သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာက ကန့်ကွက်နေသည့်ကြား ဖွဲ့စည်းပုံကို စစ်အစိုးရ အတည်ပြု


မြန်မာစစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပ
ဒေကို အတည်ပြုလိုက်တဲ့အကြောင်း ဒီနေ့ ညနေသတင်းမှာ ကြေညာသွားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေ
က စစ်အစိုးရကို ပြစ်တင်ရှုတ်ချတဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါ
တယ်။ အပြည့်အစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ၂၀၀၈ မူကြမ်းကို ဒီလအတွင်း
ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲက အတည်ပြုလိုက်ပြီလို့ စစ်အစိုးရက ကြေညာ သွားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုးထားတဲ့ အတည်ပြုချက်
ကို ကြေညာတာဖြစ်ပါတယ်။

မဲဆန္ဒရှင် ၂၄,၇၀၀,၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၉၂.၄၈% ထောက်ခံမဲပေးကြ
တယ်လို့ ဆိုပါတယ်။ ကန့်ကွက်မဲပေးသူက ၁,၆၀၀,၀၀၀ ရှိပြီး ရာခိုင်နှုန်းအားဖြင့်
၆.၁ ရှိခဲ့ပါတယ်။ ပယ်မဲကတော့ ၄၀၀,၀၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေဖြစ်တဲ့ ချက်
သမ္မတဟောင်း ဗားဆလပ် ဟာဗဲလ် (Vaclav Havel)၊ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး
(Desmond Tutu)၊ ဂျာမဏီနိုင်ငံသမ္မတဟောင်း ရစ်ချတ် ဗွန် ဝိုင်ဇက်ကာ (Richard
von Weizsacker) တို့ကတော့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

မကြာခင်က ကြုံတွေ့ခဲ့ရတဲ့ လေပြင်းမုန်တိုင်းဒဏ်ကြောင့် မြန်မာပြည်သူတွေ ဒုက္ခ
ပင်လယ် ဝေနေရချိန်မှာ နိုင်ငံကိုအုပ်စိုးထားတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရေးဆွဲတဲ့ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲကို မဖြစ်မနေ ဆက်လက်ပြုလုပ်ခဲ့ကြတယ်၊ ရဟန်း သံဃာတော်တွေနဲ့ တိုင်းရင်းသား နယ်စပ်ဒေသကလူတွေ အတော်များများဟာ ဆန္ဒမဲ
ပေးခွင့် မရခဲ့ကြဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရုံးမတင်၊ တရားမစွဲဘဲ နေအိမ်အကျယ်ချုပ်မှာ ဆက်လက်ထားရှိပြီး ရွေးကောက်ပွဲဝင်ခွင့်လည်း ပိတ်ပင်ထား
ခဲ့တယ်။ ဒီလို အဓိပ္ပာယ်ကင်းမဲ့တဲ့လုပ်ရပ်တွေကို ကမ္ဘာကြီးက လက်သင့်ခံကြမလားလို့ မေးခွန်းထုတ်ထားပါတယ်။ မိမိတို့အနေနဲ့ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူ တွေဆန့်ကျင်ကြဖို့ မြန်မာအတိုက်အခံတွေရဲ့ လှုံ့ဆော်မှုကို ထောက်ခံတယ်လို့ ကြေညာ
ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေဘေးဒုက္ခသည်တွေအတွက် ပြည်ပအကူအညီတွေကို စစ်အစိုးရက ဟန့်တားနေခြင်းဆိုတဲ့ မဟာရက်စက်မှုကြီးကို ကမ္ဘာ့ကုလသမဂ္ဂက ရှုတ်ချရုံသာမက ဟန့်တားသင့်တယ်၊ ဒီဒုက္ခသည်တွေ ဆက်လက်သေဆုံးခဲ့ရရင် စစ်အစိုးရရဲ့တာဝန် လုံးလုံးဖြစ်စေရမယ်လို့လည်း ဖော်ပြထားပါတယ်။

နောက်ဆုံးအနေနဲ့ အဲဒီကြေညာချက်မှာ ဖော်ပြထားတာက စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲဟာ
ဒီမိုကရေစီနဲ့ လုံးဝနီးစပ်ခြင်း၊ ဒီမိုကရေစီကို ဦးတည်ခြင်းမရှိဘူး၊ စစ်အစိုးရဟာ သူ့
ပြည်သူတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်သော်လည်း နိုင်ငံတကာက ထိထိ
ရောက်ရောက်၊ ပြတ်ပြတ်သားသား နိုင်ငံရေးအရ အရေးယူနိုင်ခြင်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG