သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် မာကဲလ်နဲ့ တွေ့ဆုံဖို့ သမ္မတဘုရှ် ဂျာမဏီရောက်ရှိ


ဘာလင်မြို့ကနေ ကီလိုမီတာ ၆၀ အကွာမှာရှိတဲ့
ရဲတိုက်တခုမှာ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ
မာကဲလ် (Angela Merkel) နဲ့ တွေ့ဆုံဖို့အတွက် အမေရိကန်သမ္မတဘုရှ်ဟာ အခု ဂျာမဏီနိုင်ငံ
ကို ရောက်ရှိနေပါပြီ။ အခုလိုတွေ့ဆုံမှုက သမ္မတ
ဘုရှ်အတွက် သူ့ရဲ့ အရင်းနှီးဆုံး အနောက်
ဥရောပ မဟာမိတ်နိုင်ငံတွေထဲက တခုဖြစ်တဲ့
ဂျာမဏီနိုင်ငံနဲ့ ဆက်ဆံရေး ပိုပြီးခိုင်မြဲအောင်
လုပ်ဖို့အတွက် အခွင့်ကောင်းတခုပဲလို့ အိမ်ဖြူ
သတင်းထောက် ပေါ်လာ ဝုဖ်ဆင် (Paula
Wolfson) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထား
ပါတယ်။

မစ္စတာဘုရှ်ရဲ့ အခုခရီးစဉ်ဟာ စလိုဗေးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ထိပ်သီးအစည်းအဝေးအပြီး အနောက်ဥရောပနိုင်ငံတွေကို
သမ္မတအဖြစ်နဲ့ သွားရောက်လည်ပတ်တဲ့ သူ့ရဲ့ ပထမဆုံးခရီးစဉ်ပဲ ဖြစ်ပါတယ်။
သမ္မတဘုရှ်ရဲ့ ဒီခရီးစဉ်က ဂျာမဏီဝန်ကြီးချုပ် မာကဲလ်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ပိုပြီး တည်ဆောက်နိုင်စေတယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

တချိန်တည်းမှာလည်း ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တွေ စစ်နိုင်ခဲ့ပြီးတဲ့နောက် ဂျာမဏီနိုင်ငံသားတွေကို ပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ဦးဆောင်
တဲ့ ကူညီထောက်ပံ့မှုတွေ ပေးခဲ့တဲ့ Marshall စီမံကိန်းနဲ့ ဘာလင်လေကြောင်း ကူညီ
ထောက်ပံ့မှုတို့ရဲ့ အနှစ် ၆၀ ပြည့်ကို ဂုဏ်ပြုဖို့လည်း တိုက်တိုက်ဆိုင်ဆိုင် အခွင့်အရေး ရတာဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ သမ္မတဘုရှ် ဂျာမဏီမှာရှိနေချိန်မှာ ဒီနှစ်ပတ်လည်နေ့အတွက် တရားဝင် အခမ်းအနားတွေတော့ ရှိဦးမှာမဟုတ်ပါဘူး။
ဒါပေမယ့်လည်း သမ္မတဘုရှ်နဲ့ ဝန်ကြီးချုပ် မာကဲလ်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ
လုပ်ဖို့ရှိသလို အဲဒီအခါကျရင် ဒီနှစ်ပတ်လည်နေ့ရဲ့ အရေးကြီးမှုနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုကြလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမတိုင်ခင် နာရီအတော်ကြာ တွေ့ဆုံဖို့ရှိတဲ့ သမ္မတဘုရှ်နဲ့
ဝန်ကြီးချုပ် မာကဲလ်တို့ရဲ့ ဆွေးနွေးပွဲမှာတော့ အန္တလန်တစ်ဒေသနိုင်ငံတွေရဲ့ အနာဂတ်
ဆက်ဆံရေး အကြောင်းအရာကစလို့ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကိစ္စ၊ နောက် အီရန်နျူကလီးယားကိစ္စ ဖြေရှင်းဖို့ သံတမန်နည်းအရ ကြိုးပမ်းချက် စတာတွေ
ဆွေးနွေးဖို့ရှိပါတယ်။

တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ ထိပ်သီးအစည်း
အဝေးမှာလည်း အီရန် နျူကလီးယားကိစ္စဟာ ဦးစားပေးဆွေးနွေးတဲ့ အကြောင်းအရာ
တခု ဖြစ်ခဲ့ပါတယ်။

နျူကလီးယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းဖို့ အီရန်ကို တစုတစည်းတည်း
ဝိုင်းဝန်းဖိအားပေးဖို့ အရေးကြီးတဲ့အကြောင်းကိုလည်း ထိပ်သီးအစည်းအဝေးအပြီး စလိုဗေးနီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတခုမှာ သမ္မတဘုရှ်က ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

“အီရန်မှာ နျူကလီးယားလက်နက်ရှိလာရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အတူ
တကွ ပြတ်ပြတ်သားသားနဲ့ အီရန်ကို ဆက်ဆံဖို့လိုပါတယ်။ အီရန်အနေနဲ့ အထီးကျန်
ဝိုင်းပယ်တာကို ခံမလား၊ နျူကလီးယားလက်နက် အစီအစဉ်ကို ဖျက်သိမ်းမယ်ဆိုရင် ကျနော်တု့ိအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ပါတယ်။ ဒါကို အီရန်
အနေနဲ့ ရွေးချယ်နိုင်ပါတယ်။”

အခုလို သတိပေးပြောကြားချက်မျိုးကို အီရန်ခေါင်းဆောင်တွေ သိရှိစေဖို့အတွက် ဥရောပလုံခြုံရေးဆိုင်ရာ အကြီးအကဲ ဟာဗီးယား ဆိုလားနား (Javier Solana) လည်း
မကြာခင်မှာ တီဟီရန်ကို သွားရောက်ဖို့ရှိတယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။

ဂျာမဏီ၊ ပြင်သစ်၊ ဗြိတိန်၊ တရုတ်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ကမ်းလှမ်းချက် အသစ်တွေနဲ့ပတ်သက်လို့လည်း မစ္စတာ ဆိုးလားနားက အီရန်ခေါင်းဆောင်တွေကို ပြောကြားမှာဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ လုံခြုံရေးဆိုင်ရာအကြံပေး စတီဖင်
ဟတ်ဒ်လေ (Stephen Hadley) က ဆိုပါတယ်။ ဘယ်လိုကမ်းလှမ်းချက် ဆိုတာနဲ့
ပတ်သက်လို့ အသေးစိတ်ကိုတော့ မစ္စတာ ဟတ်ဒ်လေက မပြောခဲ့ပါဘူး။ ဒါပေမယ့်
လည်း ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့တဲ့ တရားဝင်ကြေညာချက်မှာတော့
ကုလသမဂ္ဂက ချမှတ်ထားပြီးဖြစ်တဲ့ အရေးယူဒဏ်ခတ်မှုတွေအပြင် အီရန်အပေါ်
စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေကို ထပ်ပြီးချမှတ်နိုင်တယ်လို့ ဖော်ပြထားပါ
တယ်။

အီရန်ကတော့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ဟာ နျူကလီယားစွမ်းအင်ထုတ်လုပ်ဖို့ တခုတည်းအတွက်သာ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အီရန်ကိုယုံဖို့
မဖြစ်နိုင်ဘူး၊ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ဆိုရင်လည်း ဒီလိုနည်းပညာမျိုးကိုပဲ
သုံးပြီး လုပ်ရတာဖြစ်တယ်လို့ သမ္မတဘုရှ်က ဆိုပါတယ်။

“နျူကလီးယားလက်နက်အဆင့်ထိ သူတို့လုပ်လာခဲ့မယ်ဆိုရင်တော့ လွတ်လပ်တဲ့
ကမ္ဘာက ပြောလာပါလိမ့်မယ်။ သူတို့က လက်နက်ထုတ်လုပ်တဲ့အဆင့်ထိ မရောက်ခင်
ကျနော်တို့က တခုခု ကြိုပြီး ဘာကြောင့်မလုပ်ခဲ့တာလဲ ဆိုပြီးတော့ မေးကြပြောကြမှာ
ပါ။ အဲဒါကြောင့် အခုချိန်ဟာ သံတမန်ရေးရာကိစ္စတွေကို အားကောင်းကောင်းနဲ့ လုပ်ရမယ့်အချိန်ပါပဲ။”

အီရန်အပေါ် သံတမန်နည်းအရ ဖိအားပေးဖို့ ကြိုးပမ်းချက်တွေမှာ ပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ အီတလီနိုင်ငံကိုလည်း ဂျာမဏီက
အပြန်မှာ သမ္မတဘုရှ် သွားရောက်မှာဖြစ်ပါတယ်။ အဲဒီနောက် ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံ
တွေကိုလည်း သွာေးရာက်ဖို့ရှိသလို ရှေ့တပတ် တနင်္လာနေ့မှာတော့ မြို့တော်
ဝါရှင်တန်ဒီစီကို သမ္မတဘုရှ် ပြန်ရောက်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG