သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးအလှူထွန်စက်တွေ အာဏာပိုင်တွေက ရောင်းချနေ


နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ်ခံရတဲ့ ဒေသတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ လုံလောက်မှုတွေ မရှိဘူး၊ အားနည်းချက်တွေ ရှိနေတဲ့အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ မရှိဘူးဆိုပြီး ဒေသခံတွေ၊ အကူအညီပေးရေး လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။ အထူးသဖြင့် လေဘေးဒဏ် ခံခဲ့ရတဲ့ ဒေသက ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်းတွေမှာ အထောက်အကူပစ္စည်းတွေ လိုအပ်နေလို့ အချိန်မီ စိုက်ပျိုးနိုင်မယ့် အရေး အလှမ်းဝေးနေသေးတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ဦးအောင်လွင်ဦး က တင်ပြပေးပါတယ်။

မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးလို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင် နေပါတယ်လို့ ပြောနေချိန်မှာပဲ၊ စေတနာ့ဝန်ထမ်း အကူအညီပေးရေး လုပ်နေကြသူတွေ၊ ဒေသခံတွေကတော့ လိုအပ်ချက် တွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ပြောနေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တင်စားခေါ်ဝေါ်ကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အထောက်အကူပစ္စည်းတွေ မလုံမလောက် ဖြစ်နေတာမို့ လုပ်ငန်းတွေ ပြန်မစ နိုင်သေးပဲ ဖြစ်နေတာပါ။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်က စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူ တယောက်က သူ့အတွေ့အကြုံကို ပြောပြတာကတော့ -

"ကျွန်တော်တို့ မြို့မှာက လယ်ဧက သုံးသိန်းကျော်ကျော်လောက်ရှိတယ်။ လက်ရှိ ကျွန်တော်ကိုယ်တိုင် ထွန်စက်နဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ ဘိုကလေးမြို့ကို ထွန်စက် ၁၃၈၈စီး ရောက်တယ်။ သက်ဆိုင်ရာက တာဝန်ရှိတဲ့သူတွေ ခွဲဝေယူလိုက်ကြတာ။ ဥက္ကဌက ၅စီးတောင် ယူထားတယ်ဗျာ။ တာဝန်ရှိတဲ့သူတွေ လက်သိပ်ထိုးပြီးတော့မှ ကျန်တာကိုမှ လယ်သမားတွေကို ပေးတယ်။ မရတဲ့သူတွေက အများကြီးပဲ။ ကျွန်တော်တို့ ထွန်စက် ၁ စီးကို ဧက ၅၀ နှုန်းနဲ့ ၁၃၈၈စီး ဆိုတော့ ဧကပေါင်း ၇၀၀၀၀လောက်ပဲ ထွန်ယက်နိုင်တယ်။ မြို့နယ်တခုလုံအတွက်ဆိုတာက အများကြီးကို လိုသေးတာ။ နောက်ထပ်လျှောက်လွှာတောင် လက်မခံတော့ဘူး။ ပိတ်လိုက်ပါပြီလို့ဆိုတော့ ဒီအတိုင်းဆို ဘယ်လိုမှ ထွန်ယက်စိုက်ပျိုးနိုင်တဲ့ အနေအထားမရှိဘူး။ မိုးဆိုရင် လယ်သမားက ဘာလုပ်ရမလဲဆိုတဲ့ ပြဿနာရှိတယ်။"

မိုးရာသီကျလို့ စိုက်ရပျိုးရမယ့် အချိန်ရောက်နေပေမဲ့ လိုအပ်ချက်တွေနဲ့ ကြုံနေရလို့ မစိုက်နိုင်မပျိုးနိုင်ဖြစ်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတယောက်ကလည်း အခုလို ပြောပါသေးတယ်။

"တချို့က လယ်ထွန်စက်ရော မျိုးစပါးရော၊ ဒီဇယ်ဆီရော လိုကြတယ်။ အစိုးရနဲ့ အဖွဲ့အစည်း အသီးသီးက ပြန်ပြီး စာရင်းကောက်တဲ့အခါမှာ ထွန်စက် ကောင်းတာတွေလည်း တွေ့ရတယ်။ မျိုးစပါး ကျန်တာလေးတွေလဲ ရှိတယ်။ အဲဒီတော့ ဒီဇယ်လိုအပ်ချက်က အများဆုံးပေါ့။ ဒီဇယ်လိုအပ်ချက်ပေးလို့ရှိရင် စိုက်နိုင်တဲ့သူရှိတယ်။ တချို့ကျတော့လည်း မျိုးစပါးနဲ့ ဒီဇယ်ပေးရင်စိုက်နိုင်တယ်။ ဘိုကလေးမှာ ထွန်စက်ချပေးတာရှိတယ်။ ဒီဇယ် ဂါလံ ၇၀၀၀လောက် ချပေးတာ ရှိတယ်။ မျိုးစပါးက တင်း တစ်သိန်းလောက်ချပေးထားတယ်။ စာရင်းပြုစုတဲ့အခါမှာ နှောင့်နှေးတဲ့ သဘောရှိတယ်။ အခုထိတော့ မစိုက်နိုင်သေးဘူး။ ခွဲတမ်းကျပြီး တပြိုင်တည်းလုပ်နိုင်ဖို့က သိပ်မလွယ်ဘူး။ အင်အားနဲ့ ဝင်ရင်တော့ ရနိုင် တယ်။ နဂိုအခြေအနေအတိုင်းဆိုရင် လူဦးရေရော၊ လယ်စိုက်နိုင်မှုရော အပြည့်အဝတော့ မရနိုင်တော့ဘူး။"

လေဘေးဒဏ်ကနေ ပြန်လည်ထူထောင်ရေး လုပ်ငန်း တစိတ်တဒေသအဖြစ် စိုက်ပျိုးရေးလုပ်ငန်းအတွက် အထောက်အကူ တချို့ ရရှိနေပေမဲ့လည်း မထင်မှတ်တဲ့ အခက်အခဲတွေကလည်း ရှိနေတာပါ။

"အခက်အခဲတခုက ဘာရှိသလဲဆိုတော့ အစိုးရက လယ်ထွန်စက်တွေကို တာရာ ဘီးနဲ့ ထုတ်တယ်။ ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသမှာ တာရာဘီးက အလုပ်မဖြစ်ဘူး။ လယ်ထဲမှာ လေးပြီး ကျွံတယ်။ သံဘီးတွေ ပြန်လုပ်နေရသေးတယ်။ အဲဒါပြီးရင်တော့ လယ်ထဲ ဆင်းဖို့ အဆင်သင့်ရှိတယ်။"

ဒီလို လိုအပ်ချက်တွေ ရှိနေသေးတဲ့အပြင် လယ်ယာသုံး အထောက်အကူပြု ပစ္စည်းတွေကို ပေးအပ်ရာမှာ မမှန်မကန် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။ ဒီနေရာမှာ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက အကူအညီပေးရေး လုပ်ငန်းတွေမှာ မသမာမှုတွေ မမှန်မကန်ဆောင်ရွက်တာတွေတွေ့ရင် အကြောင်းကြား တိုင်ကြားဖို့ ပြောဆိုထားတာ ရှိပေမဲ့လို့ လက်တွေ့မှာ အရေးယူနိုင်အောင် တိုင်တန်းဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ် လို့ ဒေသခံတွေက ဆိုပါတယ်။

"နောက်တခုကလည်း လယ်ထွန်စက် ငါးထောင်ကို လှူဒါန်းတယ်လို့ သတင်းတွေ သိရတယ်။ တကယ်တမ်းတော့ ရောင်းလို့ စာချုပ်တွေ ဘာတွေနဲ့။ ဒါဟာ ဘယ်လို ဖြစ်တာလဲဆိုတာ စဉ်းစားလို့ကို မရဘူး။ နိုင်ငံခြားက လှူတဲ့ပစ္စည်းတွေကို ဒီမှာ ရောင်းတယ်။ ဒီမှာ သွားတိုင်ဖို့က ဘယ်သူ့ဆီမှ တိုင်လို့မရဘူး။ အခုက အမိန့်က ဘယ်ကလာမှန်းတောင် မသိရဘူး။ သွားတိုင်ရင် တိုင်တဲ့သူ အရိုက်ခံရမှာပဲ။ ဒါက လက်ရှိဖြစ်နေတဲ့ အနေအထား။"

လေဘေးဒဏ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ လိုအပ်ချက်တွေနဲ့ ကြုံနေရဆဲဖြစ်တဲ့အကြောင်း မြစ်ဝကျွန်းပေါ် ဒေသခံတွေ ပြောသွားကြတာပါ။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်းပဲ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် တဦးဖြစ်တဲ့ Noeleen Heyzer က လေဘေးဒဏ်သင့်တဲ့ ဒေသက လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွက် အရေးပေါ် ဒီဇယ်ဆီတွေ လိုအပ်နေတာမို့ အလှူရှင်တွေ၊ အိမ်နီးချင်းနိုင်ငံတွေက ဝိုင်းဝန်း ထောက်ပံ့ကူညီကြဖို့ ဆော်သြခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG