သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေပြည်သူများ ကြောက်ရွံ့မှုအောက် မဲပေးခဲ့ရသည်ဟု အာဖရိက လေ့လာရေးအဖွဲ့က ပြောဆို


ဇင်ဘာဘွေနိုင်ငံမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲပေးသူဦးရေ အနည်းငယ်သာ ရရှိခဲ့ပြီး မဲပေးသူ အများစုဟာ ကြောက်ရွံ့မှုတွေ ရှိနေတယ်လို့ အာဖရိက လေ့လာစောင့်ကြည့်ရေး အဖွဲ့ ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

သမ္မတ ရောဘတ် မူဂါဘီ တဦးတည်း သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲမှာ မဲရေတွက်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်ဆိုတဲ့အကြောင်း တောင်အာဖရိက ဗျူရို ဂျိုဟန်းနက်စ်ဘတ် မြို့ကနေ ဗီအိုအေ သတင်းထောက် ဒေလီယာ ရော်ဘတ်ဆင် သတင်းပေးပို့ထားတာကို မညိုညိုလွင်က တင်ပြထားပါတယ်။

သောကြာနေ့က မဲပေးခဲ့ကြတဲ့ ဇင်ဘာဘွေ နိုင်ငံသားတော်တော် များများဟာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ရှိနေခဲ့ပြီး သူတို့ မဲဆန္ဒ ပေးခဲ့တယ် ဆိုတဲ့ အမှတ်အသား ဖြစ်တဲ့ လက်ချောင်းထိပ်က ဖျက်မရတဲ့ မှင်ရာတွေကို ရယူခဲ့ကြပါတယ်လို့ Pan African ပါလီမန် ရဲ့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် မာဝတ်ခ် ကူမာလို က ပြောဆိုခဲ့ပါတယ်။

မဲပေးသူတွေဟာ ကြောက်ရွံ့မှုတွေနဲ့ မဲပေးခဲ့ကြရပြီး လက်ချောင်းတွေ မှာ မဲပေးပြီးကြောင်း မှတ်သား ပေးလိုက်တဲ့ မှင်ရာတွေက သူတို့အတွက် လူဆိုးလူပေတွေ လက်က ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်လို့လည်း ကူမာလို က အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဒီမိုကရက်တစ်ပြောင်းလဲရေး လှုပ်ရှားမှု ပါတီခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်း သမ္မတ ရာထူး ယှဉ်ပြိုင်မှုကနေ နှုတ်ထွက်ခဲ့ပေမယ့် မဲပေးသူတွေ တော်တော်များများက ဘာပဲဖြစ်ဖြစ် သူ့အတွက် မဲပေးခဲ့ကြတယ်လို့ ပြောဆိုကြောင်းနဲ့ တချို့ကတော့ မဲစာရွက်တွေကို ဖျက်ဆီးခဲ့ကြတယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။

ဇင်ဘာဘွေ အစိုးရပိုင် သတင်းဌာနကတော့ ဆန္ဒမဲပေးသူ အများအပြား မဲပေးခဲ့ကြကြောင်းနဲ့ ဝေဖန်မှုတွေ ရှိနေတဲ့ ရွေးကောက်ပွဲကို လူစုလူဝေးကြီးနဲ အင်အားကြီးကြီးမားမား မဲပေးခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ကူမာလို အပါအဝင် တခြား လေ့လာသူတွေကတော့ မဲပေးသူ အရေအတွက်ဟာ နည်းနည်းပဲ ရှိခဲ့တယ်လို့ ဆိုတဲ့အတိုင်း ဒုတိယ မြို တော် ဘူလာဝါယို မြို့က မဲရုံတခုကို ကြည့်ရင် မစ္စတာ မူဂါဘီအ တွက် ၂၂ မဲ၊ မစ္စတာ ရှန်ဂရိုင်း အတွက် ၁၄ မဲ နဲ့ ပယ်မဲ ၁၂ မဲ ပဲ ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ မတ်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက အဲ့ဒီ မဲရုံမှာ မဲပေးသူ အနည်းဆုံး ၃၀၀ လောက် ရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့အပတ် သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်အာဖရိက နိုင်ငံတွေရဲ့ သတ်မှတ်ချက် အတိုင်း တရားဥပဒေနဲ့ မညီညွတ်တဲ့ ရွေးကောက်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ကြောင်းနဲ့ ဒီလိုရွေးကောက်ပွဲမျိုးကို ကျင်းပ ပြုလုပ်ခဲ့မယ် ဆိုရင်လည်း အလွန်တရာမှ ဝမ်းနည်းစရာ ကောင်းကြောင်း ပြောဆိုခဲ့ပါတယ်။

အာဖရိက အမျိုးသားကွန်ဂရက်စ် အေအဲန်စီ ရဲ့ ဥက္ကဌ ဂျက်ကော့ဘ် ဇူးမား ကတော့ ဇင်ဘာဘွေနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းနိုင်ရေး အဖြေရှာဖို့အတွက်ဟာ အလွန်အရေးကြီးကြောင်း ဂျိုဟန် နက်စ်ဘတ် မှာ ကျင်းပတဲ့ စီးပွားရေးဆိုင်ရာ ညစာစားပွဲမှာ ပြောဆိုခဲ့ပါတယ်။

"နိုင်ငံတွေက ကိုယ်ရဲ့ ပြည်သူပြည်သားတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်နေတာကြောင့် လူထုကလည်း ပြန်လည်တုံ့ပြန်တဲ့ လှုပ်ရှားမှုတွေ အမျိုးအမျိုး လုပ်ဆောင်ခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေကိုလည်း ထိခိုက်စေတာကြောင့် ဒါမျိုးတော့ ကျနော်တို့ လိုလားမယ်လို့ မထင်ပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်တို့ အားလုံး ကောင်းမွန်ဖို့အတွက်ပါ ဇင်ဘာဘွေနိုင်ငံရဲ့ အခြေအနေ တွေမှာ ဝင်ရောက်ကူညီပြီး နိုင်ငံရေး အစီအမံတွေ လုပ်ဆောင်ဖို့ တောင်းဆိုရပါလိမ့်မယ်။"

တနင်္လာနေ့ ကျင်းပမယ့် ထိပ်သီးညီလာခံအကြို အာဖရိက သမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို အီဂျစ်နိုင်ငံမှာ ကျင်းပနေပြီး နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ မစ္စတာ မူဂါဘီနဲ့ မစ္စတာ ရှန်ဂရိုင်းတို့ တွေဆုံ ဆွေးနွေးရေးအတွက် တိုက်တွန်းသင့်တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG