သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ ဒီမိုကရေစီနည်းကျရဲ့လား - ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မေးခွန်းထုတ်


မြန်မာနိုင်ငံမှာ အတည်ပြုလိုက်ပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒီ ဖွဲ့စည်းပုံ ရေးဆွဲတဲ့နေရာမှာရော အတည်ပြုတဲ့နေရာမှာပါ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေ ဘယ်လောက်အထိ ကျင့်သုံးခဲ့သလဲ - မတူကွဲပြားတဲ့ အမြင်တွေကိုရော တကယ်ပဲ ထင်ဟပ်မှု ရှိရဲ့လား - လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွေ ရှိခဲ့ရဲ့လား - စသဖြင့် ကမ္ဘာကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က သူရဲ့ ပထမဆုံး လူ့အခွင့်အရေး ကောင်စီ အစီရင်ခံစာထဲမှာတော့ မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ မနေ့ကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ကိုသားညွှန့်ဦးက အစီရင်ခံထားပါတယ်။

ကင်တားနား ရဲ့ ပထမဦးဆုံး အစီရင်ခံစာကို ကြည့်လိုက်ရင်ပဲ ဒီ ဖွဲ့စည်းပုံ ဥပဒေကြီးဟာ စစ်အစိုးရဖက်က တဖက်သတ် အတည်ပြုခဲ့တာ ဆိုတာ ပေါ်လွင်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲစဉ်ကတည်းက မတူကွဲပြားတဲ့ အမြင်သဘောထားတွေကို ချန်လှပ်ထားတာ၊ ဖွဲ့စည်းပုံရေးဆွဲရေးမှာ မတူကွဲပြားတဲ့ နိုင်ငံရေး အစုအဖွဲ့အားလုံး ကိုယ်စားပြု ပါဝင်နိုင်ဖို့နဲ့ ဆန္ဒခံယူပွဲကို နိုင်ငံတကာ စောင့်ကြည့်ခွင့်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လစ်လျူရှုခဲ့တာ၊ ဖွဲ့စည်းပုံ အတည်ပြုရေး ဆန္ဒခံယူပွဲကို တဖက်သတ် လုပ်ပြီး အတိုက်အခံတွေကို နှိပ်ကွပ်ထားတာ စတာတွေကို အချက်အလက်တွေနဲ့တကွ ဖော်ပြထားပါတယ်။ ဒါကြောင့်လည်း အခု ဒီဆန္ဒခံယူပွဲကို ဘယ်လို ပြုလုပ်ခဲ့သလဲ ဆိုတာ အစိုးရက တရားဝင် ထုတ်ပြန်ပေးဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။

“နိုင်ငံတကာ စောင့်ကြည့်မှုတွေ မရှိတာကြောင့် ဒီဆန္ဒခံယူပွဲကို ဘယ်လို ကျင်းပပြုလုပ်တယ် ဒီကနေ ဘယ်လို လေ့လာသင်ခန်းစာ ယူစရာတွေ ရှိတယ် ဆိုတာကို အစိုးရကနေ အစီရင်ခံစာ တရားဝင်ထုတ်ပေးဖို့ ကျနော် အကြံပြုထားပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်လုပ်မယ့် ရွေးကောက်ပွဲ အကြို ပြင်ဆင် ဆောင်ရွက်စရာတွေအတွက် အထောက်အကူ ဖြစ်မှာပါ။ ဒီနေရာမှာ ကျနော် အဓိပ္ပါယ်ဖွင့်ဆိုချက် တခု ပြောချင်ပါတယ်။ ဒီမိုကရေစီဆိုတာဟာ မတူကွဲပြားတဲ့ အမြင်သဘောထားတွေကို ဘာမှ ခြိမ်းခြောက်မှုတွေမပါဘဲ လွတ်လွတ်လပ်လပ် ထုတ်ဖော် ပြောဆိုနိုင်ခြင်း ဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာအစိုးရက အခု ကတိကဝတ်ပြုထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံ နဲ့ပတ်သက်လို့လည်း ဒါဟာ တကယ်ကို ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်စေဖို့ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားက အခုလို အကြံပြု ပြောခဲ့ပါတယ်။

“အဆင့် ၇ ဆင့်ပါတဲ့ ဒီနိုင်ငံရေး လမ်းပြမြေပုံဟာ အဓိပ္ပါယ် ပြည့်ဝဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ပေးရပါမယ်၊ သူတို့ကို ဒီမိုကရေစီရေး လုပ်ငန်းစဉ်အတွင်း ပါဝင်ပတ်သက်ခွင့် ပေးရပါမယ်။ ဒီလို ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီး၊ ကျူးလွန်သူတွေကို အရေးယူသွားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေ အပေါ် နှိပ်ကွပ်ခဲ့တဲ့ ကိစ္စတွေကို အပြည့်အ၀ ပြန်ပြီး စုံစမ်းစစ်ဆေးသွားဖို့ လိုပါတယ်။”

ဒါပေမယ့်လည်း (၈) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံကို တက်လာတဲ့ မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ဝေဖန် အကြံပြု တင်ပြချက်တွေကို ပြတ်ပြတ်သားသား အခုလို ငြင်းပယ်လိုက်ပါတယ်။

“ကျနော်တို့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်ရဲ့ ဒီဝေဖန် တင်ပြချက်တွေကို ပြင်းပြင်းထန်ထန်ကို ငြင်းပယ်ပါတယ်။ တကယ်တမ်းကတော့ ဒီဆန္ဒခံယူပွဲနဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ကိစ္စတွေက မြန်မာနိုင်ငံသားတွေရဲ့ ပြည်တွင်းရေးကိစ္စ အချုပ်အချာ ရပိုင်ခွင့်ကိစ္စ ဖြစ်ပါတယ်။ အခုလို ဒီလုပ်ငန်းစဉ်ကို ဝေဖန်ပြောကြားတာဟာ အထူး ကိုယ်စားလှယ်ကြီး အနေနဲ့ သူ့ရဲ့ တာဝန်ပိုင်းကနေ ကျော်လွန် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

မြန်မာသံအမတ် ဦးဝဏ္ဏမောင်လွင်အနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ကြီးရဲ့ ဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အကြံပြုချက်ကို ငြင်းဆန်လိုက်ရုံတင် မဟုတ်ပါဘူး။ နိုင်ငံတကာက ပြောနေသလို မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ လုံးဝမရှိဘူး ဆိုတဲ့အကြောင်း အခုလို ငြင်းဆန်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိတည်ဆဲ ဥပဒေတွေကို ကျူးလွန်သူတိုင်းဟာ မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းနဲ့ လုပ်ထုံးလုပ်နည်းအရ အရေးယူခံရမှာ ဖြစ်ပါတယ်။”

ဒါပေမယ့်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ထိန်းသိမ်းထားတာဟာ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းနဲ့ မညီဘူးလို့တော့ မစ္စတာ ကင်တားနား က ထောက်ပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး ဖမ်းဆီးထိန်းသိမ်းထားဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၉)၊ အပိုဒ် (၁၀)၊ အပိုဒ် (၁၉) တို့နဲ့ ငြိစွန်းနေပါတယ်။ ဒီအပိုဒ်တွေအရ ဆိုရင် ဘယ်သူကိုမဆို ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းတာ မလုပ်ရပါဘူး။ ဘယ်သူမဆို ဥပဒေကြောင်းအရ လွတ်လပ်ပြီး အများပြည်သူရှေ့မှာ တရားစီရင်ခံပိုင်ခွင့် ရှိရပါမယ်။ ဘယ်သူမဆို လွတ်လပ်စွာ မိမိသဘော ဆန္ဒကို ထုတ်ဖော် ပြောခွင့်ရှိပါတယ်။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာအနေနဲ့ သူတာဝန်ယူတဲ့ ၂၀၀၈ မေလ ၁ ရက်နေ့ကစလို့ ရှိရင်လည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စိုးရိမ်စရာ အခြေအနေတွေ အတော်များများ တွေ့ခဲ့ရတယ်လို့လည်း ထောက်ပြသွားပါတယ်။ ဒါ့အပြင် အခ ဆိုင်ကလုန်း မုန်တိုင်း ကူညီ ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ဒုက္ခသည်တွေရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစား လိုက်နာကြဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

“လူသားချင်း စာနာကူညီရေး လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေသူ အားလုံးအနေနဲ့ ယောင်္ကျားမိန်းမ လူမျိုးမခွဲခြားဘဲ ဒီဒုက္ခသည်တွေရဲ့ အခြေခံ လူ့အခွင့်အရေးကို လေးစားကြဖို့ ကျနော် ပန်ကြားလိုပါတယ်။ အဆိုးဆုံး ဖြစ်နေတဲ့ နေရာတွေကို အကူအညီတွေ ညီညီမျှမျှ ရောက်ရှိစေဖို့ အကူအညီပေးရေး လုပ်သားတွေက လုပ်ဆောင်သင့်ပါတယ်။ အခြေခံ ရပိုင်ခွင့်တွေ ဖြစ်တဲ့ အစားအစာ၊ ရေ၊ နေစရာ၊ ဒါတွေကို ဒုက္ခသည်အားလုံးကို ကူညီ ပေးသင့်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ အသက်အရွယ်ကြီးသူတွေနဲ့ မသန်မစွမ်း ဖြစ်သူတွေကို အလေးပေးဖို့ လိုပါတယ်။ ဒီလူတွေကို တနေရာကနေ တနေရာ အတင်းအကြပ် ပြောင်းခိုင်းတာမျိုးတွေကို ရှောင်ရှားရပါမယ်။ သူတို့ကို တနေရာရာ ပြောင်းဖို့ဆိုရင် သူတို့ သဘောဆန္ဒ ပါသင့်ပါတယ်။”

တချိန်တည်းမှာပဲ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကူညီကယ်ဆယ်ရေးတွေမှာ တတ်တတ်ကြွကြွ လုပ်နေတဲ့ အနုပညာရှင် ကိုဇာဂနာ ဖမ်းဆီးခံရတဲ့ ကိစ္စကိုလည်း ထည့်သွင်း ပြောသွားပါတယ်။

“နံမည်ကျော် အနုပညာရှင် ကိုဇာဂနာ ဖမ်းဆီးခံရတယ်ဆိုတဲ့ စိုးရိမ်စရာ သတင်းမျိုးကို ကျနော် ရပါတယ်။ သူဟာ ဆိုင်ကလုန်း မုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ဦးဆောင်ဆောင်ရွက်နေသူပါ။ အာဏာပိုင်တွေနဲ့ ရဲတွေက သူ့အိမ်ကို ဝင်ရှာပြီး သူ့ကို မေလ ၄ ရက်နေ့ ညပိုင်းက ခေါ်ယူသွားပါတယ်။ အဲဒီကတည်းက သူဘယ်မှာလဲ ဆိုတာ မသိရပါဘူး။ ဒါနဲ့ပတ်သက်လို့ အာဏာပိုင်တွေဖက်က တခုခု ရှင်းလင်းချက် ထုတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ ဒီကိစ္စအပေါ် သီးခြား ရှင်းလင်းတာ မလုပ်ပေမယ့်လို့ မစ္စတာ ကင်တားနား ရဲ့ ဒီ ပထမဆုံး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံချက်ပါ အချက်အလက်တွေဟာ မှန်ကန်မှု မရှိဘူးလို့ပဲ ငြင်းဆန်သွားပါတယ်။

“ဒီအစီရင်ခံပါ အချက်အလက်တွေဟာ မှန်ကန်မှုမရှိပါဘူး။ အစိုးရ ဆန့်ကျင်သူတွေ ထံကနေ ရတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာပါ။ တကယ်ကတော့ ကျနော်တို့ရဲ့ ဂျနီဗာနဲ့ နယူးယောက်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေရုံးတွေကနေ သူ လိုချင်တဲ့၊ သိချင်တဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်မလာပါဘူး။”

ဒါပေမယ့်လို့တော့ အထူး ကိုယ်စားလှယ်အနေနဲ့ ဒီအစီရင်ခံစာအတွက် မြန်မာနိုင်ငံကို သွားရောက်ခွင့် တောင်းခံတာ အခုချိန်အထိ ဘာမှ တုံ့ပြန်ချက်မရဘူးလို့ ပြောသွားပါတယ်။

“ယုံကြည်စိတ်ချရတဲ့ သတင်းတွေအပေါ် အခြေခံပြီးမှ ဒီအစီရင်ခံစာကို ပြုစုတာပါ။ ကျနော်အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခွင့် တောင်းခံထားပေမယ့် အခုချိန်အထိ ဘာမှ တုံ့ပြန်ချက် မရပါဘူး။”

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် အသစ် မစ္စတာ ကင်တားနား မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အစီရင်ခံခဲ့တာတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG