သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက် ရက်စက်မှုများရှိဟု လုံခြုံရေးကောင်စီ၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အမျိုး
သမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်နဲ့
ဆွေးနွေးပွဲတရပ်ကို ကျင်းပရာမှာ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်
(Condoleezza Rice) က သဘာပတိအဖြစ်
ဆောင်ရွက်ပြီး ဒီပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူး
ချုပ်ကိုယ်တိုင်လည်း တက်ရောက်ဆွေးနွေးခဲ့ပါ
တယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ
ပေးထားပါတယ်။

ဒီပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မြန်မာနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ်
ရက်စက်ရမ်းကားမှုတွေ ရှိနေတာကို အခုလို ဥပမာပေး ပြောသွားပါတယ်။

“ကျမတို့အားလုံး သိနေပြီးသားပါ။ ဒီကနေ့ ကမ္ဘာ့နေရာအချို့မှာ အမျိုးသမီးတွေအပေါ်
မယုံနိုင်စရာ ရက်စက်ရမ်းကားမှုတွေ ရှိနေပါတယ်။ ဥပမာ မြန်မာနိုင်ငံကိုကြည့်ပါ၊
စစ်သားတွေဟာ အမျိုးသမီးတွေနဲ့ အသက် ၈ နှစ်လောက်ပဲရှိတဲ့ မိန်းကလေးငယ်တွေ
ကိုတောင်မှ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုတာတွေ မပြတ်ကျူးလွန်နေပါတယ်။”

ဒါ့အပြင် အခုလို ကမ္ဘာအနှံ့က လွတ်မြောက်ရေးတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေရဲ့
အခြေအနေကို ပြောကြမယ်၊ ဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်း
စုကြည်ကိုလည်း မေ့ထားလို့မရဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က အခုလို
ပြောသွားပါတယ်။

“မြန်မာနိုင်ငံက ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တခုကိုလည်း ပြောရပါမယ်။
မြန်မာနိုင်ငံမှာ ရွေးချယ်ခံ အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာအစိုးရခေါင်းဆောင် ဖြစ်ရမယ့်အစား ဒီကနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ
နေအိမ်မှာ အကျယ်ချုပ်ခံထားရပါတယ်။ အကြမ်းဖက်မှုတွေ ရှိနေတဲ့နေရာက
လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အမျိုးသမီးလှုပ်ရှားသူ အခြေအနေကို
ကျမတို့ ဆန်းစစ်ကြတဲ့နေရာမှာ ဒီအချက်ကိုလည်း မေ့ထားလို့မရပါဘူး။”

ဒါကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က မနေ့က ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီရဲ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
အင်္ဂလန်နိုင်ငံက ကိုယ်စားလှယ်ဖြစ်တဲ့ ပက်ထရစ်ရှာ စကော့တ်လန် (PATRICIA
SCOTLAND) ကလည်း အကြမ်းဖက်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံအတွင်းက အမျိုးသမီး
ထုရဲ့ အခြေအနေကိုလည်း သတိရစရာ ဖြစ်မိတယ်လို့ ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အကြောင်း နည်းနည်းပြောချင်ပါတယ်။ ဒီကနေ့ဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ နောက်ထပ် မွေးနေ့ ကျင်းပရ
ပြန်ပါပြီ။ မြန်မာနိုင်ငံသားတွေဟာ ၁၉၆၂ ခုနှစ်ကတည်းက စစ်အစိုးရလက်အောက်မှာ
နစ်နာခံစားခဲ့ကြရပါတယ်။ ဒီကနေ့ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေကို
အခု ပြောဆိုဆွေးနွေးကြတော့ ဒေါ်အောင်ဆန်းစုကြည်ကို သတိရစရာ ဖြစ်လာပါ
တယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကြောင့်ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှုတွေ၊ ဖိနှိပ်မှု
တွေမှာ ခါးစည်းခံကြရတဲ့ မြန်မာနိုင်ငံက သာမန်အမျိုးသမီးတွေကိုလည်း ကျမ
သတိရမိပါတယ်။”

အခု ဒီဆွေးနွေးပွဲ ကျင်းပခဲ့တဲ့အချိန်မှာဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမျိုး
သမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ချမှတ်နိုင်ခဲ့
တာ ၈ နှစ်ပြည့်အချိန် ကျင်းပခဲ့တာပါ။ အခုလို ဒီဆုံးဖြတ်ချက်ချပြီး ၈ နှစ်အကြာ ကမ္ဘာ
အနှံ့ စစ်မက်ဖြစ်ပွားတဲ့နေရာတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ဘယ်
အခြေအနေရောက်နေပြီလဲဆိုတာကို ပြန်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ ဒီပွဲကို
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်လည်း တက်ရောက်ပြီး ပဋိပက္ခဖြစ်တဲ့နေရာ
တွေမှာ အမျိုးသမီးတွေ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့အတွက် ပိုပြီး အားစိုက်
လုပ်ကြဖို့လိုတယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG