သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော


လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက် တခုသဖွယ် ပြုနေတယ်လို့ ဆိုပြီး ဒီလို အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က အစည်းအဝေး တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း ၆၀ ကျော်က ရှုတ်ချလိုက်ပါတယ်။ ဒီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိနေရာကို အမေရိကန် ပြည်ထောင်စုက ယူထားတာဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က လုံခြုံရေး ကောင်စီမှာပြုလုပ်တဲ့ ဒီအစည်းအဝေးအတွင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက်တခုသဖွယ် အသုံးပြုနေတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ ဟုတ်မဟုတ် နှစ်နဲ့ချီ အငြင်းပွားခဲ့ကြရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် က ဆိုပါတယ်။

"လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စဟာ လုံခြုံရေးအရ အမှန်တကယ် စိုးရိမ်စရာ ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂက အခု အသိအမှတ် ပြုလာပါပြီ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေကို ဖြစ်စေပါတယ်။"

တရက်ကြာ အခြေအတင် ဆွေးနွေးမှု အပြီးမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်တရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။

"အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အများသိအောင် ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တရပ်ကို ဒီ ဆုံးဖြတ်ချက်ထဲမှာ ချမှတ်ခဲ့ကြပါတယ်။ အထူးသဖြင့် - ဒီ ဆုံးဖြတ်ချက်ကနေ လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ရရှိလာတဲ့ အချက်အလက်တွေကို လုံခြုံရေးကောင်စီမှာ ပုံမှန် တင်ပြသွားနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ရေး ပြင်ဆင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း တောင်းဆိုထားပါတယ်။"

ကွန်ဂို သမ္မတ နိုင်ငံနဲ့ ဆူဒန်နိုင်ငံတွေလို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး ရိုက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ နောက် လစ်ဗျားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတချို့ကလည်း အမျိုးသမီးတွေကို ခေါင်းပုံဖြတ် အသုံးချမှုတွေ လုပ်နေတယ် ဆိုတဲ့ အစီရင်ခံစာတွေ ရှိတဲ့အကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေပြီး သူ့ ဝန်ထမ်းတွေအနေနဲ့ ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ ခေါင်းပုံဖြတ်အသုံးချတာကို လုံး၀ သည်းခံမှာမဟုတ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

ပဋိပက္ခတွေကနေ လွန်မြောက်ပြီး ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ တချို့ လူ့အဖွဲ့အစည်းတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေသေးသလို ဒီကိစ္စကို ထိပ်ဆုံးကထားပြီး ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆက်ပြောသွားခဲ့ပါတယ်။

ဘောစနီးယား၊ ရဝမ်ဒါ၊ ကမ်ဘောဒီးယား၊ ဟိတ်တီ၊ လစ်ဗျား နဲ့ ယူဂန်ဒါ စတဲ့ ကမ္ဘာတဝှမ်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာနဲ့ပတ်သက်လို့ မှတ်တမ်းတွေ ရှိပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစု၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ စွန့်ပယ်မှု ခံရတာတွေရှိသလို တချို့ကလည်း အိပ်ချ်အိုင်ဗွီ အိပ်စ် ရောဂါ ကူးစက်တာ ခံရသူတွေလည်း ရှိပါတယ်။

စစ်ပွဲဖြစ်ပွားတဲ့ ကာလတွေအတွင်းမှာ အမျိုးသမီးတွေဟာ အတင်းအဓမ္မ ပြုကျင့်ခံရတာတွေအပြင် အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတာ၊ နောက် စားဝတ်နေရေး အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ရတာ စတာတွေနဲ့ ကြုံတွေ့ရလေ့သလို တချို့ အမျိုးသမီးငယ်တွေဆိုရင် ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းတာတွေလည်း ခံရလေ့ ရှိပါတယ်။

ဒီလို လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာတွေဟာ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သဘာပတိ အဖွဲ့ဝင်တယောက်လည်းဖြစ်၊ ပလောင်အမျိုးသမီးသမဂ္ဂ ကို ထူထောင်ခဲ့သူဖြစ်တဲ့ မလွေအေးနန်းက အခုလို ပြောပြပါတယ်။

"စစ်ပွဲတွေ ဖြစ်တဲ့နေရာမှာ၊ တိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာ ကြည့်မယ်ဆိုလို့ရှိရင် ဥပမာ ကရင်ဒေသမှာ ရှိတဲ့ဟာတွေ၊ နောက်ပြီး ရှမ်းပြည်မှာ ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေ အကုန်လုံး ခံနေရတာတွေ ရှိတယ်။ ဥပမာ ပြောမယ်ဆိုလို့ရှိရင် စစ်ပွဲထဲမှာ ဖြစ်နေတဲ့ဟာက အမျိုးသမီးတွေက စစ်ကြောင်းတကြောင်းက ဝင်လာပြီဆိုရင် တိုက်ပွဲတွေ ဖြစ်လာပြီဆိုလို့ရှိရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသားတွေက အကုန်လုံး ထွက်ပြေးသွားတာမျိုးတွေ ရှိနေတယ်။ နောက်ပြီးတော့ ပေါ်တာဆွဲခံရလို့ ထွက်ပြေးရတဲ့ အမျိုးသားတွေ ရှိတယ်။ နောက်ဆုံး ကျန်တာက အဲဒီရွာထဲမှာ အမျိုးသားတွေ လိုက်ရှာမရလို့ အချိန်မှာ အမျိုးသမီးတွေက ဓါးစားခံ ဖြစ်လာတာပေါ့နော်။ အဲဒီမှာရှိတဲ့ အမျိုးသမီးတွေက အစုလိုက်အပြုံလိုက်လိုမျိုးပေါ့နော်။ မုဒိမ်းကျင့် ခံရတဲ့ဟာမျိုးတွေ ဖြစ်လာတာပေါ့နော်။ အဲဒါတွေကလည်း စစ်လက်နက်တခုအနေနဲ့ပေါ့နော် အဲဒီမှာရှိနေတဲ့ ရွာသားအမျိုးသားတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ရန်သူတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ကျန်နေခဲ့တဲ့ အမျိုးသမီးငယ်တွေကို၊ မိခင်တွေကို မုဒိန်းကျင့်တာတွေက ဒါတွေဟာ အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီးတော့ အကြမ်းဖက်နေတာမျိုးတွေ ဖြစ်တာပေါ့။"

ဟုတ်ကဲ့။ မြန်မာစစ်တပ်ဘက်က ကျူးလွန်တာတွေပေါ့နော်။ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဘက်မှာရော ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မရှိဘူးလားရှင့်။ -

"အဲဒါက ပြောရမယ်ဆိုရင် ကျမတို့ အတွေ့အကြုံရှိတာက ကျမတို့ ပလောင်မှာ Palaung State Liberation Army ဆိုတာ ရှိတယ်။ အခု ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက အတင်းအဓမ္မ လက်နက်ချ ခံရတဲ့အဖွဲ့ ရှိတာပေါ့နော်။ ဒါကို ကြည့်မယ်ဆိုရင် သူတို့ကလည်း လက်နက်ကိုင်ဖြစ်တာပေါ့နော်။ သူတို့ကြားထဲမှာ ဒီလို ကိစ္စရပ်တွေဖြစ်လားလို့ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ ဘက်လိုက်ပြီးတော့ ပြောတာမဟုတ်ပါဘူး။ ကိုယ့် ပလောင် မိုလို့ ဘက်လိုက်ပြီး ပြောတာမဟုတ်ဘူး။ ဒါတွေက မရှိနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ပလောင် လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာက ကျမတို့ ပလောင်ပြည်သူလူထုတွေက ဒီစစ်အာဏာရှင်တွေ၊ နအဖ စစ်တပ်ကနေ ထိုးစစ်ဆင်တဲ့နေရာမှာ ဒီမှာရှိတဲ့ ပြည်သူလူထုတွေကို ပလောင်လူထုတွေကို အကြမ်းဖက်နေတာတွေကို မတော်မတရားလုပ်နေတာတွေက ကာကွယ်ဖို့အတွက် ရပ်တည်နေတာဖြစ်တာကြောင့် ကျမတို့လူထုတွေကို ကာကွယ်တာမျိုး ဖြစ်တယ်။ တချို့နေရာဒေသတွေမှာဆိုရင် ကျမတို့ ဒီမှာရှိနေတဲ့ ပလောင်အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတာမျိုးဆိုလို့ရှိရင် သွားပြီးတော့ သူတို့တွေကိုယ်တိုင် လိုက်ပြီးတော့ ဒါတွေကို အကာအကွယ် ပေးနေတဲ့ အဆင့်မျိုးတွေ ရှိတာပေါ့နော်။ သူတို့ကြားထဲမှာ ဒါတွေကလည်း ဖြစ်လို့မရဘူး။ ဖြစ်လည်း မဖြစ်နေဘူး။ ရှိလည်း မရှိနေဘူးပေါ့။"

ပလောင်အမျိုးသမီးသမဂ္ဂက မလွေအေးနန်း ပြောပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG