သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောကြာနေ့ရွေးကောက်ပွဲ ဇင်ဘာဘွေသမ္မတ ရွှေ့ဆိုင်းမည်မဟုတ်


တရားဝင်ဖြစ်အောင် အတိုက်အခံ MDC အဖွဲ့နဲ့
စေ့စပ်ဆွေးနွေးဖို့ စဉ်းစားထားပေမယ့်
သောကြာနေ့ကျင်းပဖို့ သတ်မှတ်ထားတဲ့
သမ္မတရွေးကောက်ပွဲကိုတော့ ဆက်လုပ်သွား
မယ်လို့ ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) က ပြောဆိုလိုက်ပါတယ်။
တချိန်တည်းမှာပဲ အတိုက်အခံတွေကို ဖိနှိပ်တဲ့
အကြမ်းဖက်မှုတွေဟာ တနေ့တခြား တိုးလာနေ
တယ်လို့ နိုင်ငံအနှံ့ သတင်းတွေက ဆိုပါတယ်။
ဟယ်ရာရီမြို့ကနေ ဗွီအိုအေသတင်းထောက်
ပီတာ သောနီခရော့ဖ်တ် (Peta Thornycroft)
သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက
တင်ပြပေးထားပါတယ်။

အတိုက်အခံပါတီ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုအဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းဖို့ ငြင်းဆန်
မှာမဟုတ်ဘူးလို့ အင်္ဂါနေ့က လူထုစုဝေးပွဲတခုမှာ အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့
ဇင်ဘာဘွေသမ္မတ မူဂါဘီက သူ့အနေနဲ့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
ဒါပေမယ့်လည်း သောကြာနေ့လုပ်ဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကိုတော့
ဆက်လုပ်သွားမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၇ ရက် ဇွန်လမှာလုပ်မယ့်
ရွေးကောက်ပွဲဟာ ကျနော်တို့အားလုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့
တရားဝင်လုပ်ငန်းစဉ်ဖြစ်တယ်လို့ သူကဆိုပါတယ်။

MDC အဖွဲ့က တကျော့ပြန် သမ္မတရွေးကောက်ပွဲကနေ နုတ်ထွက်တဲ့အကြောင်း
ရွေးကောက်ပွဲကော်မရှင်ကို အင်္ဂါနေ့က တရားဝင် စာပို့ခဲ့တာ ဖြစ်ပါတယ်။ ပထမ
ရွေးကောက်ပွဲတွေမှာ မဲကလိမ်ကျတာ ခံရသလို သူ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ဆက်ရှိ
နေတဲ့အတွက် သူ့ကိုထောက်ခံသူတွေဟာလည်း အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေနဲ့
အကြီးအကျယ် ကြုံတွေ့ရတယ်လို့ အတိုက်အခံခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း
(Morgan Tsvangirai) က ဆိုပါတယ်။ ဒါကြောင့်မို့လည်း သူ ရွေးကောက်ပွဲကနေ
နုတ်ထွက်ခဲ့တာပါ။

“ရွေးကောက်ပွဲကို သူတို့ ဆက်သွားချင်တယ်ဆိုရင်လည်း သူတို့သဘောပေါ့ဗျာ။
ဘယ်လိုရွေးကောက်ပွဲမျိုး ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ကျနော်တို့ဘက်က
တော့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ပြောခဲ့ပြီးပါပြီ။ ဒီရွေးကောက်ပွဲ
ကနေ နုတ်ထွက်တယ်ဆိုတာပါပဲ။ သူတို့ချည်းပဲ ဆက်လုပ်သွားချင်တော့လည်း သူတို့
သဘောပေါ့ဗျာ။”

မတ်လ ၂၉ ရက်နေ့ ပထမတကျော့ သမ္မတရွေးကောက်ပွဲမှာ မစ္စတာ ရှန်ဂရိုင်း အနိုင်ရ
ခဲ့တာပါ။ ဒါပေမယ့် မစ္စတာ မူဂါဘီကို အပြတ်အသတ် အနိုင်ရတာမျိုးတော့ မဟုတ်ခဲ့ပါ
ဘူး။

မထိန်းသိမ်းနိုင်လောက်တဲ့ အခြေအနေအထိ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေမှာကို
လေ့လာစောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။ ရွေးကောက်ပွဲကာလအတွင်း
မဲပေးသူတွေကို အကာအကွယ်ပေးနိုင်မယ်၊ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာကြ
မယ့် လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကြီးကြပ်ဆောင်ရွက်သူတွေ နုတ်ထွက်သွားမှုက ဒီ
စိုးရိမ်ဖွယ်အခြေအနေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

ဇင်ဘာဘွေ ရွေးကောက်ပွဲဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့ (ZESN) က လေ့လာစောင့်ကြည့်
သူ ၅၀၀ ကိုပဲ ခွင့်ပြုမယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အဖွဲ့ပေါင်း ၃၈ ဖွဲ့ အင်္ဂါနေ့က
နုတ်ထွက်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲ
ကို ကြီးကြပ်ဆောင်ရွက်ဖို့ လေ့လာစောင့်ကြည့်သူ ၉,၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဒီတခါ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာသူ ၅၀၀ ကိုပဲ ခွင့်ပြုမှာဖြစ်တဲ့အကြောင်း
တရားရေးဝန်ကြီး ပက်ထရစ် ချီနာမာဆာ (Patrick Chinamasa) ဆီကနေ သောကြာ
နေ့က စာရေးအကြောင်းကြားစာ ရရှိခဲ့တာလို့ ရွေးကောက်ပွဲဆိုင်ရာ ထောက်ပံ့ရေး
အဖွဲ့က ပြောပါတယ်။ ဒါပေမယ့် ဒီ စောင့်ကြည့်လေ့လာသူ ၅၀၀ အတွက် ဘယ်သူတွေ
ကို ဖိတ်ကြားမယ်ဆိုတဲ့ အကြောင်းကြားစာတွေ ခုချိန်ထိ လက်ခံရရှိခြင်း မရှိသေးသလို
စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက် စောင့်ကြည့်
လေ့လာနိုင်တဲ့ လုပ်ပိုင်ခွင့်လည်း အပြည့်အ၀ ရှိနိုင်မှာမဟုတ်ဘူးလို့ ဒီအဖွဲ့က ပြောပါ
တယ်။

ပြိုင်ဘက်မရှိ အရွေးခံမယ့် သမ္မတရွေးကောက်ပွဲကို သောကြာနေ့မှာ ဆက်လုပ်သွားဖို့
မစ္စတာ မူဂါဘီရဲ့ ZANU-PF ပါတီက ဆုံးဖြတ်ထားတယ်လို့ ဆိုထားတာကြောင့် မူဂါဘီ
ပါတီကို ထောက်ခံသူတွေက မဲပေးသူတွေကို လက်နက်နဲ့ခြိမ်းခြောက်ပြီး မဲပေးခိုင်းမှာ
ကို အများက ကြောက်လန့်နေကြပါတယ်။

မစ္စတာ မူဂါဘီ အစိုးရဟာ အတိုက်အခံတွေအပေါ် ခြိမ်းခြောက်မှုတွေနဲ့ လက်တုံ့ပြန်မှု
တွေ လုပ်နေသလို အကြမ်းဖက်မှုတွေနဲ့ အကြောက်တရား ကြီးစိုးအောင် တိုက်ခိုက်နေ
တယ်ဆိုတာ ပြသတဲ့သက်သေတွေ အမြောက်အများရှိတယ်လို့ ကုလသမဂ္ဂရဲ့ နိုင်ငံရေး
ဆိုင်ရာ လက်ထောက်အတွင်းအရေးမှူးချုပ် ဘီ.လင်း ပက်စ်ကိုး (B. Lynn Pascoe) က
ပြောပါတယ်။

မူဂါဘီအစိုးရအနေနဲ့ တရားဝင်တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မှာမဟုတ်ဘူးလို့ လုံခြုံ
ရေးကောင်စီမှာ မစ္စတာ ပက်စ်ကိုးက ပြောဆိုခဲ့ပါတယ်။ တကျော့ပြန်ရွေးကောက်ပွဲကို
စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်ဆိုရင် ကွဲလွဲမှုတွေသာ တိုးလာစေမှာဖြစ်ပြီး
တရားမဝင်တဲ့ ရလဒ်တွေပဲ ရမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေအတွင်း ၈၅ ယောက် သေဆုံးခဲ့ပြီး ဇင်ဘာဘွေနိုင်ငံ
သား သောင်းနဲ့ချီ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးပြီလို့ လူ့အခွင့်အရေးအဖွဲ့
တွေက ပြောကြပါတယ်။ အတိုက်အခံခေါင်းဆောင် မစ္စတာ ရှန်ဂရိုင်းဟာလည်း
အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို နိုင်ငံတော်က ဦးဆောင်တဲ့ လုပ်ကြံ
သတ်ဖြတ်မှုခံရမယ့် သတိပေးချက်တွေလည်း ရှိခဲ့ပါတယ်။ သူ့ရဲ့ ထိပ်တန်း
လက်ထောက်ဖြစ်သူလည်း သေဒဏ်ချမှတ်နိုင်တဲ့ နိုင်ငံတော်ပုန်ကန်မှုနဲ့ စွပ်စွဲခံထား
ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG