သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ဝင်ခွင့်မပေးလျှင် အမေရိကန် စစ်သင်္ဘောများ ရက်ပိုင်းအတွင်း ပြန်လည် ဆုတ်ခွာဖို့ရှိ


မြန်မာနိုင်ငံအတွက် ဆိုင်ကလုန်း ကပ်ဘေး ကယ်ဆယ်ရေး သဘောတူညီချက် ပစ္စည်းတွေကို အမေရိကန်က ပေးပို့တဲ့နေရာမှာ ဒုက္ခသည်တွေကို ဘယ်လောက်ထိ ရောက်ရှိသလဲဆိုတာ သူ့အနေနဲ့ အသေအချာ မသိရှိတဲ့အကြောင်း ပစိဖိတ် ဝန်းကျင်ဆိုင်ရာ တပ်မမှူးက ပြောပါတယ်။ ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေမှာလည်း အမေရိကန် စစ်မှုထမ်းတွေကို မြန်မာ စစ်ခေါင်းဆောင် ပိုင်းက ပါဝင်ကူညီခွင့်မပြုဘူးဆိုရင်တော့ မြန်မာ ကမ်းလွန်ပိုင်းမှာ စောင့်နေဆဲရှိတဲ့ အမေရိကန် ရေတပ်သင်္ဘောတွေကို သိပ်ကြာကြာတော့ သူ့အနေနဲ့ ဆက်ထားနိုင်မှာ မဟုတ်တဲ့ အကြောင်းလည်း ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုသီ ကီတင်က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပန်တဂွန် စစ်ဌာနချုပ်ကနေပြီး ဗွီအိုအေ သတင်းထောက် အယ်ပတ်ဆင် သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးပါတယ်။

အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး တင်မိုသီ ကီတင်အပြောအရကတော့ ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ ကို တခေါက်ကို မက်ထရစ်တန်ချိန် ၃၇၀ ကယ်ဆယ်ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဆီ ၁၃၀ အမျိုးအစား အမေရိကန် စစ်လေယာဉ် အခေါက်ပေါင်း (၇၀) ပို့ဆောင် ပေးနိုင်ခဲ့ပေမယ့် အဲဒီ ကယ်ဆယ်ရေး ပစ္စည်းတွေဟာ အခုလ စောစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ဒေသတွေမှာ ဘယ်ပုံ၊ ဘယ်နည်း ဒုက္ခသည်တွေကို ဖြန့်ချီမှုပေးနေတယ်ဆိုတာကိုတော့ သူ့အနေနဲ့ အသေအချာ မပြောနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ အခုလို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“ကယ်ဆယ်ရေး ပစ္စည်းတွေ ဒုက္ခသည်လက်ထဲကို ရောက်မရောက်ကတော့ သိနိုင်ဖို့ ခဲယဉ်း နေတုန်းပါပဲ။ ပစ္စည်းတွေကိုတော့ ရန်ကုန်မှာပဲ ပို့ပေးခဲ့ရပါတယ်။ အဲဒီကနေတဆင့် ဖြန့်ချီ ပေးတာကိုတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အကန့်အသတ်နဲ့ လုပ်ခွင့်ရတာ ရှိပေမယ့် အများစုကတော့ မြန်မာစစ်အစိုးရက ကြီးကြပ်ဖြန့်ချီပေးနေတာပါ။ အဲဒီပစ္စည်းတွေ ဘယ်တွေကို ရောက်နေပြီဆိုတာ ကျွန်တော်တို့ သိသလားလို့ မေးမယ်ဆိုရင်တော့ အဲဒီ ကယ်ဆယ်ရေး ပစ္စည်း တွေ ဘယ်ကို ပို့ကြသလဲဆိုတာကို ကျွန်တော်တို့ မသိဘူးလို့ ဖြေရမှာပါပဲ။”

မြန်မာနိုင်ငံအတွင်းမှာ ကယ်ဆယ်ရေး အမှုတမ်းတွေရှိကြတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ မှာတော့ သတင်း အချက်အလက်တွေ သူ့အနေနဲ့ ရရှိခဲ့ပေမယ့် အဲဒီအချက်အလက်တွေ ကလည်း မပြည့်မစုံတဲ့အကြောင်း ပစ္စည်းတွေဟာ ဒုက္ခသည်တွေ လက်ထဲ ရာနှုန်းပြည့်ရောက်တယ်လို့ မဆို နိုင်ပေမယ့် ရောက်သင့်သလောက်တော့ ရောက်တယ်လို့ သူယူဆရကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး ကီတင်က ပြောသွားပါတယ်။

ကုလသမဂ္ဂအရာရှိတွေကတော့ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ လူ ၂သန်းခွဲအနက် တသန်းနီးပါးလောက် ထံကို ကယ်ဆယ်ရေး ပစ္စည်းတွေ ရောက်တယ်လို့ ဆိုကြပါတယ်။ လောလောဆယ်မှာတော့ မြန်မာ စစ်ခေါင်းဆောင်တွေက ထိုင်းနိုင်ငံကတဆင့် အမေရိကန် စစ်လေယာဉ်တွေကို ရန်ကုန်မှာ လာပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ပို့ဆောင်ခွင့် ပေးနေတာဖြစ်ပါတယ်။

မြန်မာ့ကမ်းလွန်ပိုင်း နိုင်ငံတကာ ရေပြင်ပိုင်နက်မှာတော့ အမေရိကန်နဲ့ တခြား ရေတပ် သင်္ဘောတွေ ပေါ်မှာ ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ဆေးဝါးပစ္စည်းတွေ အတော်များများရှိပြီး မြန်မာ နိုင်ငံတွင်းကို တိုက်ရိုက် အဲဒီပစ္စည်းတွေ ပို့ဆောင်ပေးနိုင်ရေးအတွက် ဝင်ခွင့်ရဖို့ စောင့်နေကြတာ သတင်းနှစ်ပတ်ရှိသွားပြီ ဖြစ်ပါတယ်။ US စစ်သဘောၤကြီးဟာ လူနာ (၆၀၀)ကို လက်ခံ ကုသပေး နိုင်ပြီး ခွဲစိတ်ခြောက်ခန်းလည်း ပါပါတယ်။ ဒါ့အပြင် ကမ်းတက် ရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ လည်း ရှိတဲ့အတွက် သာမန် အရောက်အပေါက်ခက်ခဲတဲ့ မုန်တိုင်းဒဏ်သင့် ဒေသတွေကို အလွယ်တကူ သွားရောက် ကူညီနိုင်မှာလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ နိုင်ငံတကာ ကယ်ဆယ်ရေး အမှုထမ်းတွေကို လက်ခံပေမယ့် စစ်ဘက် ကယ်ဆယ်ရေး အမှုထမ်းတွေကိုတော့ လက်မခံနိုင်ဘူးလို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။ ရေတပ် ဗိုလ်ချုပ်ကြီး ကီတင်ကတော့ ကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုအတွက် ကူညီဖို့ မြန်မာစစ်စိုးရက သူတို့ကို ဝင်ခွင့်မပြုဘူးဆိုရင်တော့ သူ့ရဲ့ စစ်သင်္ဘောတွေကို ကြာကြာဆက်ပြီး စောင့်ခိုင်းနိုင် တော့မှာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“မြန်မာစစ်အစိုးရ အရာရှိတွေဘက်က လာခွင့်ပြုမယ့် မီးစိမ်းမပြဘူးဆိုရင်တော့ အမေရိကန် စစ်သင်္ဘောတွေအနေနဲ့ နောက်ထပ် သီတင်းပတ်ပေါင်းများစွာ ဆက်ပြီးတော့ စောင့်နိုင်မယ် လို့တော့ ကျွန်တော် မထင်ပါဘူး။ လာမယ့်ရက် အနည်းငယ်အတွင်းမှာတော့ အဖြေထွက် ပါလိမ့်မယ်။”

မြန်မာ မုန်တိုင်းဘေး ဒုက္ခသည်တွေအတွက် သေရေးရှင်ရေး တမျှလိုအပ်တဲ့ အကူအညီတွေ ပေးနိုင် ဖို့ ထိုင်းနိုင်ငံမှာ စောင့်နေ၊ မြန်မာ့ကမ်းလွန်ပိုင်းမှာလည်း စောင့်နေကြသူတွေကို အကူအညီ ပေးနိုင် ဖို့ ဝင်ခွင့်မပြုတဲ့အတွက်လည်း သူ့အနေနဲ့ သိပ်ကို စိတ်ပျက်မိတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီး ကီတင် က ပြောပါတယ်။

“ကယ်ဆယ်ရေး အကူအညီတွေကို လက်ခံမယ်လို့ ပြောရုံပါပဲ။ အဲဒီလိုမျိုး မြန်မာစစ်အစိုးရဘက်က ပြောလိုက်တာနဲ့ တစ်နာရီအတွင်း ကယ်ဆယ်ရေး ပစ္စည်းတွေ တော်တော်များများကို ကမ်းခြေ အထိအရောက် ကျွန်တော်တို့ ပေးပို့နိုင်ပါတယ်လို့ ကျွန်တော် ပြောပါရစေ။”

ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒါ့ထက် အတိုင်းအတာ ပိုကြီးကြီးမားမား ပေးပို့ခွင့်အပေါ် အရင်က ကန့်သတ်မှုတွေ ရှိပေမယ့် မြန်မာစစ်ခေါင်းဆောင်ဘက်က အခု လျော့ပေးမယ့် အနေအထားမျိုးမှာ ရှိနေပုံပေါ်တယ်လို့ ထိုင်းနိုင်ငံရှိ အမေရိကန် အစိုးရ အရာရှိတွေ ယုံကြည်နေပုံရတယ်လို့လည်း ရေတပ်ဗိုလ်ချုပ်ကြီး ကီတင်ပြောပါတယ်။

ဒါ့အပြင် အမေရိကန် စစ်သဘောၤတွေဆီက ကယ်ဆယ်ရေး ပစ္စည်းတွေကို မြန်မာသင်္ဘောတွေ တဆင့် ကယ့်ယူပြီး ကမ်းကို ယူဆောင်သွားနိုင်မယ့် အစီအစဉ်ကိုလည်း သူအနေနဲ့ သဘောတူ နိုင်မယ့် အခြေအနေမှာ ရှိတယ်လို့ ရေတပ်ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

ဗြိတိန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ဌာနကတော့ မြန်မာစစ်အစိုးရအနေနဲ့ အဲဒီလိုမျိုး အစီအစဉ်ကို သဘောတူခဲ့တယ်လို့ ပြောပေမယ့် ဗိုလ်ချုပ်ကြီး ကီတင်ကတော့ သူအနေနဲ့ အဲဒီအကြောင်း မကြားသိသေးရပါဘူးလို့ ပြောပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG