သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နအဖ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံ အတိုက်အခံများ လက်မခံ


ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ မပါဘဲနဲ့ စစ်အစိုးရက တဖက်သက် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို မထောက်ခံဘူးလို့ အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ မူကြမ်း ဆန္ဒခံယူပွဲ ၉၂ % ကျော် ထောက်ခံမဲရခဲ့တယ်လို့ စစ်အစိုးရက ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက အခုလို စပြောပြပါတယ်။

“ကျနော်တို့က အရင်လည်း ပြောထားပြီးသား အတိုင်း ပြန်ပြောရမှာပဲ။ အတည်ပြုတယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ကိုယ်စားလှယ်တွေ မပါဘူး။ မပါဘဲနဲ့ ရေးဆွဲထားတာ။ နောက်ဆုံးပါတာလဲ ၁ % ပဲ။ အဲဒါကြောင့် အဲဒီထဲက ကျနော်တို့က ဒီအခြေခံဥပဒေကို လက်မခံပါဘူး။ အခု အတည်ပြုလိုက်တယ် ဆိုတာလည်း မေလ ၁၀ ရက်နဲ့ ၂၄ ရက်နေ့မှာလုပ်တဲ့ ဆန္ဒခံယူပွဲ။ အဲဒီဆန္ဒခံယူပွဲမှာလည်း ပြည်သူ့ဆန္ဒ အမှန်တကယ် မပါဘူး။ ဥပဒေနဲ့အညီ ပြဌာန်းပြီးတော့ အဲဒီ ပြဌာန်းတဲ့ ဥပဒေအားလုံးကို ဖောက်ဖျက်ပြီး ဆောင်ရွက်ထားတာ။ တနည်းအားဖြင့်ပြောရင် ပြည်သူ့ဆန္ဒကို အတင်း အဓမ္မ ရယူထားတဲ့အတွက် တရားဝင်မှု မရှိဘူးလို့ ပြောချင်ပါတယ်။”

အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။ ဒါ့အပြင် ပြည်သူကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တွေ မပါဝင်ဘဲ စစ်အစိုးရက တဖက်သက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းကို ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) အနေနဲ့ ထောက်ခံခြင်း မရှိဘူးလို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း ဗီအိုအေကို အခုလို ပြောပြပါတယ်။

“နအဖ အနေနဲ့ တဖက်သက် ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်တယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များနဲ့ ရေးဆွဲထားတာလည်း မရှိဘူး။ နောက်တခါ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုဖို့ ကြိုးစားတဲ့လုပ်ရပ်အပေါ်မှာရော၊ အတည်ပြုတဲ့လုပ်ရပ်အပေါ်မှာရော ကျနော့်အနေနဲ့ ဒါကို လက်မခံသလို ဒါဟာ တရားဝင်မှုလည်း မရှိဘူးလို့ ပြောချင်ပါတယ်။”

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင် ပြောသွားတာပါ။ ဒီဖွဲ့စည်းပုံ မူကြမ်းကို အတည်ပြုလိုက်တယ်လို့ ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် တိုင်းရင်းသားလူမျိုးများ ကောင်စီ (ENC) အနေနဲ့လည်း ထောက်ခံခြင်းမရှိဘူးလို့ ENC တွဲဖက် အတွင်းရေးမှူး စောဒေးဗစ်ထောကလည်း ဗီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့အနေနဲ့ ဒီဟာကိုတော့ လက်မခံနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံဥပဒေကို အတည်ပြုရေးကိစ္စနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ အချိန်ကာလမှာ လူတော်တော်များများက မဲပေးဖို့အတွက်ကို စိတ်မဝင်စားတဲ့အချိန်လို့ ကျနော်တို့ ပြောလို့ရသလို တဖက်ကလည်း ဒီ မဲပေးတာနဲ့ ပတ်သက်ပြီးတော့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ဟာကို အားလုံးက သိရှိနေရတဲ့အတွက်ကြောင့် ဒီ ၉၂ % ကျော်မဲဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ပဲ ကျနော်တို့ တိုင်းရင်းသားလူမျိုးများကောင်စီက ပြောချင်တယ်။”

တိုင်းရင်းသားလူမျိုးများကောင်စီက တွဲဖက်အတွင်းရေးမှူး စောဒေးဗစ်ထော ပြောသွားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG