သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို အကျယ်ချုပ် သက်တမ်း တိုးခြင်းအပေါ် ကမ္ဘာ့ ခေါင်းဆောင်များ ပြစ်တင် ရှုတ်ချ


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ငါးနှစ် ပြည့်ခဲ့တာကနေ နောက်တနှစ်သက်တမ်း ဆက်ပြီး တိုးလိုက်တဲ့ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့ ခေါင်းဆောင် တွေက အခုလို ဆက်လက် ထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်အတွက် ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။ အခုလို ဆက်ပြီး ထိန်းသိမ်းထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက်ကြောင့်လို့ စစ်အစိုးရက ပြောဆိုနေပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး အကျဉ်းသား အဖြစ်နဲ့ နေနေရတာလို့ အမေရိကန် ပြည်ထောင်စုကရော တခြား ဆန်းစစ်သူတွေ ကပါ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေဖြစ်လာအောင် ငြိမ်းငြိမ်းချမ်းချမ်း ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ သူ့ပါတီဝင်တွေကို မြန်မာ စစ်အစိုးရဘက်က လေးစားရမှာ ဖြစ်ပြီး စစ်အစိုးရရဲ့ မူဝါဒတွေ ပြောင်းလဲလာဖို့ အများက လိုလား နေကြသလို အမေရိကန် ပြည်ထောင်စုဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထားပြီးသားပါလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ တွမ်ကေစီက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်နေအိမ်အကျယ်ချုပ် သက်တမ်းတိုးလိုက်တဲ့ မြန်မာ စစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စုက သိပ် စိတ်ပျက်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် သံရုံးကတဆင့် မြန်မာ စစ်အစိုးရကို အမြဲတမ်းဖိအားပေးနေရုံနဲ့ မကဘဲ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အပါအဝင် တခြား တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အမြဲတောင်းဆိုနေပါတယ်။ ဒါဟာ ကိုယ့်ပြည်သူဆန္ဒကို မကြည့်တဲ့ အစိုးရနဲ့ ဆက်ဆံရတာမို့ ဒါဟာ သိပ်ကို ခက်ခဲတဲ့ ပြဿနာဖြစ်နေတာပါ။”

အမေရိကန် အခြေစိုက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကတော့ မြန်မာစစ်အစိုးရဟာ သူ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ငါးနှစ်ထက်ပိုပြီး ရုံးတင် မစစ်ဆေးဘဲ ချုပ်နှောင်ထားခွင့်မရှိတဲ့ ဥပဒေကို ချိုးဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားတယ်လို့ ပြောဆို ထားပြီး၊ သူ့ကို အခုလို ချုပ်နှောင်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်ဟာ ခိုင်ခိုင် မာမာ ဖြစ်နေပါတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ ခေါင်းဆောင်တွေဟာ အင်္ဂါနေ့မှာ အခုလို နေအိမ် အကျယ်ချုပ်သက်တမ်း နောက်ထပ်တိုးလိုက်တာကို အကြောင်းကြားလိုက်တာပါ။ အသက် ၆၂နှစ် ရှိပြီဖြစ်တဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၈နှစ်တာကာလ အတွင်း ၁၂နှစ်တာ နေအိမ်အကျယ်ချုပ် ချခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG