သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပုံအတွက် ကြိုတင်ဆန္ဒမဲပေး


ဒီကနေ့မနက် ၁၁ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို မြန်မာအာဏာပိုင်တွေ ရောက်ရှိ လာပြီးတော့ မနက်ဖန် ရန်ကုန်တိုင်းက မြို့နယ်အသီးသီးမှာ ပြုလုပ်မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲဆိုင်ရာ ကြိုတင်မဲတွေကို တောင်းယူသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကြိုတင်မဲပေးတာနဲ့ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်းက ဆက်သွယ်တော့ ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ကျနော်တို့ သိတာကတော့ ဒီကနေ့မနက်မှာ အဲဒီ ကော်မရှင်ရယ်လို့မသိဘူး။ ဧည့်သည်လာမှာမိုလို့ ဆိုပြီးတော့ အစီအစဉ်တွေ ရှိတယ်။ ကျနော်တို့ကလည်း ခန့်မှန်းတာကတော့ ဒီကိစ္စပဲလို့ ခန့်မှန်းတယ်။ ကျနော်တို့ ခန့်မှန်းတာပဲ ရှိတယ်။ ကျနော်တို့ တိုက်ရိုက် အဆက်အသွယ်တော့ မရှိပါဘူး။ ဒါ ဖြစ်နိုင်တယ်လို့ပဲ ပြောနိုင်ပါတယ်။”

ဒီကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၇ ရက်နေ့မှာ ထပ်ပြီးတော့ နေအိမ်အကျယ်ချုပ်သက်တမ်း တိုးဖို့ရှိတဲ့ကိစ္စနဲ့ နှစ်ခုပေါင်းပြီးလာတာရော ဖြစ်နိုင်ပါသလားခင်ဗျ။ -

“အဲဒီလိုတော့ မဖြစ်နိုင်ဘူး။ ဒီကိစ္စက တစ်ခုစီပဲ ဖြစ်ပါလိမ့်မယ်။”

ဟုတ်ကဲ့။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း တိုးတယ်ဆိုတာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အခုချိန်မှာ အတည်မပြုနိုင်သေးဘူးပေါ့။ -

“ဟုတ်ပါတယ်။ ကျနော်တို့ အတည်မပြုနိုင်သေးပါဘူး။ ဖြစ်လည်း မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဥပဒေအရ ကျနော်တို့ ပြောတာပါ။”

ဟုတ်ကဲ့။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ထောက်ခံမဲ ပေးမယ်လို့ ယူဆပါသလား။ ကန့်ကွက်မဲ ပေးမယ်လို့ ယူဆပါသလား။ -

“သေချာသလောက် ရှိတာကတော့ ကန့်ကွက်မဲ ပေးမှာပါ။”

ဟုတ်ကဲ့ပါဆရာ။ အဲဒီတော့ ကြိုတင်ကောက်ခံမဲ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လာပြီးတော့ တောင်းခံသွားတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် လူကြီးတွေရော သိရှိပါသလားခင်ဗျာ။

“သိရှိပါသလားဆိုတော့ ကျနော်တို့လည်း သတင်းကြားတာတော့ ရှိမယ်။ တိတိကျကျ အတည်ပြု နိုင်တဲ့ ကျနော်တို့ လက်ခံနိုင်တဲ့ ကျနော်တို့ အတည်ပြုနိုင်တဲ့ သတင်းတော့ ကျနော်တို့မှာ မရှိပါဘူး။”

ဒီမုန်တိုင်းဒဏ်သင့်ထားတဲ့ ရန်ကုန်တိုင်းမှာတော့ လူထုဆန္ဒခံယူပွဲက လုပ်ကိုလုပ်ဖြစ်မယ်ပေါ့။

“ဟုတ်ပါတယ်။ ဒီအစီအစဉ်အတိုင်းပဲ တွေ့နေရပါတယ်။”

ကျေးဇူးတင်ပါတယ်ဆရာ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကြိုတင်မဲ ပေးခဲ့တာနဲ့ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG