သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းသူ အန်န်အယ်လ်ဒီလူငယ်တွေ အဖမ်းခံရ


ဒီကနေ့ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
၆၃ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်
အန်န်အယ်လ်ဒီရုံးရှေ့မှာအန်န်အယ်လ်ဒီ
အဖွဲ့ဝင်တချို့ ငှက်လွှတ်ပြီး ဆုတောင်းခဲ့
ကြတဲ့အချိန် အရပ်ဝတ်နဲ့လူတွေ ကားတွေ
နဲ့ရောက်လာပြီး အတင်းဝင်ရောက်
ဖမ်းဆီးခဲ့တဲ့အတွက် အန်န်အယ်လ်ဒီအဖွဲ့
ဝင်တချို့ အဖမ်းခံခဲ့ရပါတယ်။ ဒီနေ့
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံးမှာ ဆွမ်းကပ်လှူဖို့ သံဃာတော်တွေ
ကို စီစဉ်ခဲ့ပေမယ့် အာဏာပိုင်တွေက
သံဃာတော်တွေ မကြွရဘူးလို့လည်း ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ အပြည့်အစုံကို
ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထား
ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်ပြည့်မွေးနေ့ကို
အခမ်းအနားကြီးတခုအနေနဲ့ လုပ်တာမဟုတ်ဘဲ ကုသိုလ်ကောင်းမှု တခုအနေနဲ့သာ
ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် အာဏာပိုင်တွေကတော့ ဒီကုသိုလ်ကောင်းမှုပြုတာ
ကိုပဲ ဟန့်တားခဲ့တယ်လို့ အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက
ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့က အခမ်းအနားမဟုတ်ဘူး။ မွေးနေ့ကို အလှူဒါနပြုတယ်၊ ကုသိုလ်ကောင်း
မှု ပြုပေးတာပါ။ မနက်ပိုင်းက ကျနော်တို့ တန်းဆွမ်းလောင်းပါတယ်။ သံဃာတွေရော၊
သီလရှင်တွေရော ကြွရောက်တာတွေကို ရုံးရှေ့မှာလောင်းပါတယ်။ နေ့ခင်းကတော့
သံဃာငါးပါးပင့်ပြီး ဆွမ်းကြွေးဖို့ အစီအစဉ် လုပ်ထားပါတယ်။ ဒါပေမယ့် အဲဒီအစီ
အစဉ်ကို သက်ဆိုင်ရာတွေက သံဃာတော်တွေ မကြွနိုင်အောင် တားထားတဲ့အတွက်
ရုံးမှာ ဆွမ်းကြွေးတာကိုတော့ မလုပ်ဖြစ်ပါဘူး။”

ဒါ့အပြင် အန်န်အယ်လ်ဒီရုံးချုပ် တည်ရှိရာ ဗဟန်းမြို့နယ်၊ ရွှေတိဂုံတိုင်လမ်း ပတ်ဝန်း
ကျင်တလျှောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

“ရုံးပတ်ဝန်းကျင်မှာလည်း အကြီးအကျယ် လုံခြုံရေးချထားတယ်။ လုံထိန်းက လက်နက်
အပြည့်အစုံနဲ့ အများကြီးပဲ။ အရပ်ဝတ်တွေနဲ့လည်း အများကြီးပဲ။ အဖွဲ့ချုပ်က ကုသိုလ်
ကောင်းမှုပြုတာကို အဲဒီလိုလုပ်နေတဲ့အတွက် ဒါလေး ပြောချင်တာပါ။”

သံဃာတော်တွေက ရုံးချုပ်ကို ကြွမလာနိုင်ကြတဲ့အတွက် ဘုန်းတော်ကြီးကျောင်းတွေ
ဆီကိုပဲ လှူဘွယ်ဆွမ်းဟင်းတွေ ပေးပို့ကပ်လှူခဲ့ရတယ်လို့ အန်န်အယ်လ်ဒီ ဗဟို
သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောပါတယ်။ အဲဒီနောက် ရုံးရှေ့မှာ
ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ပြီးခါစအချိန်လေးမှာပဲ ဒေါက်တာဝင်းနိုင်
က ပြောပြခဲ့ပါတယ်။

“ရှေ့မှာ ကျနော်တို့ အခမ်းအနားပေါ့၊ ငှက်တွေဘာတွေလွှတ်တယ်။ လွှတ်တဲ့အချိန်မှာ
ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေ ဒိုင်နာကား ဆယ်စီးလောက်နဲ့ ကျနော်တို့ရုံး ပလက်ဖောင်း
ပေါ်ကို တက်ပြီးတော့ ဝင်ဆွဲလို့ နှစ်ယောက်ပါသွားတယ်။ ကျနော်တို့ဘက်ကတော့
ရုံးအဝမှာပဲ လုံခြုံရေးချထားတယ်။ အဲဒီအထဲကကို ကင်မရာမင်း ကိုထွန်းမြင့်၊ ဗဟန်း
မြို့နယ် အတွင်းရေးမှူးကို ဘေးနားက ဝုန်းဝုန်း ဝုန်းဝုန်းနဲ့ ဆင်းလာပြီး အုပ်စုနဲ့ ဝိုင်းဆွဲ
တင်သွားတယ်။ ဒီမှာတော့ အခု ရုတ်ရုတ်သဲသဲ ဖြစ်နေတာပေါ့။”

အဲဒီအဖြစ်အပျက်အတွင်း ကိုယ်တိုင်ရှိနေခဲ့တဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင် လူငယ်တဦးက
လည်း အခုလိုပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ တောင်းဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ
ပါစေဆိုပြီး ဆုတောင်းပွဲတွေလုပ်တယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ရုံးရှေ့ကို ဒိုင်နာကား
ငါးစီးနဲ့ စွမ်းအားရှင်တွေ ရောက်လာတယ်။ ကားတစီးမှာ လူအနည်းဆုံး ၆၀၊ ၇၀
လောက်ပါတယ်။ စုစုပေါင်း ၃၀၀ လောက်ရှိတာပေါ့။ ကျနော်တို့ ဗဟန်းမြို့နယ်က
ကိုထွန်းမြင့်ကို ဖမ်းသွားတယ်။ နောက် အင်းစိန်မြို့နယ်က ကိုဟန်ရှိန်ကို ဖမ်းသွားတယ်။
ကျနော်တို့ဆီက ရဟန်းတပါးကို ကားပေါ်တင်ပြီး ဖမ်းသွားတယ်။ နောက် အမျိုးသမီး
တဦးနဲ့ အားလုံး လေးဦးဖမ်းသွားတယ်။”

ဗွီအိုအေက ထပ်ပြီး ဆက်သွယ်မေးမြန်းတာတွေအရ အဖမ်းခံရသူပေါင်းဟာ လေးဦး
ထက်မနည်း ရှိပါတယ်။ အဲဒီထဲမှာ လှိုင်သာယာမြို့နယ် အန်န်အယ်လ်ဒီဥက္ကဋ္ဌ ဦးလှအေး၊
ဓာတ်ပုံမှတ်တမ်းတင်နေသူ ဗဟန်းမြို့နယ် အန်န်အယ်လ်ဒီ အတွင်းရေးမှူး ကိုထွန်းမြင့်၊
မင်္ဂလာဒုံမြို့နယ် အန်န်အယ်လ်ဒီအဖွဲ့ဝင် ကိုမောင်မောင်ရှိန်နဲ့ အမည်မသိ သံဃာတော်
တပါးလည်း ပါဝင်တယ်လို့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောပြခဲ့ပါတယ်။

အန်န်အယ်လ်ဒီအဖွဲ့ဝင်တွေက ဆူဆူပူပူ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဘာမှလုပ်ဆောင်
တာ မရှိဘဲနဲ့ကို အခုလို အရပ်ဝတ်နဲ့လူတွေက ဝင်ဖမ်းခဲ့ကြတာပါလို့ ဒေါက်တာဝင်းနိုင်
က ဆိုပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့လူတွေကို ရုန်းရင်းဆန်ခတ်မဖြစ်အောင် ထိန်းသိမ်း
တယ်။ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဖန်တီးချင်တဲ့အခါကျတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကြီးက သေးသိမ် မှေးမှိန်ပြီးတော့ ကျနော်တို့ဘက်
မှာလည်း အများကြီး ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ကျနော်တို့
လူတွေကို ထိန်းသိမ်းတယ်။ ဘာမှ မပြောဘူး၊ မဆိုဘူး၊ လုံခြုံရေးတွေ ကျနော်တို့ရှေ့မှာ
လူငယ်တွေ ချထားတယ်။”

အခုလို သက်ဆိုင်ရာ တာဝန်ရှိသူ အာဏာပိုင်တွေက ဖမ်းဆီးတာမျိုးမဟုတ်ဘဲ
အရပ်ဝတ် ဝတ်ထားတဲ့ အရပ်သားတွေက ဖမ်းဆီးတာမျိုးဟာ ဥပဒေကြောင်းအရ
ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေါက်တာဝင်းနိုင်က ရှုတ်ချလိုက်ပါ
တယ်။ ဒါပေမယ့် အန်န်အယ်လ်ဒီဘက်ကတော့ ဥပဒေကြောင်းအရပဲ ဆက်လုပ်သွား
ပါမယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဥပဒေကြောင်းအရပဲ သက်ဆိုင်ရာကို မေးရမြန်းရမှာပေါ့။
သူတို့ကို ဘယ်ခေါ်သွားတယ်။ ဘယ်သူတွေ ခေါ်သွားတယ်၊ စသဖြင့်ပေါ့။ ဒါလည်း ဒီလို
စွမ်းအားရှင်တွေက ဝင်ရောက် ဖမ်းပိုင် ဆီးပိုင်ခွင့်ဆိုတာ ဥပဒေအရ မရှိဘူး။ ဒါဟာ
တမင်တကာ ရုန်းရင်းဆန်ခတ်မှုကို ဖန်တီးတယ်လို့ပဲ ကျနော်တို့ကတော့ သုံးသပ်တယ်။
လက်ရှိအားဖြင့် လုံခြုံရေးအဖွဲ့အစည်းတွေမှ မဟုတ်တာ။ စစ်တပ်တို့၊ ရဲတို့၊ လုံထိန်းတို့၊
အက်စ်ဘီတို့ ဒီလိုအဖွဲ့အစည်းတွေမှ မဟုတ်တာ။ သူတို့က အရပ်ဖက်အဖွဲ့အစည်းတွေပဲ။
သူတို့အနေနဲ့ အရပ်ဖက် ဖွဲ့ထားတဲ့ လူမှုရေးအဖွဲ့တွေလို့ နာမည်ခံထားတဲ့ အဖွဲ့တွေပဲ။
ဒီကိစ္စမှာ သူတို့အနေနဲ့ လူတွေကိုဝင်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်ဖို့ ဘာမှအကြောင်းမရှိ
ဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။”
အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ်၊ မေလ ဒီပဲယင်းအကြမ်းဖက်မှု ဖြစ်ပြီးကတည်း
က နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတာကြောင့် အခုကာလအတွင်း မွေးနေ့
ပေါင်း ၆ ခုကို နေအိမ်အကျယ်ချုပ်ဘဝနဲ့ ဖြတ်သန်းခဲ့ရပြီးပါပြီ။ သူ့ကိုလွှတ်ပေးဖို့ ကုလ
သမဂ္ဂ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းတောင်းဆိုတာတွေ ဆက်လက်ထွက်ပေါ်နေ
ဆဲပါ။ ဒါပေမယ့် မြန်မာအစိုးရကတော့ ဒီတောင်းဆိုမှုတွေအားလုံးကို မျက်ကွယ်ပြုပြီး
ပြီးခဲ့တဲ့လကုန်ကပဲ နောက်ထပ် အကျယ်ချုပ်သက်တမ်းတနှစ် ထပ်တိုးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG