သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ လေဘေး ကယ်ဆယ်ရေးလုပ်သား အားလုံးကို စစ်အစိုးရ လက်ခံမည်


မြန်မာစစ်အစိုးရက နိုင်ငံခြားက အကူအညီပေးရေး လုပ်သားအားလုံးကို မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ပေးပြီး လေဘေးဒဏ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ သဘောတူလိုက်တဲ့ အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဒီနေ့ နေပြည်တော်မှာ ၂ နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီး တဲ့နောက် မစ္စတာ ဘန်ကီမွန်းက အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီလို စစ်အစိုးရဘက်က သဘောတူလိုက်တာဟာ မြန်မာပြည် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံလိုက်ရပြီးတဲ့နောက် ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခု ဖြစ်တယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

စောစောပိုင်းတုန်းကတော့ မြန်မာစစ်အစိုးရက နိုင်ငံခြားက လေဘေးဒဏ် ကယ်ဆယ်ရေး လုပ်သားတွေ တိုင်းပြည်အတွင်း ဝင်ရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ အပြည့်အ၀ လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်မပြုခဲ့ပါဘူး။

မစ္စတာ ဘန်ကီမွန်းဟာ မနေ့က ဆိုင်ကလုန်းမုန်တိုင်းဒဏ် အကြီးအကျယ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်းကို သွားရောက်ပါတယ်။ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံရတဲ့နေရာတွေကို လေယာဉ်ပေါ်ကနေ ကြည့်ပြီး လေဘေးဒဏ် ကယ်ဆယ်ရေး စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။

လေဘေးဒဏ်ကယ်ဆယ်ရေးစခန်းမှာ မုန်တိုင်းကြား မိသားစု ဆုံးရှုံးသွားတဲ့သူတွေကို တွေ့ဆုံပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံမှာ လေဘေးဒဏ်ကြောင့် ဒုက္ခရောက်သူတွေထဲက ၂၅ % လောက်ကိုပဲ လောလောဆယ် အထိ အကူအညီ ပေးနိုင်သေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကတော့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၇၈,၀၀၀ လောက် သေဆုံးပြီး ၅၀,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG