သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသကျောင်းများ ပြန်ဖွင့်နိုင်ရေး ယူနီဆက်ကူညီနေ


မြန်မာနိုင်ငံမှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်ပေမယ့် မုန်တိုင်းဒဏ် တော်တော်လေး ခံထားရတဲ့ နေရာတွေမှာတော့ နောက်တလလောက် ကြာမှ ကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်အစိုးရက ရွှေ့ဆိုင်း ထားပါတယ်။ ကုလသမဂ္ဂရဲ့ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ UNICEFက မြန်မာအစိုးရနဲ့ တွဲပြီး ပျက်ဆီးသွားတဲ့ ကျောင်းတွေကို ပြန်လည် ပြင်ဆင်တည်ဆောက်ရေး တွေကို လုပ်ပေး နေပါတယ်။

UNICEFအစီရင်ခံစာအရ မုန်တိုင်းဒဏ်ခံထားရတဲ့ ဒေသတွေမှာဆိုရင် (၉၀)ရာခိုင်နှုန်း ကျောင်းတွေ ပျက်ဆီးသွားခဲ့ရပါတယ်။ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံထားရတဲ့ ဧရာဝတီ တိုင်းမှာ မြို့နယ် (၇)ခုနဲ့ ရန်ကုန်တိုင်းမှာ မြို့နယ် တခု ကလွဲရင် မြန်မာနိုင်ငံ တဝန်းက ကျောင်းတွေကို ဇွန်လ (၂)ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ ပညာရေး ဌာနက ကြေညာထားပါတယ်။ ကျောင်းတွေ ပြန်ဖွင့်တဲ့ အခါမှာ ကလေးတွေ ဘယ်လောက်ပြန်ပြီးတော့ ကျောင်းတက်နိုင်ကြမလဲ ဆိုတာ UNCIEFပြောခွင့်ရသူ မိုက်ကယ်ကလော့်စ် က သူ့အမြင်ကို ပြောဆိုပါတယ်။

“မုန်တိုင်းဒဏ်ခံရတဲ့ နေရာတွေမှာ ကျောင်းနေရမယ့် ကလေးပေါင်း ပျမ်းမျှ (၁.၁)သန်းလောက် လေဘေးဒဏ်သင့်ခဲ့ရပါတယ်။ တကယ်ဆိုရင် ဒီကလေးတွေ အားလုံး ကျောင်းပြန်သွားရမှာပါ။ ဒါပေမယ်လို့ ပျက်ဆီးထိခိုက်မှုတွေကြောင့်တော့ သိပ်ပြီး ဖြစ်နိုင်မယ် မထင်ပါဘူး။ သိပ်ပြီး ထိခိုက်မှု မရှိတဲ့ နေရာက ကလေးတွေပဲ ကျောင်း ပြန်တက်နိုင်ကြမှာပါ။”

မုန်တိုင်းဒဏ်ခံရတဲ့ ကလေးတွေ ကျောင်းတွေ အမြန်ဆုံး တက်နိုင်ဖို့ အရေးကြီးတယ်လို့ UNICEFကြီးက ယုံကြည်ပါတယ်။ ကျောင်းပြန်တက်ခြင်းအားဖြင့် ကလေးတွေ အနေနဲ့ သူတို့ရဲ့ ဆုံးရှုံးမှုကြောင့် အမြစ်တွယ်လာမယ့် စိတ်ဒဏ်တွေကို တနည်းတလမ်း ကုစား ပေးနိုင်ရာ ရောက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် UNICEF အဖွဲ့ကြီး အနေနဲ့ ကျောင်းတွေ ပြန်ဖွင့်နိုင်အောင် ပညာရေး ဝန်ကြီးဌာနနဲ့ ပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်လို့ ပြောခွင့်ရသူ ကလော့စ်က ပြောပါတယ်။

“ပြိုပျက်သွားတဲ့ ဒါမှမဟုတ် လုံးဝပျက်ဆီးသွားတဲ့ ကျောင်းပေါင်း လေးထောင်ကျော် လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် လာမယ့် (၆)လအတွင်း တဲတွေ၊ တာပေါ်လင်တွေကို ပေးပို့ထားပါတယ်။ ဝါးတွေ တာပေါ်လင်တွေ သုံးပြီး ကလေးတွေကို လုံခြုံစွာ ပညာသင်နိုင်မယ့် ယာယီကျောင်းပေါင်း အနည်းဆုံး (၁၀၀၀) လောက်ဖွင့်ပေးနိုင်ဖို့ ကြိုးစား နေကြပါတယ်။”

ကျောင်းသုံး ပစ္စည်းတွေ၊ ကျောင်းပြန်လည် ပြင်ဆင်ရေး ပစ္စည်းတွေကို UNICEF အဖွဲ့ကြီးက ပေးပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း အတွင်း သေဆုံးခဲ့သူတွေရဲ့ သုံး ပုံ တပုံဟာ ကလေးငယ်တွေ ဖြစ်တယ်လို့ UNICEF က ခန့်မှန်းပါတယ်။ အသက်ရှင်ခံခဲ့ကြတဲ့ ကလေးအတော်များများ ဟာလည်း မိဘတွေ သေဆုံး ပျောက်ဆုံးလို့၊ မိဘတွေနဲ့ ကွဲကွာခဲ့ကြရတယ်လို့ UNICEFပြောခွင့်ရသူကပြောပါတယ်။ ဒီကလေးတွေ အခွင့်ကောင်း အယူမခံရဖို့လည်း ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တယ်လို့လည်း ပြောထားပါတယ်။ မိဘမဲ့ကလေးတွေ ဒါမှမဟုတ် အုပ်ထိန်းသူ မရှိတော့တဲ့ ကလေးတွေအတွက် လုံခြုံ စိတ်ချရရမယ့် နေရာပေါင်း (၁၀၀)ထက်မနည်းကို ဖန်တီးနိုင်အောင်လို့ UNICEF အဖွဲ့ကြီးက ပြင်ဆင်နေတယ်လို့ UNICEFပြောခွင့်ရသူက ပြောတဲ့အကြောင်းကို ဂျနီဗာမြို့က ဗွီအိုအေ သတင်းထောက် လီစာရှလိုင်းက သတင်းပို့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG