သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ကုလတိုက်တွန်း


လက်ရှိ အခြေအနေမှာ ရွေးကောက်ပွဲကို ဆက်လုပ်သွားမယ်ဆိုရင် ဘယ်လိုမှ တရား
ဝင်မှု မရှိနိုင်ဘူးလို့ဆိုရင်း သောကြာနေ့မှာလုပ်ဖို့ စီစဉ်ထားတဲ့ တကြော့ပြန် သမ္မတ
ရွေးကောက်ပွဲတွေကို အချိန်ရွှေ့ဆိုင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က ဇင်ဘာဘွေအစိုးရကို တောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၉ ရက် သမ္မတရွေးကောက်ပွဲတွေ စခဲ့တဲ့အချိန်ကတည်းကစလို့ နိုင်ငံအတွင်း
ဆက်တိုက်ဖြစ်ပွားလာခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက် နှောင့်ယှက်မှုတွေကို
အဆုံးသတ်ဖို့ သမ္မတ မူဂါဘီ (Mugabe) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းက တောင်းဆိုလိုက်တာပါ။

လက်ရှိအခြေအနေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အနေ
အထားမှာ မရှိတာကြောင့် သောကြာနေ့လုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်း
ဖို့ သူက တောင်းဆိုလိုက်ပြီး ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်သွားတာ
ဟာ တိုင်းပြည်ကို ပိုပြီး ပြိုကွဲအောင်လုပ်တာ ဖြစ်လိမ့်မယ်လို့လည်း အတွင်းရေးမှူးချုပ်
က ပြောဆိုလိုက်ပါတယ်။

“အကြမ်းဖက်မှုတွေ လွန်ကဲနေသလို ခြိမ်းခြောက်မှုတွေကလည်း သိပ်များနေပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် တရားမဝင်သလို
နိုင်ငံတကာက အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။”

လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ဇင်ဘာဘွေအစိုးရမှာ တာဝန်
ရှိတဲ့အကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ လုံခြုံရေးကောင်စီ ကြေညာချက်တစောင်
ထုတ်ပြန်ဖို့ ကောင်စီကလည်း သဘောတူလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ
သမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဇာမေး ခါလီဇက် (Zalmay Khalilzad)
ကလည်း ပြောဆိုခဲ့ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ တကျော့ပြန် သမ္မတရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ သမ္မတ
မူဂါဘီ အစိုးရဟာ တရားမဝင်ဘူးလို့ အမေရိကန်နိုင်ငံကလည်း တနင်္လာနေ့က ပြောဆို
လိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင် မော်ဂန် ချန်ဂရိုင်း (Morgan Tsvangirai) ကို
သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ အတင်းဖိအားပေးခံခဲ့ရတဲ့ အချိန်ကစလို့
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဇင်ဘာဘွေအစိုးရကို ဖိအားပေးဖို့ အမေရိကန်
နိုင်ငံက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ချန်ဂရိုင်းအနေနဲ့ ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့ အမေ
ရိကန်အနေနဲ့ ဒီအပေါ်မှာ အပြည့်အ၀ နားလည်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့သလို
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မကျင်းပနိုင်အောင် အတိုက်အခံအဖွဲ့ကို
အကြမ်းဖက်နှိမ်နှင်းနေတဲ့ မူဂါဘီအစိုးရကို အရမ်းကို စိတ်ပျက်မိတယ်လို့လည်း အမေ
ရိကန် ပြည်ထောင်စုက ဆိုပါတယ်။

သမ္မတ မူဂါဘီဟာ ဇင်ဘာဘွေနိုင်ငံသားတွေရဲ့ ဆန္ဒကို ဆန့်ကျင်ဖို့ ကြိုးစားနေတယ်
ဆိုတာ လုံး၀ ရှင်းနေတာဖြစ်သလို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန်
ဝေဖန်တဲ့အကြောင်း ကြေညာချက်တခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီ
ဇာ ရိုက်စ်(Condoleezza Rice) က ပြောဆိုထားပါတယ်။

လူထုကိုကာကွယ်ဖို့ဆိုတဲ့ အစိုးရတခု အခြေခံလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းကို
သမ္မတ မူဂါဘီနဲ့ သူ့အစိုးရက လိုက်နာဖို့ ပျက်ကွက်နေတယ်လို့လည်း နိုင်ငံခြားရေး
ဝန်ကြီး ရိုက်စ်က ဆိုပါတယ်။ ဒီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဖြေရှင်းဖို့
လိုတယ်လို့လည်း သူက ပြောဆိုခဲ့ပါသေးတယ်။

မစ္စတာ မူဂါဘီ အစိုးရဟာ တရားဝင်မှု မရှိဘူးလို့ အခုလို နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်ရဲ့
ပြောဆိုချက်က လက်ရှိအခြေအနေကို လုံး၀ ထင်ဟပ်နေတာဖြစ်တယ်လို့ နိုင်ငံခြားရေး
ဌာန လက်ထောက်ပြောခွင့်ရ တွမ်ကေစီ (Tom Casey) က သတင်းထောက်တွေနဲ့
တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။

“ဒီအစိုးရဟာ သူ့နိုင်ငံသားတွေရဲ့ အမြင်မှာလည်း တရားမဝင်သလို အမေရိကန်
ပြည်ထောင်စုရော၊ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ အမြင်မှာရော တရားမဝင်ပါဘူး။
လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်း ရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်မှာပါ။ ဇင်ဘာဘွေ
အစိုးရအနေနဲ့ ခုလိုလုပ်ဆောင်လို့ ဘယ်လို အရေးယူတုံ့ပြန်ခံရမလဲ ဆိုတာက နိုင်ငံ
တကာရဲ့ ကြေညာချက်တွေ၊ လုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ တခြား
ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးတာတွေအပေါ်မှာ မူတည်ပါလိမ့်မယ်။”

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကလည်း သမ္မတ မူဂါဘီ အစိုးရ
ကို ဗြိတိန်နိုင်ငံအနေနဲ့ လုံး၀ အသိအမှတ်မပြုဘူးလို့ ပါလီမန်မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံတကာမိသားစုနဲ့အတူ လက်တွဲပြီး ဇင်ဘာဘွေကို ဖိအားတိုးပေးသွားရေး
ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

သောကြာနေ့ပြုလုပ်မယ့် တကျော့ပြန် သမ္မတရွေးကောက်ပွဲတွေ မတိုင်ခင် အကြမ်း
ဖက် ဖိနှိပ်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ ကမ္ဘာ့ခေါင်းဆောင်တွေက ဇင်ဘာဘွေ
အစိုးရကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မစ္စတာ မူဂါဘီ အစိုးရကို တညီတညွှတ်တည်း
ဝိုင်းဝန်းဖိအားပေးပြီး အရေးယူသွားကြရမယ့် အကြောင်းလည်း ပါလီမန်မှာ ဝန်ကြီးချုပ်
ဂေါ်ဒွန် ဘရောင်းက ပြောဆိုသွားခဲ့ပါတယ်။

“အသိအမှတ်ပြုမှုနဲ့ပတ်သက်လို့ကတော့ ကျနော်တို့အနေနဲ့ ပြတ်ပြတ်သားသား ပြောဆို
ခဲ့ပြီးတဲ့အတိုင်း ဒီအစိုးရကို တရားဝင်အစိုးရလို့ လုံး၀ အသိအမှတ်မပြုနိုင်ပါဘူး။
ဒီအချက်ကို လွန်ခဲ့တဲ့သီတင်းပတ်တွေ၊ လတွေအတွင်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပြီး
ပါပြီ။”

နိုင်ငံတကာအနေနဲ့ ဇင်ဘာဘွေကို အစိုးရတရပ်အနေနဲ့ အသိအမှတ်ပြုမှုကနေ
ရုပ်သိမ်းဖို့ ဗြိတိသျှအတိုက်အခံ ကွန်ဇာဗေးတစ်ပါတီခေါင်းဆောင် ဒေဗစ် ကမာရွန်း
(David Cameron) ရဲ့ အကြံပြုပြောဆိုချက်ကို ပြန်လည်တုံ့ပြန်ပြောဆိုရင်း လက်ရှိ
ဇင်ဘာဘွေအစိုးရကို ဗြိတိန်နိုင်ငံအနေနဲ့ လုံး၀ အသိအမှတ်မပြုဘူးလို့ ဗြိတိန်
ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG