သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒုက္ခသည် တသန်းကျော် အရေးပေါ် အကူအညီ မရသေး


မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထု
၂.၄ သန်းကျော်တို့အတွက် အခြေခံအကူ
အညီတွေကို လုံလုံလောက်လောက်နဲ့
အဆက်မပြတ် ပေးအပ်နိုင်မှုဟာ စိုးရိမ် ဖွယ်ကောင်းလောက်အောင် လျော့နည်း
နေသေးပြီး လူတသန်းကျော်ဟာ အခြေခံ လိုအပ်ချက်တွေကို ခုချိန်ထိ မရကြသေး
ဘူးလို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ မြန်မာအစိုးရကတော့ အကူအညီတွေကို မုန်တိုင်းသင့်လူထုဆီ အဆက်မပြတ်
ပေးပို့နေတယ်လို့ နေ့စဉ်သတင်းစာတွေ
မှာ ဖော်ပြနေသလို ပြန်လည်တည်
ဆောက်ရေးနဲ့ ပြန်လည်နေရာချထားရေးတွေ လုပ်နေတာကိုလည်း ရေးသားနေပါ
တယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်
သိန်းက တင်ပြပေးထားပါတယ်။

ဒီကနေ့အချိန်ထိဆိုရင် မုန်တိုင်းဒဏ်သင့်လူထု စုစုပေါင်း ၁.၃ သန်းတို့အတွက် ကုလ
သမဂ္ဂ အပါအဝင် အဖွဲ့အစည်းအသီးက အထောက်အပံ့တွေ ပေးအပ်နိုင်ခဲ့ပြီးဖြစ်ပေ
မယ့် အရေးကြီးတဲ့အချက်ကတော့ ဒီလူအများစုကို အကူအညီတွေ ဆက်တိုက်ပေးနေ နိုင်တာမဟုတ်သလို တချို့ပေးတဲ့ အကူအညီတွေဟာ လိုအပ်တာထက် အများကြီး လျော့နည်းနေတယ်လို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အကူအညီတွေ လုံလောက်မှုမရှိတာ၊ အဆက်မပြတ် မပေးနိုင်တာတွေဟာ စိုးရိမ်ဖွယ် ဖြစ်နေပါသေးတယ်။ ဒါ့အပြင် မြန်မာအစိုးရက သူ့လူထုကို ဘယ်လိုကူညီထောက်ပံ့နေ
တယ်ဆိုတဲ့ အပေါ်မှာလည်း ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ဆိုထားပါတယ်။

တဖက်မှာတော့ နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေဟာ မြန်မာနိုင်ငံထဲကို
ချောချောမွေ့မွေ့နဲ့ အဆက်မပြတ်ဝင်ရောက်နေပြီး မုန်တိုင်းသင့်လူထုဆီ အချိန်မဆိုင်း ပေးပို့နေတယ်လို့ အစိုးရသတင်းစာတွေမှာ နေ့စဉ်လို ဖော်ပြနေပါတယ်။ အကူအညီ
တွေ အလုံးအရင်းနဲ့ အဆက်မပြတ် ချောချောမွေ့မွေ့ ဝင်ရောက်နေတယ်ဆိုတာကို
ကုလသမဂ္ဂက သဘောတူပေမယ့် အကူအညီတွေ လိုအပ်နေသူဟာ အမြောက်အများ
ကို ကျန်နေပါသေးတယ်လို့ ပြောပါတယ်။

ရစ်ချတ် ဟော်ဆေး (Richard Horsey) ဟာ ကုလသမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ဘန်ကောက်အခြေစိုက်ရုံး ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့်
လူထု ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသတွင်းမှာ အနီးကပ်လုပ်ဆောင်နေ
သူပါ။

“အကူအညီတွေကို အရေးတကြီးလိုအပ်နေတဲ့ လူအရေအတွက်ဟာ အများကြီးကို
ရှိနေပါသေးတယ်။ အကူအညီလိုအပ်နေသူအားလုံး မြန်မြန်ဆန်ဆန်နဲ့ အကူအညီတွေ
ရတာမျိုး လိုအပ်တဲ့ အတိုင်းအတာပမာဏကို အကူအညီပေးလုပ်ငန်းတွေ ခုချိန်ထိ မရောက်သေးပါဘူး။” လို့ ရစ်ချတ် ဟော်ဆေးက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

အခုလို အကူအညီတွေ မြန်မြန်ဆန်ဆန်နဲ့ လူအားလုံးဆီ မရောက်နိုင်ဖြစ်နေရတဲ့ အတားအဆီးတွေထဲမှာ နိုင်ငံတကာက ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူတွေ မုန်တိုင်းဒဏ်သင့်ဒေသတွေဆီ သွားခွင့်မရခဲ့တာ၊ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ
အချိန်မီမရခဲ့တာတွေလည်းပါတယ်လို့ ရစ်ချတ် ဟော်ဆေးက ပြောပါတယ်။

အခုအခါမှာ လုပ်ကိုင်ရတဲ့ အခြေအနေက အရင်ကထက်စာရင် တိုးတက်လာပေမယ့်
ဖြေရှင်းရမယ့် ပြဿနာတွေကလည်း ရှိနေပါသေးတယ်။ လုပ်ငန်းတွေကို နှောင့်နှေး
ကြန့်ကြာစေတဲ့ ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေ၊ သွားလို့မရအောင် ရေလွှမ်းမိုးနေ
တဲ့ လမ်းတွေကလည်း အဟန့်အတားတွေထဲမှာ အပါအဝင်ပါ။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကူညီကယ်ဆယ်
ရေးလုပ်ငန်းတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့၊ မုန်တိုင်းသင့်လူထု တဦးချင်းစီရဲ့ အခြေခံ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆက်ပြီး လုံးပန်းနေရဆဲရှိချိန်မှာ မြန်မာ အာဏာပိုင်တွေကတော့ ကူညီကယ်ဆယ်ရေးအဆင့်ပြီးပြီ၊ ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေးအဆင့် ရောက်နေပြီ၊ အဲဒီလုပ်ငန်းတွေ အကောင်အထည်ဖော်နေပြီ
ဆိုပြီး အဆက်မပြတ် ပြောဆိုနေဆဲပါ။

ဆားငံရေဝင်လို့ ပျက်စီးသွားတဲ့ လယ်ယာမြေတွေ ပြန်လည်ထူထောင်ရေးလို အရေး
တကြီး လုပ်ရမယ့်လုပ်ငန်းတွေ ရှိတယ်ဆိုတာ ရစ်ချတ် ဟော်ဆေးက လက်ခံပေမယ့်
ဒါဟာ ကူညီကယ်ဆယ်ရေးအဆင့် ပြီးသွားတာမဟုတ်ပါဘူးတဲ့။

“အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လပေါင်းအတော်ကြာ ဆက်လုပ်နေ
ရဦးမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒါနဲ့အတူ အရေးတကြီး စတင်လုပ်
ဆောင်ရမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို တပြိုင်နက်ထဲမှာ လုပ်ဆောင်
သွားရမှာပါ။” လို့ ဆိုပါတယ်။

မုန်တိုင်းဒဏ်သင့်ခဲ့တာ သီတင်းလေးပတ်ပြည့်မြောက်ခဲ့ပေမယ့် ခုချိန်ထိ မုန်တိုင်းသင့် လူထုအားလုံးဆီ အကူအညီတွေ မရောက်သေးတဲ့အပေါ် အားမလိုအားမရဖြစ်တဲ့အသံ
တွေက ကြားနေရပါတယ်။ တကယ်လို့သာ ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်
ခဲ့မယ်ဆိုရင် တလပြည့်ပြီးတဲ့နောက် အခုချိန်ဟာ ပြန်လည်ထူထောင်ရေးအဆင့်ကို ရောက်နေလောက်ပါပြီလို့လည်း ဆိုကြပါတယ်။

ဒါပေမယ့် လောလောဆယ် လက်တွေ့မှာတော့ မုန်တိုင်းသင့်လူထုမှာ စားစရာတောင်
မှ အလုံအလောက် မရှိကြသေးပါဘူး။ မုန်တိုင်းသင့်လူထုအတွက် စားနပ်ရိက္ခာတွေ အဓိကထောက်ပံ့နေတဲ့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ကဆိုရင် ရန်ပုံငွေ
သာ အချိန်မီမရခဲ့ရင် ဇူလိုင်လလယ်လောက်မှာ ထောက်ပံ့မှုတွေ ပြတ်တောက်သွားနိုင်
တယ်လို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန် ကီ-မွန်း (Mr. Ban Ki-moon) နဲ့
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက်ပိုင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်ဆိုတာကို ရစ်ချတ်
ဟော်ဆေးက သဘောတူပေမယ့် တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ လုပ်ငန်း
လုပ်ဆောင်ရာမှာ ကုလသမဂ္ဂထက် ပိုပြီး အခက်အခဲတွေ့နေရတာကို ထောက်ပြခဲ့
ပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသဆီ သွားလာခွင့်မှာ ရှိနေသေးတဲ့ အတားအဆီး အခက် အခဲတွေကြောင့် တိုင်းတာစစ်ဆေးရေးတွေ သေသေချာချာ မလုပ်နိုင်သေးဘဲ ဖြစ်နေ
ရပြီး တကယ့်လိုအပ်ချက်တွေကို တိတိကျကျ မဖော်ထုတ်နိုင်သေးဘဲ ရှိနေရဆဲပါ။

ဒီလိုနှောင့်နှေးမှုတွေကြောင့် အကူအညီတွေ အရေးတကြီးလိုအပ်နေတဲ့ မုန်တိုင်းသင့် လူထုများရာစုကြီးဆီ အကူအညီတွေ အချိန်မီမရောက်ဘူးဆိုရင်ဖြင့် နောက်ဆက်တွဲ ရောဂါဘယဖြစ်ပွားမှုတွေနဲ့အတူ ဘေးအန္တရာယ်တွေကျရောက်ပြီး ဒုတိယအကျော့
အစုအပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားလာမှာကို အကူအညီပေးနေတဲ့ ပြည်တွင်းပြည်ပ
အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအားလုံးက စိုးရိမ်ပူပန်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG