲ့ အကူအညီမှာ နှောင်ကြိုးတွေပါတယ်လို့ ဖော်ပြထားပေမယ့် မြန်မာစစ်အစိုးရကနေ ဒါကို တရားဝင် ပြောကြားတာ မတွေ့ရသေးပါဘူး။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရကို ထပ်ပြီး တိုက်တွန်းချင်တာက ကျမတို့ ကမ်းလှမ်းတဲ့အကူအညီကို လက်ခံပါ။ ဒုက္ခသည်တွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်တဲ့ပစ္စည်း ကိရိယာတွေ ကျမတို့မှာ ရှိနေလို့ပါ။” လို့ မစ္စ လောရာဘုရှ်က ပြောပါတယ်။

ဒီလအစောပိုင်းတုန်းကလည်း မစ္စ လောရှာဘုရှာ အိမ်ဖြူတော်မှာ မြန်မာမုန်တိုင်း ဒုက္ခသည် အကူအညီပေးနိုင်ရေး အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ် လုပ်ခဲ့ပါသေးတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်နိုင်ဘဲ အချိန်မဆိုင်းဘဲ အမေရိကန်အကူအညီကို လက်ခံဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ အကူအညီတွေကို ဆက်ပြီး ငြင်းဆန်နေမယ် ဆိုရင်တောင်မှ ဒုက္ခသည် တွေကို ကယ်ဆယ်နိုင်ဖို့ နိုင်ငံတကာ အကူအညီတွေကို ဆက်လက် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံထဲကို ဝင်ရောက်ခွင့်ရတဲ့ နိုင်ငံတကာအဖွဲ့စည်းတွေဖြစ်တဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့တို့လို အာဆီယံ၊ ယူနီဆပ် တိုနဲ့ ပူးပေါင်းပြီး မြန်မာမုန်တိုင်းဒုက္ခသည်တွေကို ကူညီနိုင်အောင် ကျမတို့ ဆက်လက် ကြိုးပမ်းသွားမှာပါ။ ဒီအဖွဲ့တွေ ကနေတဆင့် ဒုက္ခသည်တွေကို လက်တလော ကူညီနေတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကနေတဆင့် ကျမတို့ရဲ့ အကူအညီတွေကို ပေးသွားပါမယ်။” လို့ မစ္စ လောရာဘုရှ်က ပြောသွားတာပါ။

နိုင်ငံတကာမိသားစုကြီးတစ်ခုလုံးက မြန်မာပြည်သူတွေကို ကူညီဖို့ ကြိုးပမ်းနေတယ်ဆိုတာကို မြန်မာနိုင်ငံသားတွေ အနေနဲ့အတူ သိစေချင်ပါတယ်လို့လည်း အမေရိကန်သမ္မတ ကတော် လောရာဘုရှ်က ပြောဆိုခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG