သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ ကူညီရေး ရဟတ်ယဉ် ငါးစင်း ရန်ကုန်သို့ ရောက်ရှိ


မြန်မာနိုင်ငံမှာ မေလ ၃ ရက်နေ့က ဆိုက်ကလုံးလေပြင်းမုန်တိုင်း တိုက်ခိုက်သွားလို့ ပျက်စီးသွားတဲ့ဒေသများကို ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ကုလသမဂ္ဂက သွားချပေးဖို့ ရဟတ်ယဉ် ငါးစင်း ဇွန်လ(၇)ရက်နေ့က ရန်ကုန်မြို့ကို ဆိုက်ရောက်သွားပါပြီ။

လူပေါင်း ၇သောင်း ၈ထောင်ကျော် သေဆုံးပြီး ၅သောင်း ၆ထောင်ထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်အစိုးရက ဆိုထားတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ အသက်မသေ ရှင်ကျန်နေသေးတဲ့ လေဘေးဒုက္ခသည်များအား တနင်းလာနေ့က ရောက်ရှိနေနှင့်တဲ့ ရဟတ်ယဉ်တစင်းနဲ့အတူ အခု ရောက်လာတဲ့ ရဟတ်ယဉ် ငါးစင်း ပေါင်းပြီးတော့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို ကုလသမဂ္ဂက ပေးပို့ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လေဘေးဒုက္ခသည် နှစ်သန်းကျော်ထဲက တဝက်လောက်ပဲ အစားအစာ သောက်ရေ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရကြသေးတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ နောက်ထပ် ရဟတ်ယဉ်လေးစင်း မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်မရသေးပဲ ထိုင်းနိုင်ငံမှာ သောင်တင် စောင့်နေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် အေဂျင်စီက ဆိုပါတယ်။

လေမုန်တိုင်းဒဏ်အပြင်းအထန်ခံလိုက်ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို အပူတပြင်း လိုအပ်နေတဲ့ စားနပ်ရိက္ခာအထောက်အပံ့ပစ္စည်းများ ပေးပို့ဖို့ အဆင်သင့်ဖြစ်နေတဲ့ နိုင်ငံခြားအစိုးရများ အန်ဂျီအို ပရဟိတများက ကျွမ်းကျင်သူကယ်ဆယ်ရေးဝန်ထမ်းများ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်မပြုပဲ စစ်အစိုးရက ဟန့်တားထားပါတယ်။

အမေရိကန်က ရဟတ်ယဉ် ၂၂စင်း အသင့်ရှိနေပါတယ်။ အသက်မသေ ရှင်ကျန်နေသေးပေမယ်လို့ အစာငတ် ရေပြတ် နေစရာမရှိဖြစ်နေတဲ့ လေဘေးဒုက္ခသည်များကို ရက်ပိုင်းအတွင်း သွားရောက်ကူညီနိုင်တယ်လို့ ကမ်းလှမ်းထားပါတယ်။

စားနပ်ရိက္ခာများ ကျွမ်းကျင်သူများ ရဟတ်ယဉ်များ တင်ဆောင်လာတဲ့ အမေရိကန်ရေတပ်သင်္ဘောများ မြန်မာကမ်းရိုးတန်းအနီးက ထွက်ခွာလာပေမယ့်လို့ စစ်အစိုးရက ခွင့်ပြုရင် သွားရောက်ကူ့ညီနိုင်မှာဖြစ်တယ်လို့ အမေရိကန်စစ်ဖက် တာဝန်ခံများက ပြောကြားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG