သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေအတွက် အဆိုးဆုံးနေထိုင်ရာအဖြစ် ထိုင်းနိုင်ငံ သတ်မှတ်ခံရ


ကမ္ဘာတလွှား ဒုက္ခသည်တွေနေထိုင်နေရတဲ့ အဆိုးဆုံးနေရာ ဆယ်နေရာထဲမှာ ထိုင်းနိုင်ငံလည်း တခုအပါအဝင် ဖြစ်တယ်လို့ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ ဒုက္ခသည်အခြေအနေဆိုင်ရာ အစီရင်ခံစာအသစ်တခုမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတွင်းခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေပေါ်မှာ ဆိုးရွားတဲ့ ပြုမူဆက်ဆံပုံတွေကြောင့် အခုလို အဆိုးရွားဆုံး နေရာတခုအဖြစ် သတ်မှတ်ခံရတာလို့ အစီရင်ခံစာပြုစုတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ အမေရိကန်ကော်မတီ (USCRI) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာကို အတင်းအကျပ်ပြန်ပို့တာ၊ နိုင်ငံတွင်းမှာရှိနေတဲ့ မြန်မာဒုက္ခသည် အများအပြားကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်မပြုတာ၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားတဲ့ လူတွေကိုကျတော့လည်း ဒုက္ခသည်စခန်းတွေထဲကနေ အပြင်ထွက် အလုပ်လုပ်ခွင့်မပေးဘဲ ကုန်လှောင်ရုံတွေမှာ ကုန်သိုလှောင်သလို ပိတ်ထားတာ၊ ဒါ့အပြင် လာအိုနိုင်ငံက မုန်းလူမျိုးဒုက္ခသည် ၈,၀၀၀ လောက်ကို သံဆူးကြိုးတွေ ကာရံထားတဲ့ စခန်းတခုထဲမှာ ပိတ်ထည့်ထားပြီး ပြန်ပို့ဖို့ ရည်ရွယ်ထားတာ စတဲ့အချက်တွေကြောင့် ဆိုးရွားတဲ့နေရာတခုဖြစ်တယ်လို့ USCRI ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

USCRI က ပြုစုတဲ့ ၂၀၀၈ ခုနှစ်၊ ကမ္ဘာ့ဒုက္ခသည် အခြေအနေဆိုင်ရာ စစ်တမ်းမှာ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး နိုင်ငံတခုချင်းစီရဲ့ စွမ်းဆောင်မှုတွေကို ကဏ္ဍလေးခုခွဲ ဆန်းစစ်ထားပါတယ်။ အဲဒါတွေကတော့ ဒုက္ခသည်တွေကို ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးမှု၊ ဖမ်းဆီးထိန်းသိမ်းမှု၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်နဲ့ နေထိုင်ခွင့်တွေရှိမှု၊ အသက်မွေးဝမ်းကျောင်းအလုပ်ကနေ ဝင်ငွေရရှိမှုဆိုတဲ့ ကဏ္ဍတွေပါပဲ။

ဒီကဏ္ဍလေးခုမှာ ထိုင်းနိုင်ငံရဲ့ စွမ်းဆောင်မှုနဲ့ပတ်သက်ပြီး USCRI ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ ဒါရက်စ် ချူဆရီ (Ms. Dares Chusri) က…

“၂၀၀၇ ခုနှစ်စစ်တမ်းမှာတုန်းက ထိုင်းနိုင်ငံဟာ ကဏ္ဍလေးခုမှာ D နှစ်ခုနဲ့ F နှစ်ခု ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ D တခုပဲရပြီး F က သုံးခုဖြစ်သွားပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံရဲ့အဆင့်ဟာ ဒီနှစ်မှာ ကျဆင်းသွားပါတယ်။” လို့ ပြောပါတယ်။

လွတ်လပ်စွာသွားလာခွင့်နဲ့ နေထိုင်ခွင့်မှာ ထိုင်းနိုင်ငံရဲ့အဆင့် ကျဆင်းသွားရတာရဲ့ အဓိကအကြောင်းတွေထဲမှာ လည်တံရှည် ပဒေါင်လူမျိုး ဒုက္ခသည်တွေကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ရည်ရွယ်ချက်နဲ့ ကျေးရွာတခုမှာ အတင်းအကျပ် ရွှေ့ပြောင်းနေရာချထားခဲ့တာလည်း ပါဝင်ပါတယ်။

အဆိုးဆုံးဆယ်နိုင်ငံထဲမှာ ထိုင်းနိုင်ငံနဲ့အတူပါဝင်တဲ့ တခြားနေရာတွေကတော့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဥရောပနိုင်ငံတွေ၊ အိန္ဒိယ၊ အီရတ်၊ ကင်ညာ၊ မလေးရှား၊ ရုရှားနဲ့ ဆူဒန်နိုင်ငံတို့ ဖြစ်ပါတယ်။

တကယ်ကတော့ ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်၊ ၁၉၆၇ ခုနှစ် သဘောတူညီချက်တွေကို လိုက်နာပါမယ်လို့ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် ဥပမာအားဖြင့် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်မပေးတဲ့ကိစ္စဟာ လူသားအခွင့်အရေးကိစ္စဖြစ်တဲ့အတွက် လုပ်ဆောင်ပေးသင့်တယ်လို့ ဒီကနေ့ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ပါဝင်သူ ထိုင်းနိုင်ငံ၊ ရန်ဆစ်တက္ကသိုလ်၊ စီးပွားရေးဌာနရဲ့ ပါမောက္ခ ဒေါက်တာ အနုဆွန် ထမကျိုင် (Dr. Anusorn Tamajai) က ပြောပါတယ်။

“ဒုက္ခသည်တွေ အလုပ်လုပ်ခွင့်အကြောင်း ကျနော်တို့ပြောတဲ့အခါ တကယ်ကတော့ အလုပ်လုပ်ခွင့်ဆိုတဲ့ ကိစ္စသက်သက် မဟုတ်ပါဘူး။ ဒါဟာ လူသားရဲ့အခွင့်အရေးအကြောင်းပါ။ လူတွေဟာ သူတို့ရဲ့တဘဝလုံး အလုပ်လုပ်ခွင့် ရရှိသင့်ပါတယ်။” လို့ ဒေါက်တာအနုဆွန်က ထိုင်းဘာသာစကားနဲ့ ပြောခဲ့ပါတယ်။

ဒေါက်တာအနုဆွန်ဟာ USCRI က အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာပြုစုရာမှာ လူသားချင်းစာနာမှုဆိုင်ရာကိစ္စအဖြစ် သတ်မှတ်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့သူပါ။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးအပြီး အာဏာသိမ်း မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်ကွပ်မှုကို ရှောင်ရှားဖို့နဲ့ ဒီမိုကရေစီရေး ဆက်ပြီးလုပ်ဆောင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထိုင်းနိုင်ငံကို ထွက်လာကြတဲ့ မြန်မာကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံသိကျွမ်းခဲ့ဖူး၊ ကိုယ်တိုင်က ကျောင်းသားဘဝမှာ ချူလာလောင်ကွန်းတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံ ကျောင်းသားများအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် စတဲ့တာဝန်တွေကို ယူခဲ့ဖူးသူပါ။ မြန်မာနိုင်ငံအခြေအနေ၊ ဒေသတွင်းအခြေအနေကို အဆက်မပြတ် လေ့လာနေသူလည်း ဖြစ်ပါတယ်။

မြန်မာကျောင်းသားအများအပြားနဲ့ သူတွေ့ဆုံမေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံက အခြေအနေဟာ သူတွေးထင်ထားတာထက် ပိုပြီးဆိုးရွားနေတယ်ဆိုတာ သိခဲ့ရတယ်လို့ ဒေါက်တာအနုဆွန်က ပြောပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့မူဝါဒ ရှိသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

“ဒုက္ခသည်တွေကိစ္စမှာ ထိုင်းနိုင်ငံအနေနဲ့ သင့်တင့်လျောက်ပတ်တဲ့ မူဝါဒတခု မရှိဘူးဆိုရင် ဒီပြဿနာကို ရေရှည်ဆက်ပြီး ရင်ဆိုင်သွားရပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်ပြီးပြောရမယ်ဆိုရင် ဒီဒုက္ခသည်ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ့် ခိုင်မာတဲ့မူဝါဒတခု ရှိသင့်ပါတယ်။” လို့ ဒေါက်တာအနုဆွန်က အကြံပေးခဲ့ပါတယ်။

ဒါ့အပြင် သူက ASEAN အရှေ့တောင်အာရှနိုင်ငံများအသင်းအနေနဲ့ မြန်မာနိုင်ငံကိစ္စမှာ ပါဝင်ရမယ့် အခန်းကဏ္ဍကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

“ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ရာမှာ ထိုင်းနိုင်ငံအနေနဲ့ ခိုင်မာတဲ့မူဝါဒတခု ရှိရုံတင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့အတွက် အာဆီယံအနေနဲ့လည်း ကူညီဆောင်ရွက်သင့်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံတခု ဖြစ်လာအောင်နဲ့ လူထုရဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာလာအောင် ကူညီသင့်ပါတယ်။ ဒါမှသာ ဒုက္ခသည်ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာပါ။” လို့ ထိုင်းနိုင်ငံ၊ ရန်ဆစ်တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ အနုဆွန် ထမကျိုင်က ပြောခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဒုက္ခသည်စုစုပေါင်း ၁၄ သန်းကျော်ရှိနေတယ်လို့ USCRI ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံအသီးသီးက ဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်အရေအတွက်ကတော့ ထိုင်းနိုင်ငံမှာ ၃၉၆,၀၀၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၇၇,၅၀၀၊ အိန္ဒိယနိုင်ငံမှာ ၇၅,၀၀၀ နဲ့ မလေးရှားနိုင်ငံမှာ ၄၄,၇၀၀ အသီးသီးရှိတယ်လို့ USCRI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာကြောင့် ဒီစာရင်းအရဆိုရင် စုစုပေါင်း မြန်မာဒုက္ခသည် အရေအတွက်ဟာ ၆၉၃,၂၀၀ ရှိတယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံကိုရောက်ရှိနေကြတဲ့ ဒုက္ခသည်တွေထဲမှာ အများစုက ကရင်တိုင်းရင်းသားတွေဖြစ်ပြီး မြန်မာစစ်တပ်က ရွာတွေကိုဖျက်ဆီး၊ မိသားစုတွေကိုသတ်ဖြတ် စတဲ့ဖြစ်ရပ်မျိုးတွေကို တွေ့ကြုံခဲ့ပြီးတဲ့နောက် ထွက်ပြေးလာကြတာလို့ ဒုက္ခသည်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအသီးသီးက မှတ်တမ်းတင်ကြပါတယ်။ ဒါကြောင့်လည်း မြန်မာအစိုးရဟာ ကိုယ့်နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို အလွန်အကျူး ချိုးဖောက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူဖို့၊ နိုင်ငံတကာတရားခုံရုံးမှာ တင်ပြီး တရားစွဲဆိုဖို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့အစည်းမျိုးစုံက ကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG