သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ Idiom အသုံးအနှုန်းများ အပိုင်း - ၇


Lame Duck

ဒီကနေ့အတွက် ပထမဆုံးတင်ပြမယ့် အီဒီယမ်အသုံး ကတော့ Lame Duck ဆိုတာပဲဖြစ်ပါတယ်။ စာလုံးပေါင်းက Lame နာနေတာ၊ Duck က ဘဲ ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ နာနေတဲ့ ဘဲပေါ့။ ခြေထောက် ကျိုးလို့ဖြစ်စေ၊ အတောင်ပံ ကျိုးလို့ဖြစ်စေပေါ့ရှင်။ အီဒီယမ်အသုံး အနှုန်းအရ တော့ နိုင်ငံရေးလောကမှာ ရာထူး လက်ကိုင်ရှိသူတဦး ရွေးကောက်ပွဲ ဝင်ဖို့ မဲဆွယ်လှုပ်ရှားခဲ့ပေမဲ့ ပြန်လည် ရွေးကောက်မခံရဘဲ အရှုံးနဲ့ရင်ဆိုင်ရတဲ့ ပုဂ္ဂိုလ်မျိုးကို ရည်ညွှန်းအသုံးပြု တာဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် အဓိပ္ပါယ်တမျိုးလည်းရှိ ပါသေးတယ်။ အမေရိကန် သမ္မတတဦးအနေနဲ့ သမ္မတသက်တမ်း နှစ်ဆက်အပြီး ဥပဒေ ကန့်သတ်ချက်အရ ဒုတိယသက်တမ်းမှာ ပြန်လည်ရွေးချယ် မခံရတဲ့ အတွက်လည်း သမ္မတဘုရှ် အနေနဲ့ သူ့ရဲ့သမ္မတသက်တမ်း ၂ ဆက်အပြီး ဒီနှစ်အကုန်အထိ သူဟာ သူ့သက်တမ်းကုန်ဖို့ စောင့်နေရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လဲ သူ့ကို Lame Duck President လို့ သတင်းမီဒီယာတွေ က ရည်ညွှန်းပြောတာဖြစ်ပါတယ်။

နောက်တက်မယ့် သမ္မတဟာ ဘယ်သူဖြစ်မယ်ဆိုတာကို အခုထိ မသိရသေးပေမဲ့ နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲအပြီး အဖြေထွက်လာ မှာပါ။ အဲဒီ ရွေးကောက်ခံသမ္မတအနေနဲ့ နောက်နှစ် ဇန္နဝါရီလမှာ ကျင်းပ မယ့် သမ္မတ သစ်ရဲ့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲကျမှ ရာထူးလက်ခံမှာဆိုတော့ လက်ရှိ မစ္စတာ ဘုရှ် အနေနဲ့ သမ္မတရာထူးမှာ အဲဒီကာလအထိ တာဝန်ထမ်း ဆောင်သွားရမှာဖြစ်ပါတယ်။

Lame Duck ဆိုတဲ့ အသုံးအနှုန်းကို သမ္မတသာမက လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ မြို့တော်ဝန် စသဖြင့် နိုင်ငံရေးလောကမှာ ရာထူး အမျိုးမျိုးမှာ ရည်ညွှန်းသုံး နိုင်ပါတယ်။ တနည်းဆိုရင် ရာထူးသက်တမ်းကုန်ဖို့ အချိန်ပိုင်း လပိုင်းအလို ရှိနေတဲ့ ပုဂ္ဂိုလ်မျိုးပါ။

တကယ်တော့ ဒီ Lame Duck ဆိုတဲ့ အသုံးဟာ စီးပွားရေးလောက ဆင်းသက်လာတယ်လို့ သိရပါတယ်။ လန်ဒန်စတော့ဈေးကွက်မှာ စတော့ရှုံးလို့ အကြွေးပြန်မဆပ် နိုင်တဲ့ ရင်းနှီးမြှုပ်နှံရှင်ကို ရည်ညွှန်းပြောရာ ကနေ နိုင်ငံရေး လောကထဲ ရောက်လာတာဖြစ်ပါတယ်။ တကယ်ဆို သောတရှင်များလည်း သိပြီးဖြစ်တဲ့အတိုင်း လက်ရှိရာထူးမှာ ဆက်လက် တာဝန်ထမ်းဆောင်ဖို့ ရက် အကန့်အသတ်သာလိုတော့တဲ့ပုဂ္ဂိုလ်တဦး အနေနဲ့ အာဏာဟာ အလိုအလျောက် ဘယ်ရှိတော့မလဲရှင်။ အတောင် ကျိုးလို့ မပြန်နိုင်တဲ့ ငှက်လို ခြေထောက်နာလို့ ခရီးကို ထော့ကျိုးထော့ ကျိုးနဲ့ ဆက်လျှောက်နေရတဲ့ Lame Duck ပါပဲ။

တနည်းဆိုရင် လက်ရှိရာထူးမှာ မီးစာကုန် ဆီခမ်းတဲ့အခြေအနေမျိုး ဆိုက်ရောက်ပြီး ပွဲပြီးလို့ အိမ်ပြန်ဖို့ ဖျာလိပ်ရတာပါ။ ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ဥပမာကို နားဆင်ကြည့်ကြပါစို့။

“The Governor of our State ended up as a lame duck when he lost the election. He still has six weeks left in office. But there’s nothing to do except to pack up his paper.”

ကျနော်တို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့အတွက် အတောင်ကျိုးတဲ့ ငှက်ဘ၀ ရောက်နေရှာပြီ။ လက်ရှိရာထူး မှာ သူ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့လည်း သီတင်း ၆ ပတ်ပဲ လိုတော့တယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ စာရွက်စာတမ်းတွေ သိမ်းယုံကလွဲလို့ ဘာမှ လုပ်စရာမရှိ တော့ဘူးဗျာလို့ အဓိပ္ပါယ်ရပါတယ်။

Golden Parachute

Lame Duck လို အခြေအနေမျိုး ရောက်နေတဲ့ပုဂ္ဂိုလ်တွေ ဘယ်လို ရှေ့ဆက်ကြမလဲလို့ မေးစရာရှိပါတယ်။ အများအားဖြင့်ကတော့ သူတို့အခု ရာထူးမှာ ပြန်ရွေးချယ်မခံရပေမဲ့ အကျသက်သာအောင် လုပ်ပေးလေ့ရှိ တာမျိုးကို Golden Parachute ဆိုတဲ့ အသုံးနဲ့ ရည်ညွှန်းပြော ဆိုပါတယ်။

စာလုံးပေါင်းက Golden ရွှေ၊ Parachute လေထီး ဆိုတော့ စကားပိုဒ် တခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ရွှေလေထီးပေါ့ရှင်။ ရာထူးကြီးတွေမှာ ပြန်ပြီး မခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ်အတွက် သက်တမ်းစေ့ ပြီးနောက်ပိုင်း ငွေရေးကြေးရေး အခြေအနေ အခက်အခဲ မရှိရလေအောင် ကြည့်ရှုဆောင်မပေးတဲ့သဘောပေါ့။ တခါတရံတော့လည်း ဒီလိုမျိုးအခြေ အနေဟာ တချို့ပုဂ္ဂိုလ်တွေ ဥပဒေလုပ်ငန်းတွေမှာ အမှုဆောင်အရာရှိတွေအဖြစ် ပြန်ပြီးဆောင်ရွက်ခွင့် ရတာတွေလည်း ရှိပါတယ်။

တနည်းဆိုရရင်တော့ ရွှေလေထီးကတော့ အကျကောင်း အောင် အကျသက်သာအောင် ပံ့ပိုးပေးတဲ့ သဘောပေါ့။ ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရအောင်။

“Congressman Smith lost in the election but he’s got a golden parachute. He was offered a vice president post at a big company in New York State.”

အောက်လွှတ်တော်အမတ် စမစ် ဟာ ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့ တယ်။ ဒါပေမဲ့ သူကတော့ အကျကောင်းတယ်ဗျာ။ သူ့ရဲ့ဌာနေဖြစ်တဲ့ နယူးယောက်ခ် ပြည်နယ်က ကုမ္ပဏီကြီး တခုမှာ အဆင့်မြင့် ဒုတိယဥက္ကဋ္ဌ ရာထူးကို ကမ်းလှမ်း ခြင်းခံရတယ်လို့ အဓိပ္ပါယ်ရပါတယ်။

Land on your feet

အခုနောက်ဆုံးတင်ပြပေးမယ့် အီဒီယမ်ကတော့ Land on your feet ပဲဖြစ်ပါတယ်။ စာလုံးပေါင်းက Land ကြိယာအဖြစ် အောက်ကို ကျတာ၊ On အပေါ်မှာ၊ Your သင်၏၊ Feet ခြေထောက်လို့ အဓိပ္ပါယ်ရ ပါတယ်။ စကားပိုဒ် တခုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်ကတော့ ခြေထောက်ပေါ် ပြန်ကျတာပေါ့ရှင်။ သစ်ပင်ပေါ်က ကြောင်တကောင် အောက်ကို ခုန်ချတာ သောတရှင်များ မြင်ဖူးကြပါလိမ့်မယ်။ လေထဲမှာ ကြောင်က ကိုယ်ကို ထိန်းပြီး ခြေလေးဖက်နဲ့ ကျကျနနလေး ဘေးမသီရန်မခ မြေပြင် ကို ပြန်ကျတာမျိုးပေါ့။ ဒီအတိုင်းပါပဲ နေ့စဉ်ဘဝမှာလည်း ရာထူးသက်တမ်းကုန်ဆုံး တော့မယ့် ပုဂ္ဂိုလ်ကြီးတွေ၊ ရာထူးမှာ ပြန်လည်အရွေး မခံရတဲ့ နိုင်ငံရေးပုဂ္ဂိုလ်ကြီးတွေဆိုရင် သူတို့ အလုပ်အကိုင်က အိုစာနာစာအတွက် ဖူဖူလုံလုံ ပေးလိုက်လို့ ကျတောင်မှ ရွှေလေထီးနဲ့ လျှောလျှောရှုရှု ကျတဲ့သဘောမျိုး ဖြစ်ပါတယ်။

ဒီရာထူးမှာ ဆက်ပြီး ခန့်အပ်မခံရတောင်မှ နောက်ထပ် ရာထူး ကောင်း ရတဲ့သဘောပါ။ အီဒီယမ် အဓိပ္ပါယ်ကတော့ အကျကောင်းတဲ့ သဘောပေါ့။ ဒီအသုံးနဲ့ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို နားဆင်ကြည့်ကြရ အောင်။

“Governor Nar lost his campaign to be elected for another four years. But he’s landed on his feet. He’s been appointed as ambassador to a nice little country overseas.”

ပြည်နယ်အုပ်ချုပ်ရေးမှူး နား ဟာ နောက်ထပ် ၄ နှစ် ထမ်းဆောင်ဖို့ ပြန်ပြီး ရွေးချယ်မခံရဘူး။ ဒါပေမဲ့လို့ သူက အကျကောင်းတယ်ဗျာ။ သူဟာ အတော်လေးကောင်းတယ်လို့ ဆိုရမယ့် ပြည်ပက နိုင်ငံလေး တနိုင်ငံမှာ သံအမတ်ကြီးရာထူး ခန့်အပ်ခြင်းခံရတယ်ဗျာလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသီတင်းပတ်အတွက် သောတရှင်များကို တင်ပြခဲ့တဲ့ အီဒီယမ်အသုံးတွေ ကတော့ Lame Duck, Golden Parachute, Land on Your Feet တို့ပဲဖြစ်ကြပါတယ်။ နောက်သီတင်းပတ် အခုလို အချိန်မျိုးမှာလည်း နောက်ထပ် အီဒီယမ်အသုံးတွေကို တင်ပြပေးဦးမှာမို့ စောင့်မျှော်နားဆင် ကြပါရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG