သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအလုပ်သမား ဥပဒေသစ် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကျိုးမဖြစ်


ထိုင်းအစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေအသစ်ဟာ အလုပ်သမားတွေအတွက် အထောက်အကူမဖြစ်စေတဲ့အပြင် အကျပ်အတည်းတွေပဲ ပိုဖြစ်စေလိမ့်မယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက မြင်ကြပါတယ်။ ဒီဥပဒေသစ်နဲ့ပတ်သက်လို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံတင်ပြရေး ဒီအဖွဲ့အစည်းတွေစုပေါင်းပြီး ဆွေးနွေးပွဲတွေကို သုံးရက်ကြာကျင်းပနေတဲ့ အတောအတွင်း အခုလိုအမြင်တွေ ထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံအသီးသီးက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့သက်ဆိုင်တဲ့ ဥပဒေအသစ်တခုကို ပြီးခဲ့တဲ့မတ်လမှာပဲ ထိုင်းအစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။ နဂိုရှိခဲ့တဲ့ ဥပဒေအဟောင်းတွေနဲ့တောင်မှ အလုပ်သမားတွေအဖို့ အခက်အခဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပြီး အခုဥပဒေသစ်နဲ့ဆိုရင် ထိခိုက်နစ်နာမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက မြင်ကြပါတယ်။

အလုပ်သမားတွေကို ထိခိုက်နစ်နာစေတယ်လို့ သူတို့မြင်တဲ့ ဥပဒေသစ်ပါ အချက်တချို့ကို ဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေသူ Grassroots Human Rights Education အဖွဲ့က ကိုထူးချစ်က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိကတော့ အလုပ်သမားတွေက သူတို့ကို လစဉ် ပြန်လည်ပို့ဆောင်ခအဖြစ် အစိုးရကို ပြန်ပေးရမယ့်အတွက် သူတို့ရဲ့ဝင်ငွေအပေါ်မှာ လစဉ်ဖြတ်မှာရှိတယ်။ ပိုပြီးဆိုးတဲ့တချက်က ပြီးခဲ့တဲ့ဥပဒေမှာ တရားမဝင်အလုပ်သမားတွေကို လက်ခံထားတဲ့ အလုပ်ရှင်ကို ထောင် ၅ နှစ်ချနိုင်တယ်။ အလုပ်သမားကို ထောင် ၂ နှစ်ချနိုင်တယ်။ ဒီနှစ်ဥပဒေမှာကျတော့ တရားမဝင် အလုပ်သမားက ထောင် ၅ နှစ်ကျခံရပြီး အလုပ်ရှင်က ထောင် ၂ နှစ်ပဲ ကျခံရမယ်ဆိုတဲ့ဟာမျိုး။

“နောက်တခုက ပြီးခဲ့တဲ့ဥပဒေမှာ ရဲတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက တရားမဝင် အလုပ်သမားတွေရှိလို့ သူတို့ဝင်ဖမ်းမယ်ဆိုရင် တရားဝင်ဥပဒေအရ သူတို့မှာ ဖမ်းဝရမ်းရှိရတယ်။ ဒါပေမယ့် ဒီဥပဒေသစ်မှာကျတော့ သူတို့အနေနဲ့ အဲဒီမှာ တရားမဝင် အလုပ်သမားတွေ ရှိတယ်လို့ထင်ရင် အချိန်မရွေး သူတို့ ဝင်ရောက်ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ဖမ်းဝရမ်းတွေဘာတွေ မရှိဘဲနဲ့ကို ဖမ်းဆီးခွင့်ရှိတယ်။ အဲဒီအချက်တွေက အလုပ်သမားတွေကို အများကြီးထိခိုက်မယ်လို့ ကျနော်တို့မြင်တယ်။”

ဒါ့ကြောင့်လည်း အလုပ်သမားတွေ ထိခိုက်နစ်နာစေနိုင်တဲ့ ဒီဥပဒေသစ်ပါအချက်တွေကို ပြန်လည်သုံးသပ်နိုင်ရေး ထိုင်းအစိုးရကို တင်ပြဖို့အတွက် အခုလို ဆွေးနွေးပွဲတွေလုပ်ရတာပါလို့ ကိုထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားအများစုဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေကဖြစ်ပြီး အဲဒီထဲမှာမှ မြန်မာနိုင်ငံသား အလုပ်သမားက အများစုဖြစ်ပါတယ်။ ဒီထဲမှာလည်း တရားဝင် အလုပ်သမားမှတ်ပုံတင်နဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက အနည်းစုဖြစ်ပြီး အများစုကတော့ တရားမဝင် လုပ်ကိုင်နေကြတာပါ။ တရားမဝင်လုပ်ကိုင်နေကြသူတွေ မဆိုထားနဲ့၊ တရားဝင်လုပ်ကိုင်နေကြသူတွေတောင်မှ ထိုင်းအလုပ်ရှင်တွေရဲ့ နိုင့်ထက်စီးနင်း ပြုမူဆက်ဆံတာတွေကို ခံကြရတဲ့သတင်းတွေက အမြဲလိုကြားနေရပါတယ်။ အလုပ်ရှင်တွေရဲ့ မတရားပြုကျင့်မှုတွေကို ခံကြရတဲ့ မြန်မာအလုပ်သမားတွေအဖို့ ဥပဒေအရ အကာအကွယ်ပေးမှုကလည်း မခံစားရသလောက်ပါ။

မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးတဲ့ ယာလာလို့ အရပ်ခေါ် ခေါ်ကြတဲ့ အဖွဲ့တခုရှိပြီး အဲဒီအဖွဲ့ဟာ အလုပ်သမားတွေကို ဖမ်းဆီးနှိပ်ကွပ်တဲ့နေရာမှာ ရက်စက်လွန်းတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အခု ထိုင်းဥပဒေသစ်မှာလည်း အဲဒီလိုအဖွဲ့ဆန်ဆန် ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပိုစိုးရိမ်နေကြတာပါ။

“ဒီဥပဒေအရဆိုရင်တော့ မလေးရှားက ယာလာလိုမျိုး ပြောလို့ရတာပေါ့။ ဥပမာ ဒေသခံ ထိုင်းမာဖီးယားတွေဖြစ်ဖြစ်၊ ဒေသခံ ထိုင်းလူငယ်တွေဖြစ်ဖြစ်၊ သူတို့က သူတို့ဘာသာ တရားမဝင်ဘူးထင်တဲ့ အလုပ်ရုံ၊ စက်ရုံတွေ၊ အလုပ်ကွက်တွေကို အချိန်မရွေး ရဲကိုအကြောင်းကြားပြီး ဖမ်းခွင့်ရှိတာပေါ့။ အဲဒီလို ဖမ်းခွင့်ရှိတဲ့အတွက် ဘာတွေ ပြဿနာဖြစ်လာမလဲဆိုတော့ သူတို့ကို ဆက်ကြေးသဘောမျိုးပေးရမယ့်ဟာတွေကို ကျနော်တို့ အလုပ်သမားတွေက တအားစိုးရိမ်လာတယ်။”

မတ်လမှာ ထိုင်းအစိုးရက ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပြီးဖြစ်ပေမယ့် ခုချိန်ထိတော့ လက်တွေ့အကောင်အထည်ဖော်တာ မရှိသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင် အချိန်ကာလမှာပဲ ဒါကို အကောင်အထည်ဖော်လိမ့်မယ်လို့ တွက်ဆထားကြပါတယ်။

အခုကျင်းပနေတဲ့ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ထုတ်ပြန်ချက်တခုကို ဇွန်လ ၃၀ ရက်နေ့မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပေးပို့သွားမယ့်အကြောင်းလည်း ကိုထူးချစ်က ပြောပြခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ်အလားအလာနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ သိပ်အကောင်းမမြင်လှပါဘူး။ ဒါ့အပြင် နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရပြီးတော့ အဆင်မပြေ၊ ဒုက္ခရောက်ရသူတွေ ထိုင်းနိုင်ငံကို ဒီ့ထက်ထိ ပိုပိုထွက်ပြေးလာကြဦးမယ့် အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုကိုလည်း ဖော်ပြခဲ့ပါတယ်။

“ကျနော်တို့ အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးဖြစ်တာကတော့ ဗမာပြည် လက်ရှိအစိုးရကလည်း အပြောင်းအလဲမရှိဘူး၊ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်နေတဲ့အချိန်မှာ နာဂစ်ဆိုင်ကလုံးနဲ့ပတ်သက်ပြီး ပြေးလာတဲ့လူတွေကလည်း တရက်တရက် ပိုပိုများလာတယ်။ ဒီနှစ်ထဲမှာလည်း အဲဒီဒုက္ခသည်တွေက Migrant ဖြစ်ဦးမှာပဲ။ အဲဒီအတွက် ထိုင်းနိုင်ငံထဲမှာ ကျနော်တို့အလုပ်သမားတွေရဲ့ အခြေအနေကတော့ ဆိုးနေဦးမှာပဲလို့ ကျနော်တို့မြင်တယ်။”

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးအဖွဲ့က ကိုထူးချစ်ပါ။

အခုကျင်းပနေတဲ့ ဆွေးနွေးပွဲတွေကို အလုပ်သမားအရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ Action Network for Migrant (ANM) နဲ့ Mekhong Migration Network (MMN) တို့ ပူးတွဲလုပ်ဆောင်တာဖြစ်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ အလုပ်သမားတွေပါ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပေမယ့် အလုပ်ရှင်တွေတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG