သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုဆိုင်ရာ နိုင်ငံတကာညီလာခံမှာ မြန်မာ့မုန်တိုင်းအရေး ဆွေးနွေးမည်


မြန်မာနိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင် ၂၀၀ ပါဝင်မယ့် အစည်းအဝေးကြီးတရပ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) က ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု အပြောင်းအလဲတွေ အကြောင်း ဆွေးနွေးမယ့် ညီလာခံမှာ မြန်မာနိုင်ငံအရေး ကိစ္စကလည်း အဓိက အကြောင်းအရာတခု ဆိုတော့ ဘာတွေ စီစဉ်ထားတယ် ဆိုတာ ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပေး ပါရှင်။

လာမယ့် ဂျွန်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထား တဲ့ ဒီညီလာခံမှာ နိုင်ငံတကာက ခေါင်းဆောင် ၂၀၀ လောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဒီညီလာခံနဲ့ ပတ်သက်လို့ ကမ္ဘာတဝှမ်း ကြုံတွေ့ရင်ဆိုင် နေရတဲ့ စားနပ်ရိက္ခာရှားပါးမှုတွေ ရာသီဥတု အပြောင်းအလဲတွေနဲ့ပတ်သက်လို့ လူသားတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေ ကြား ကယ်ဆယ်ရေးနဲ့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖြစ်တဲ့အကြောင်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညီလာခံကြီးရဲ့အင်တာနက် စာမျက်နှာကနေ အခုလို ကြေညာထားပါတယ်။

“ရာသီဥတုပြောင်းလဲမှုတွေ ကြုံရတဲ့အချိန် လူသားတွေရဲ့ ကံကြမ္မာကို ကျနော်တို့ အခု ကမ္ဘာတဝှမ်း လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညီလာခံကနေ ဆွေးနွေးတင်ပြကြမှာပါ။ ဒီညီလာခံကို ဂျနီဗာမှာ ကျင်းပမှာဖြစ်ပါတယ်။ ဘေးဒုက္ခရင်ဆိုင်ရတဲ့နေရာတွေမှာ အားလုံး လက်တွဲပြီး အကူအညီပေးရေးကိစ္စတွေကို လှုပ်ရှားဆောင်ရွက်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှာဖွေသွား မှာပါ။”

ရာသီဥတု အပြောင်းအလဲတွေ ရင်ဆိုင်ရပြီးတဲ့နောက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေမှာ ရေကြီးတာ တွေ၊ မုန်တိုင်းတိုက်တာတွေ၊ တချို့နေရာတွေမှာ မိုးခေါင်တာတွေ ကြုံနေရတယ်လို့ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်က ပြောပါတယ်။ ဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့ လေဘေးကိစ္စကလည်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ကြေညာထားပါ တယ်။ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးတဲ့လုပ်ငန်းတွေမှာ ပုံမှန်အားဖြင့် လုပ်ကိုင် လေ့မရှိတဲ့ အခြားသူတွေနဲ့ လက်တွဲဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ ဒီထက် ကူညီရေးကိစ္စတွေ အများကြီးကောင်းအောင် ဆောင်ရွက်နိုင်ပါတယ်။ စီးပွားရေးသမားတွေ၊ သိပ္ပံပညာရှင်တွေ။ စစ်မှုထမ်းတွေပါ ပါဝင်ဆောင်ရွက်တာမျိုးပါ။ အကူအညီလိုအပ်နေတဲ့သူတွေကို အဓိကထားပြီး ကျနော်တို့ လက်တွဲဆောင်ရွက်ကြမယ်ဆိုရင် အများကြီး ပြောင်းလဲအောင် လုပ်နိုင်မှာပါ။ ကျနော်တို့ ညီလာခံက ဒါကို ဦးတည်ဆွေးနွေး ကြမှာပါ။”

လူသားချင်းစာနာထောက်ထားမှု ကူညီရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အားလုံး ပါဝင် လက်တွဲဖို့ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောသွားတာပါ။ မတူညီတဲ့ နောက်ခံတွေနဲ့ ကွဲပြားတဲ့ နေရာတွေအသီးသီးက ခေါင်းဆောင်တွေ စုစည်းပြီး တူညီတဲ့ ရည်မှန်းချက်အတွက် အားလုံး လက်တွဲဆောင်ရွက်မယ်လို့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညီလာခံ စာမျက်နှာကနေ ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG