သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်လွှတ်တော်တွင် ဂုဏ်ပြုကျင်းပ


နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်တဲ့ နိုဘယ်လ်
ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
၆၃ နှစ်ပြည့် မွေးနေ့ပွဲကို အမေရိကန်နိုင်ငံ
အောက်လွှတ်တော်ဆိုင်ရာ လူ့အခွင့်အရေးကော်မ
တီမှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေနဲ့ မြန်မာ့
အရေး အားပေးထောက်ခံတဲ့ အမေရိကန် နိုင်ငံရေး
လောကသားတချို့ စုဝေးပြီး မနေ့က ဝါရှင်တန်ဒီစီမှာ
ဂုဏ်ပြုကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်
တက်ရောက် သတင်းယူခဲ့တဲ့ ကိုကျော်အောင်လွင်
က တင်ပြပေးထားပါတယ်။

အမေရိကန် အောက်လွှတ်တော်မှာ မနေ့ကကျင်းပ
ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ အခမ်း
အနားမှာ ထူးထူးခြားခြား တက်ရောက်ပြောဆိုခဲ့သူ တဦးကတော့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ မိသားစုဝင်တဦး ငှားရမ်းမှုကြောင့် ဒေါ်စုလွတ်မြောက်ရေး ရှေ့နေလိုက်ပေး
နေတဲ့ အမေရိကန်အခြေစိုက် Freedom Now အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ဂျဲရက် ဂျန်ဆာ
ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်တိုင်တိုင် အရင်က ဖမ်းဆီးခဲ့တုန်းကလည်း ကုလ
သမဂ္ဂဘက်ကနေ ဒီလိုဖမ်းဆီးမှုတွေဟာ တရားမဝင်တဲ့ ဖမ်းဆီးမှုတွေ ဖြစ်တယ်လို့
ပြောဆိုခဲ့ပါတယ်။ အခုလိုဖမ်းဆီးထားတာဟာ နိုင်ငံတကာ ဥပဒေနဲ့လည်း မညီညွတ်
ပါဘူး။ အဲဒါကြောင့် ဇွန်လ ၁၈ ရက်နေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး
ကုလသမဂ္ဂဘက်ကနေ တရားဝင်နည်းလမ်းတွေနဲ့ အရေးပေါ် အရေးယူဆောင်ရွက်ပေး
ဖို့ မေတ္တာရပ်ခံချက်တစောင် ကျနော်ပေးပို့ခဲ့ပါတယ်” လို့ ရှေ့နေ ဂျဲရက် ဂျန်ဆာက
ပြောသွားခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး အလီးနား
နဂီးကလည်း မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ
အားလုံး ပြန်လွှတ်ပေးဖို့၊ အခုလိုဖမ်းဆီးထားတဲ့အတွက် မြန်မာစစ်အစိုးရကို ပြစ်တင်
ရှုတ်ချတဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

“ဒီကနေ့ပဲ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး ဒေါ်စုလွတ်မြောက်ရေးအပြင် မြန်မာပြည်အတွက် ဒီမို
ကရေစီ အပြောင်းအလဲ လုပ်ဆောင်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်” လို့ ရှင်းပြခဲ့
ပါတယ်။

အခမ်းအနားမှာ တက်ရောက်ပြောဆိုသူ နောက်တဦးကတော့ ဒေါ်အောင်ဆန်းစုကြည်
ရဲ့ အစ်ကိုဝမ်းကွဲတော်သူ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုး
ရရဲ့ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဖြစ်ပါတယ်။ ဒေါ်စုလွတ်ခြင်း၊ မလွတ်ခြင်းနဲ့ မြန်မာ့
နိုင်ငံရေး အပြောင်းအလဲ ဘယ်လောက်ဆက်စပ်မှုတွေ ရှိနေသလဲလို့ ဒေါက်တာ
စိန်ဝင်းကို မေးကြည့်ပါတယ်။

“နိုင်ငံရေးရေချိန်ကို ဒေါ်အောင်ဆန်းစုကြည် လွတ်မလွတ်၊ လွတ်တဲ့အခါမှာလည်း
ဘယ်လိုစည်းကမ်းနဲ့လွတ်တယ်၊ မလွတ်ဘူး၊ စသည်အားဖြင့် ဒါတွေနဲ့ ချိန်ကိုက်လို့ရပါ
တယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်ဆက်တိုးတယ်။ ၂၀၀၃ ကနေစပြီး
တရားမဝင် ဖမ်းဆီးထားတယ်ဆိုတာ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေ
ဘယ်လောက်ဆိုးတယ်ဆိုတာ ရှင်းနေတာပါပဲ။”

အမေရိကန်နိုင်ငံ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က
အာရှ-ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး မစ္စတာ တီကူးမားကလည်း ဒေါ်စုရဲ့မွေးနေ့ဟာ
ခါးသီးတဲ့ ချိုမြိန်မှုတခုလို့ ဆိုပါတယ်။

“ဒီနေ့ဟာ ကျနော်တို့အားလုံးအတွက် ခါးသီးတဲ့ချိုမြိန်မှုတခုကို ခံစားရတဲ့နေ့ပါပဲ။
မြန်မာပြည်သူတရပ်လုံးနဲ့အတူ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်ထိ
တိုင်းပြည်ထဲမှာ အကျဉ်းချခံနေရတုန်းပါ” လို့ မစ္စတာ တီကူးမားက ပြောသွားခဲ့ပါ
တယ်။

မွေးနေ့ပွဲမှာ မြန်မာ့အရေး ထောက်ခံကြတဲ့ အမေရိကန် နိုင်ငံရေးလောကသားတွေ
အပြင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အဲဒီအထဲမှာ မြန်မာအမျိုးသမီးငယ်လေး တဦးလည်း ပါဝင်ပါတယ်။

“အန်တီစုမွေးနေ့နဲ့ ပတ်သက်ပြီးတော့ တခါမှ မကျင်းပဖူးပါဘူး။ ဒါပေမယ့် သတင်း
တွေ၊ ဆောင်းပါးတွေကြည့်တဲ့အခါ မျက်ရည်ကျပြီး စိတ်ထဲမှာ အရမ်းခံစားရတယ်။
ဘာဖြစ်လို့လဲဆိုတော့ မိန်းမတယောက်အနေနဲ့ ဒီလို နိုင်ငံရေးစိတ်ဓာတ် အရမ်း
ပြင်းပြတယ်ဆိုတာ မြန်မာပြည်သူတွေအတွက် သတင်းကောင်းတခုပါပဲ။ အမျိုးသမီး
တွေအတွက်လည်း ရှေ့ဆောင်ပြနေပါတယ်။ ငါတို့နိုင်ငံမှာ ယောက်ျားမှမဟုတ်ဘူး၊
အမျိုးသမီးတွေလည်း တိုက်ခိုက်ဖို့အတွက် အားအင်တခုဖြစ်လာတယ်။

“သမီးတို့လူငယ်တွေအနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး မြန်မာပြည်ထဲမှာ ဂဃနဏ မသိ
ရဘူး။ ဒီလို ပြည်ပကိုရောက်လာတဲ့အခါ ပိုပြီးတော့ ကိုယ့်နိုင်ငံသားထက် တခြား
ပြည်ပနိုင်ငံက လူတွေကပါ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့သိပြီး အားပေးတော့ ကိုယ့်
မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် ထောင်ကျနေရာက
လွတ်အောင် ဘယ်လိုအားပေးကူညီ လုပ်ဆောင်ရမယ်ဆိုတာ သူ့အလိုလို သွေးထဲ
ကနေ စကားပြောလာတယ်။ အဲဒီအတွက် သမီးတို့ပြည်ပက လူတွေအနေနဲ့ ပြည်တွင်း
ကလူတွေ လွတ်မြောက်အောင် တနည်းနည်းနဲ့ ကယ်တင်မယ်ဆိုပြီး စိတ်ထဲမှာ
ဖြစ်လာပါတယ်။”

တိုက်တိုက်ဆိုင်ဆိုင်ပဲ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ သူ့လိုပဲ
အကျဉ်းချခံထားရတဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ ခေါင်းဆောင်တဦးဖြစ်သူ အရှင်
ဂမ္ဘီရရဲ့ ၂၈ နှစ်မြောက်မွေးနေ့နဲ့ တိုက်ဆိုင်နေတဲ့အကြောင်း အခမ်းအနားကို ဦးစီး
ကျင်းပခဲ့တဲ့ US Campaign for Burma အဖွဲ့က ဂျနီဖာ ဝင်ဂလီကလည်း ပြောသွားခဲ့
ပါတယ်။

မွေးနေ့တွေတော်တော်များများကို အကျဉ်းချခံပြီး ဖြတ်ကျော်နေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ပျော်ရွှင်ဖို့မကောင်းတဲ့ မွေးနေ့ပွဲတွေမှာ
ဒေါ်အောင်ဆန်းစုကြည် ပျော်ရွှင်ပါစေလို့ ဆုတောင်းကြမယ့်အစား ဒေါ်အောင်ဆန်း
စုကြည် အမြန်ဆုံး လွတ်မြောက်ပါစေလို့ပဲ ဆန္ဒပြု ဆုတောင်းကြတာကို တွေ့ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG