သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ဆန်စပါး ပြန်စိုက်နိုင်ရေး အခက်အခဲရှိဆဲ


မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့စပါးကျီ၊ ဧရာဝတီတိုင်းက ဒေသတွေမှာ ဆန်စပါး ပြန်စိုက်ပျိုးနိုင်ရေးဟာ အလွန်အရေးကြီးတဲ့ အကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။ ဒီလိုစိုက်ပျိုးနိုင်မှပဲ ကုလသမဂ္ဂက စားနပ်ရိက္ခာ ဖြန့်ဖြူးနေတာကိုလည်း အပြန်အလှန် အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မုန်တိုင်းဒဏ်သင့် ဧရာဝတီတိုင်းက ဒေသတွေမှာ ဆန်စပါး ပြန်စိုက်ပျိုးနိုင်ရေးဟာ ကုလသမဂ္ဂရဲ့ အဓိကစိုးရိမ်ချက်တခုဖြစ်တယ်လို့ ဗွီအိုအေကို ပြောခဲ့သူက မြန်မာနိုင်ငံကို စားနပ်ရိက္ခာ အထောက်အပံ့တွေ ပေးပို့နေတဲ့ ဘန်ကောက်အခြေစိုက် WFP ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေ (Paul Risley) ပါ။

“ဒါဟာ အဓိကစိုးရိမ်တဲ့ ကိစ္စတခုပါ။ လယ်သမားတွေအနေနဲ့ သူတို့လယ်တွေကို ချက်ချင်းပြန်စိုက်ပျိုးနိုင်ရေးဟာ အင်မတန် အရေးကြီးပါတယ်။ ကုလသမဂ္ဂအနေနဲ့ အားအကောင်းဆုံး လုပ်နိုင်တာကတော့ မြစ်ဝကျွန်းပေါ်ဒေသက ကျေးရွာတွေအားလုံးဆီ ဆန်လို စားနပ်ရိက္ခာတွေ ဆက်ပြီး အလုံအလောက် ပေးပို့နိုင်ရေးပါ။ ဒါမှသာ လယ်သမားတွေနဲ့ သူတို့ရဲ့မိသားစုတွေ သူတို့အိမ်တွေ၊ ရပ်ရွာတွေဆီပြန်ပြီး အိမ်တွေပြန်ဆောက်၊ လယ်တွေပြန်စိုက်၊ ကျနော်တို့အနေနဲ့လည်း စားနပ်ရိက္ခာတွေ ပိုဖြန့်ဖြူးနိုင်ပြီး လယ်သမားတွေ သူတို့အလုပ် သူတို့ပြန်လုပ်နိုင်ရေးအတွက် သိသိသာသာ ကူညီနိုင်မှာပါ။” လို့ ပေါလ် ရစ္စလေက ပြောပါတယ်။

WFP အနေနဲ့ ဒုက္ခသည်တွေအတွက် ဖြန့်ဖြူးတဲ့ဆန်တွေထဲက တချို့တဝက်ကို ပြည်တွင်းမှာပဲ ဝယ်ယူဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ဝကျွန်းပေါ်ဒေသ ဆန်စပါးစိုက်ပျိုးနိုင်မှု အခြေအနေအရ ပြည်တွင်း ဝယ်ယူဖြန့်ဖြူးမှုကို ထိခိုက်မှာစိုးတဲ့အတွက် ပြည်ပကနေ တင်သွင်းခွင့်ရဖို့ အစိုးရဆီမှာ တင်ပြတောင်းခံခဲ့ပါတယ်။ အခုတော့ အဲဒီလိုတင်သွင်းဖို့ ခွင့်ပြုချက်ရပြီမို့ ဝယ်ဖို့ ညှိနှိုင်းမှုတွေ လုပ်နေပါပြီလို့ ပေါလ် ရစ္စလေက ပြောပါတယ်။

“နိုင်ငံတကာဈေးကွက်ကနေ ဆန်တွေဝယ်ယူနိုင်ဖို့ စေ့စပ်ညှိနှိုင်းတာတွေ လုပ်နေပါပြီ။ ထိုင်းနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးကနေ ဝယ်ယူဖို့ လုပ်နေပါတယ်။ ဒီတော့ မြစ်ဝကျွန်းပေါ်ဒေသမှာ ဖြန့်ဖြူးဖို့ ဆန်တွေကို ဘယ်တော့ သင်္ဘောနဲ့ ပို့နိုင်မယ်ဆိုတာ နောက် သီတင်းပတ်အတွင်း ပြောနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

တကယ်ကတော့ ကမ္ဘာတဝှမ်းမှာ ဆန်အပါအဝင် စားနပ်ရိက္ခာဈေးနှုန်းတွေ တက်နေခဲ့တာ ကြာပါပြီ။ ဒီလိုဈေးတက်တာကြောင့် WFP မှာ နဂိုရှိထားတဲ့ ရန်ပုံငွေဟာလည်း မလောက်မင ဖြစ်ခဲ့ရတာကြောင့် မြန်မာ့မုန်တိုင်းဒုက္ခသည်တွေအတွက် ရိက္ခာတွေ အဆက်မပြတ် ဖြန့်ဖြူးနိုင်ဖို့ ရန်ပုံငွေတွေ ထပ်ပြီးထောက်ပံ့ကြဖို့ အလှူရှင်တွေနဲ့ နိုင်ငံတကာအစိုးရတွေကို WFP က မေတ္တာရပ်ခံထားပါတယ်။ လက်ရှိမှာ ဆန်ဝယ်ဖို့ ရန်ပုံငွေရှိနေသေးပေမယ့် ပြတ်လပ်မယ့်အလားအလာ ရှိနေတဲ့အကြောင်း ပေါလ် ရစ္စလေက ပြောပါတယ်။

“မြစ်ဝကျွန်းပေါ်ဒေသမှာ အကူအညီတွေ ဆက်ပေးနိုင်ဖို့အတွက် ဇူလိုင်လကုန်ကျရင်တော့ နိုင်ငံတကာ အစိုးရတွေဆီကနေ နောက်ထပ် ရန်ပုံငွေတွေ ကျနော်တို့ လိုမှာကတော့ အသေအချာပါပဲ။” လို့ ပြောပါတယ်။

အခုလို လယ်သမားတွေ စပါးပြန်စိုက်နိုင်ရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို ထပ်ပြီး အားဖြည့်ပေးနေတာတွေကတော့ လယ်သမားတွေအတွက် နိုင်ငံတကာကပေးတဲ့ လယ်ထွန်စက်တွေကို လယ်သမားတွေ အပြည့်အဝမရဘူးဆိုတဲ့ သတင်းတွေ၊ ရပြန်တော့လည်း တစစီဖြစ်နေတဲ့အတွက် ပြန်တပ်ဆင်ဖို့ရာ စက်ဆရာတွေကို စောင့်ဆိုင်းနေရတယ်ဆိုတဲ့ ဖြစ်ရပ်တွေပါပဲ။ ဒါ့အပြင် အဲဒီလယ်ထွန်စက်တွေ လည်ပတ်နိုင်ဖို့ ဒီဇယ်ဆီ ဂါလန်တသန်း အရေးပေါ်လိုအပ်နေတယ်လို့ မကြာသေးခင်ကပဲ ကုလသမဂ္ဂ အကြီးတန်းတာဝန်ရှိသူတဦးက ပြောခဲ့သေးပြန်တာကြောင့် မြစ်ဝကျွန်းပေါ်ဒေသမှာ ဆန်စပါးပြန်စိုက်ပျိုးနိုင်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းတွေအတွင်း စိုးရိမ်ဖွယ်သတင်းတွေ ဆက်တိုက်လို ထွက်ပေါ်လာနေတာပါ။

မြစ်ဝကျွန်းပေါ်ဒေသက လယ်မြေဧကပေါင်း ၃.၂ သန်းကျော်မှာ ၆၀% လောက် ပျက်စီးသွားပြီး ၁၆% လောက်ကတော့ ဒီနှစ်မိုးရာသီမှာ စပါးစိုက်လို့ မရလောက်တော့အောင်ကို ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ ဒေသဆိုင်ရာ ဒုတိယကိုယ်စားလှယ် မစ္စတာ ဟိရိုယုကိ ကိုနုမ (Hiroyuki Konuma) ကလည်း ပြောထားဖူးပါတယ်။

ဒီအတောအတွင်းမှာပဲ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းအသစ်တွေကို မြန်မာအာဏာပိုင်တွေက ထုတ်ခဲ့ပြန်ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်း အသစ်တွေကြောင့် နိုင်ငံတကာက ကူညီကယ်ဆယ်ရေးလုပ်သားတွေ၊ ကျွမ်းကျင်သူတွေ အချိန်နဲ့တပြေးညီ ပြည်ဝင်ခွင့်ဗီဇာရဖို့ ကိစ္စတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသဆီ သွားရောက်ရေးတွေမှာ အခက်အခဲ ပြဿနာတွေ ဆက်ရှိနေသေးတယ်လို့ ပေါလ် ရစ္စလေက ပြောပါတယ်။

“ဒီကိစ္စဟာ အရင်ကတည်းကကို အတော်လေး ခက်ခဲနေခဲ့ပြီးသားလို့ ကျနော်ထင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ကျနော်တို့ ဆက်သွယ်လုပ်ဆောင်ရပါတယ်။ အခုဆိုရင် ပြည်ဝင်ခွင့်ဗီဇာရဖို့ ကုန်သွယ်ရေးဝန်ကြီးဌာနက တဆင့်သွားရတာမို့ နှောင့်နှေးမှု အနည်းငယ် ထပ်ဖြစ်ရပါတယ်။ ဒီနှောင့်နှေးမှုဟာ ဘယ်လောက်သက်ရောက်မယ် ဆိုတာကတော့ ခုချိန်မှာ မရေရာသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာဝန်ထမ်းတွေ ပြည်ဝင်ခွင့်ရပြီး သူတို့အလုပ်ကို လုပ်ဆောင်နိုင်ရေး နှေးကွေးသွားစေတာကတော့ အသေအချာပါပဲ။” လို့ WFP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ရစ္စလေက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

မုန်တိုင်းတိုက်ခတ်ပြီးချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ မြန်မာအာဏာပိုင်တွေ နှောင့်နှေးခဲ့တာ၊ နိုင်ငံတကာက အကူအညီတွေ ပေးချင်ကြလို့ ဝိုင်းပြီး မေတ္တာရပ်ခံ တင်ပြတာတွေကို လျစ်လျူပြုပြီး အကူအညီတွေလက်ခံဖို့ တုန့်ဆိုင်းခဲ့တာ၊ တခါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာကျွမ်းကျင်သူတွေကို ဝင်ခွင့်ပြုဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့တာကိုလည်း အချိန်အတန်ကြာ ပယ်ချထားခဲ့ပြီး အတော်လေးနောက်ကျပြီးမှ ခွင့်ပြုခဲ့တာ၊ ခွင့်ပြုပြန်တော့လည်း ခုချိန်ထိကို အခက်အခဲနဲ့ ဟန့်တားမှုတွေ ရှိနေသေးတာတွေအတွက် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG