သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအလွန် ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်နိုင်ဟု ကျန်းမာရေးကူညီမှုအဖွဲ့များ သတိပေး


မြန်မာနိုင်ငံက ဆိုင်ကလုံးမုန်တိုင်းသင့်
ဒေသတွေမှာ နောက်ပိုင်းရောဂါဆိုးတွေ
ကူးစက်ပျံ့နှံ့လို့ ဒုတိယအကြိမ် ကပ်ဆိုး ကျရောက်လာနိုင်မယ့် အန္တရာယ်အတွက် စိုးရိမ်စရာရှိတယ်လို့ အမေရိကန်အခြေ
စိုက် Direct Relief International လို့
ခေါ်တဲ့ ကျန်းမာရေးဆိုင်ရာ ကပ်ဘေး
ကူညီရေးအဖွဲ့က ပြောလိုက်ပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက
ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ဆိုင်ကလုံးမုန်တိုင်းသင့်တဲ့ ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ
အဆောက်အဦတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ အတော်လေးကို ပျက်စီး
ကုန်ပြီး နေရာအတော်များများမှာလည်း မသန့်ရှင်းတဲ့ရေတွေ ကျန်ရစ်တာကြောင့်
ရောဂါပိုးတွေ ကူးစက်လာနိုင်တယ်လို့ ကျန်းမာရေးဆိုင်ရာ ကူညီရေးအဖွဲ့တွေက စိုးရိမ်
နေကြတာပါ။ မြန်မာနိုင်ငံထဲ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနေရာတွေ ပျက်စီး
ကုန်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်စီးသွားတာ၊ ဒေသတွင်းမှာလည်း
ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်မရှိတာ၊ လမ်းပန်းဆက်သွယ်ရေးကြောင့် အရေးပေါ်ကျန်းမာရေး ကုသမှုပေးဖို့ ခက်ခဲတာ၊ အဆိုးဆုံးကတော့ ကျန်းမာရေး
ကာကွယ်မှုစနစ်တွေ ချို့တဲ့တာတွေကြောင့် ရောဂါပြန့်ပွားမှုတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆကြပါတယ်။ ဒီအထဲမှာ ဆိုင်ကလုံးဒုက္ခသည်တွေအတွက် ဆေးဖက်ဆိုင်ရာ
ပစ္စည်းတွေ၊ ဆေးဝါးတွေ ကူညီထောက်ပံ့နေတဲ့ အမေရိကန်အခြေစိုက် Direct Relief
International အဖွဲ့ကြီးလည်း အပါအဝင်ပါ။ ဒီအဖွဲ့ရဲ့ ပြောခွင့်ရသူ မစ္စတာ ဂျင်မ်
ပရောဆာ (Jim Prosser) က ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် ကပ်ဘေးဆိုးကျရောက်မယ့် အလားအလာအတွက်
ကျနော်တို့ အလွန်အမင်းကို စိုးရိမ်နေပါတယ်။ ရောဂါတွေဖြစ်နေတယ်ဆိုတဲ့ သတင်း
ရတာကြောင့် ကျနော်တို့အနေနဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေပါတယ်။
မြန်မာနိုင်ငံထဲ ကျနော်တို့နဲ့တွဲလုပ်နေတဲ့ အဖွဲ့တွေရဲ့ မေတ္တာရပ်ခံချက်အရ အရေးပေါ် လိုအပ်တဲ့ပစ္စည်းတွေ၊ ရောဂါတိုက်ဖျက်ရေးဆေးဝါးတွေကို နောက်ထပ်ပို့နိုင်အောင်
လည်း ပြင်ဆင်နေပါတယ်။”

မြန်မာစစ်အစိုးရသတင်းစာမှာတော့ တနေ့ကပဲ မုန်တိုင်းသင့်ဒေသတွေမှာ အများက
စိုးရိမ်သလို ရောဂါကူးစက်မှုတွေ မရှိဘူးလို့တော့ ပြောထားပါတယ်။ ဒါကြောင့် အခုလို စိုးရိမ်စရာတွေ ဖြစ်လာရအောင် ဘယ်လိုအခြေအနေတွေကြောင့်လဲလို့ မေးကြည့်
တော့ မစ္စတာ ဂျင်မ် ပရောဆာက အခုလိုပြောပါတယ်။

“WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံချက်တွေအရ အသက်ရှူလမ်းကြောင်း
ဆိုင်ရာ ကူးစက်ရောဂါပိုး ကူးစက်ခံရသူ ၆၉၅ ဦး၊ သွေးဝမ်းကိုက်တဲ့ ရောဂါသည်
၁၁၄ ဦး၊ သွေးလွန်တုပ်ကွေး ရောဂါသည် ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါက အခိုင်
အမာရထားတဲ့သတင်းပါ။ မြန်မာနိုင်ငံထဲက သတင်းမှန်တွေ၊ အခြေအနေမှန်တွေကို
သိဖို့ကလည်း ခက်ခဲပါတယ်။ အခုအပတ်ထဲကျမှပဲ ကုလသမဂ္ဂနဲ့ အာဆီယံနိုင်ငံတွေက
ကိုယ်စားလှယ်တွေ တရွာဝင် တရွာထွက် အခြေအနေတွေကို သုံးသပ်အကဲခတ်ခွင့်
ရမှာပါ။ ဒါကြောင့် အခြေအနေတစုံလုံးကို သိရဖို့ ခဲယဉ်းနေတုန်းပါ။”

Direct Relief International အဖွဲ့အနေနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တဦး မုန်တိုင်း
နောက်ပိုင်းမှာ ရန်ကုန်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အကူအညီတွေ
ပေးတာကိုတော့ သူတို့ကိုယ်တိုင် ဆောင်ရွက်တာမဟုတ်ဘဲ မြန်မာနိုင်ငံတွင်း
ဆေးဖက်ဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့တွေကို ပြန်ပြီး ကူညီနေတာဖြစ်ပါတယ်။

“Direct Relief International အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံတွင်း ဒေသခံ အစိုးရမဟုတ်
တဲ့အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ အဲဒီက ဆေးဖက်ဆိုင်ရာ လိုအပ်
ချက်တွေကို ကူညီဆောင်ရွက်နေပါတယ်။ အထူးသဖြင့်ဆိုရင်တော့ မြန်မာနိုင်ငံထဲက
အကြီးဆုံး ဆေးဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံဆရာဝန်များအသင်းနဲ့ ပူးတွဲဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့မှာက ဆရာဝန် ၈,၀၀၀ ကျော် အဖွဲ့ဝင်ရှိပါတယ်။
ဧရာဝတီတိုင်းက မုန်တိုင်းဒုက္ခသည်တွေကို ကုသဖို့ မြန်မာနိုင်ငံဆရာဝန်များအသင်း
က အဖွဲ့လိုက် သွားရောက်ကူညီနေပါတယ်။” လို့ ဂျင်မ် ပရောဆာက ပြောခဲ့ပါတယ်။

သူတို့အနေနဲ့ လက်ရှိအားဖြင့် ဆေးဖက်ဆိုင်ရာပစ္စည်းတွေ၊ ဆေးဝါးတွေ စုစုပေါင်း
တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၈,၀၀၀ တန်ဖိုးခန့် ကူညီခဲ့တယ်လို့ သိရသလို
ဆေးဖက်ဆိုင်ရာ ကူညီရေးအဖွဲ့တွေအတွက် ငွေသား ၁၆၃,၀၀၀ ကိုလည်း ထောက်ပံ့
ပေးခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ ဆရာဝန်များအသင်းကိုတင်မဟုတ်ဘဲ တခြား
နိုင်ငံခြားက အကူအညီပေးရေးအဖွဲ့တွေကိုပေးတာလည်း ပါပါတယ်။

“Australia Aid International ကိုလည်း အမေရိကန်ဒေါ်လာ ၂၅,၀၀၀ ကူညီထားပါ
တယ်။ ဒီအဖွဲ့က ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ ၇ ဦးဟာ နိုင်ငံကူးဗီဇာရပြီး မြန်မာ
နိုင်ငံထဲ ရောက်နေပါတယ်။ သူတို့ဟာ ဒီ စိတ်ပိုင်းဆိုင်ရာ ဆေးပညာကုသမှုနဲ့
ပတ်သက်တာ၊ နောက် အရေးပေါ်ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ ဆေးပညာ
တွေကို အခု သင်တန်းပေးနေပါတယ်။” လို့ မစ္စတာ ဂျင်မ် ပရောဆာက ဆက်ပြောပါ
တယ်။

အခုလိုကြောင့်လည်း သူတို့အနေနဲ့ ဒီမုန်တိုင်းသင့်ဒေသတွေမှာ ကျန်းမာရေးအရ
စိုးရိမ်ရတယ်၊ ဒုတိယကပ်ဆိုး ကျရောက်မယ့်အန္တရာယ် ရှိတယ်ဆိုတာကို သူတို့ရဲ့ ဆန်းစစ်ချက်တင်မဟုတ်ဘဲ အဲဒီ ကူညီရေးဆေးအဖွဲ့တွေကတဆင့် ရတဲ့သတင်းတွေ
အပေါ်မှာလည်း သုံးသပ်ထားတာလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ အခု မိုးတွင်း ရောက်လာတာနဲ့အမျှ အဲဒီဒေသတွေမှာ သွားရေးလာရေးခက်လာတဲ့အပြင်
ရေကြောင့်ဖြစ်တဲ့ ရောဂါမျိုးတွေ အချို့နေရာတွေမှာ ဖြစ်ပေါ်နေတယ်လို့ အဲဒီမှာ
သွားရောက်ခွင့်ရတဲ့ ဆေးအဖွဲ့တွေကတဆင့် သိရတယ်လို့လည်း ပြောပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG