သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ အချိန်မှီ ကျောင်းပြန်ဖွင့်နိုင်ရေး ကုလသမဂ္ဂရဲ့ ပူးပေါင်း ဆောင်ရွက်မှု


ကလေး ၁.၁သန်းကျော် ပညာသင်ကြားနေတဲ့ အခြေခံ မူလတန်းကျောင်း လေးထောင်ကျော် ဆိုင်ကလုံး မုန်တိုင်းကြောင့် ပျက်ဆီးသွားခဲ့ရပါတယ်။ ဒါပေမဲ့တချို့ ဒေသတွေမှာရှိတဲ့ ကျောင်းတွေ ဇွန်လ ၂ရက်နေ့ နောက်ဆုံးထားပြီး အချိန်မှီ ပြန်ဖွင့်ဖို့အတွက် ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ (UNCIEF) က စစ်အစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်အနီးတဝိုက်ကစပြီး ဆိုင်ကလုံးဒဏ် အပြင်းထန်ဆုံးခံရတဲ့ နေရာတွေမှာရှိတဲ့ ပျိုပျက် သွားခဲ့ရတဲ့ကျောင်းတွေကို အဓိကထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ UNCIEFကဆိုပါတယ်။

ရန်ကုန်မြို့ကနေ၂၅မိုင်အကွာမှာရှိတဲ့ ကော့မှူးမြို့နယ်ရဲ့ ပျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေမှာ ကျောင်းတွေပြန်ဆောက်နိုင်ဖို့ လုပ်ငန်းတွေကို စတင်ပြီးဖြစ်ပါတယ်။

အဖျောက် မူလတန်းလွန်ကျောင်းလိုမျိုး ဆိုင်ကလုံး ဒဏ်ကြောင့် ပျက်စီးခဲ့ရတဲ့ ကျောင်းတွေကို ပြန်လည်မွန်းမံနိုင်ရေး ပစ္စည်းတွေ ဖြန့်ဝေနိုင်ဖို့ UNCIEFတို့၊ ပညာရေး ဝန်ကြီးဌာနတို့နဲ့ ရပ်ရွာအသိုင်းအဝိုင်းတို့ ပူးပေါင်း ဆောင်ရွက် နေကြပါပြီ။

အဓိကကျတဲ့ ကျောင်းသုံးပစ္စည်းတွေနဲ့ ဖတ်စာအုပ်တွေကိုလည်း ဖြန့်ဝေနေပြီဖြစ်ပါတယ်။

မုန်တိုင်းဒဏ်ကြောင့် အသက်မပျောက်ဘဲ ကျန်ခဲ့တဲ့ ကလေးတွေကို ကျောင်းတွေကို ပို့ထားခြင်းအားဖြင့် သူတို့လေးတွေ သာမန်ဘဝကို ရောက်အောင် အမြန်ဆုံး ပို့ပေးနိုင်ရေးဟာ အဓိကကျပါတယ်။

UNCIEFရဲ့ နိုင်ငံတကာ ပညာရေးဆိုင်ရာ အကြီးအကဲဖြစ်တဲ့ မစ္စတာ ကရင် ရိုက်က

“ပုံမှန်ဘဝကို ပြန်လည်ဦးတည်ဖို့အတွက်မှာ ပညာရေးက သိပ်အရေးကြီးပါတယ်။”

ကယ်ဆယ်ရေး လုပ်သားတွေဟာ ကလေးငယ်တွေ ကျောင်းအမြန်ဆုံးတက်ဖို့နဲ့ သူတို့လေးတွေ ပြန်လည် ပျော်ရွှင်လာဖို့အတွက် ကြိုးစားနေပါတယ်။

UNCIEFက ကလေးတွေကို ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို လုပ်ကိုင်တဲ့ Uzma Hoqueက

“ကျမ ဆိုးရွားဆုံးနေရာတွေကိုရောက်ပါတယ်။ အထူးသဖြင့် လပွတ္တာမှာ ပျက်ဆီးသွားတဲ့နေရာတွေကို တွေ့ရင် ဘယ်လောက်ဆိုးရွားနေသလဲဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီမှာရှိတဲ့ ကလေးငယ်တွေရဲ့မျက်နှာတွေမှာလည်း သောကတွေကို တွေ့မြင်နေရပါတယ်။ ဒါပေမယ့် ကလေးတွေ ပျော်ရွှင်နိုင်ဖို့ နေရာလေးတွေ စီစဉ်ပေးတဲ့အခါ ကလေးငယ်တွေဟာ အဲဒီနေရာတွေမှာ စုစည်းပြီး ပြုံးနေတယ်၊ ပျော်ရွှင်နေပါတယ်။ အဲဒီပျော်ရွှင်နေတဲ့ အချိန်တိုအတွင်းမှာ သူတို့ ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခဆိုးကြီးကို မေ့ပျောက်သွားတာကို မြင်ရတာဟာ အင်မတန် ကြည်နူးဖို့ ကောင်းပါတယ်။”

မစ္စ ဟိုကြူကပဲ သူအနေနဲ့ အခုလို ဒုက္ခရောက်နေချိန်မှာ ကလေးတွေကို မသမာသူ လက်ထဲ မရောက်အောင် ကာကွယ်ရေးက သိပ်အရေးကြီးတယ်လို့ ဆိုပါတယ်။

“ကလေးတွေကို ကိုယ်မိဘနာမည်၊ ကိုယ့်နေတဲ့ မြို့နာမယ်စတာတွေသင်ထားဖို့လိုပါတယ်။ ပြီးတော့ ကိုယ်မသိတဲ့ သူတွေကို လွယ်လွယ်မယုံကြည်ဖို့နဲ့ ကလေးတွေကို သင်ကြားပေးရပါမယ်။”

ကော့မှူးမြို့နယ်မှာ ကျောင်းတွေဟာ ဇွန်လ ၂ရက်နေ့မှာ စနိုင်ပေမယ့် တခြား ဆိုင်ကလုံးဘေးဒဏ် အပြင်းဆုံးခံရတဲ့ နေရာတွေမှာတော့ ပညာရေးဝန်ကြီးဌာနက ကျောင်းတွေကို တလနောက်ဆုတ်ပြီး ဖွင့်မယ်လို့ ကြေညာထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG