သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှ ကလေးအလုပ်သမားများ


မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသက မူလတန်းကျောင်းနေရမဲ့အရွယ် ကလေးငယ် ၂၇ သန်းဟာ ကျောင်း မတက်နိုင်ပဲ ကလေးအလုပ်သမားတွေအဖြစ် လုပ်ငန်းခွင်တွေမှာ ရှိနေကြရတယ်လို့ အိုင်အယ်လ်အို (ILO) အပြည်ပြည်ဆိုင် ရာ အလုပ်သမားအဖွဲ့ကြီးရဲ့ လတ်တလော ကလေးအလုပ်သမားဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်၊ မြန်မာပြည် က ကလေးငယ်တွေဟာ စားသောက်ဆိုင် လုပ်ငန်းတွေမှာ အများအားဖြင့် အလုပ်လုပ်ကြပါတယ်၊ ဒါ့အပြင် ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ အိမ်တွင်းစက်လက်မှုနဲ့အိမ်ဖေါ်လုပ်ငန်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ကိုင်နေကြပါတယ်။

(ကလေးအလုပ်သမား) "ကျနော်က ၁၃ နှစ်ပါ၊ စားဝတ်နေရေး အဆင်မပြေလို့ ဒီမှာ လာအလုပ်လုပ်နေတာပါ၊ ကျနော်ရတဲ့ လခ လေးကို ပုံမှန် ပို့ပေးနေရပါတယ်၊ ကျနော် ကျောင်းအရမ်း တက်ချင်ပါတယ်၊ ဒါပေမဲ့ စားဝတ်နေရေး မပြေလည်လို့မတက်ရပါဘူး။ ကျနော် ၆ တန်းမှာ ကျောင်းထွက်လိုက်ပါတယ်၊ အဲဒါကြောင့် ဒီမှာလာအလုပ်လုပ် နေတာပါ။ ကျနော် တောင်ဒဂုံမှာ နေပါတယ် ပြည်ရေးကို လေးစားတန်ဘိုးထားတတ်တဲ့ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာအရ ကျောင်းနေရမဲ့အရွယ်တွေကို ကျောင်းထားတဲ့နူန်း ၈ဝ ရာခိုင်နူန်းကျော်ရှိပေမဲ့ ကျောင်းပြန်ထွက်သွားတဲ့နူန်းကလည်းမြင့်မားနေပြီး မူလတန်း ပညာရေး ပြီးဆုံးသူဦးရေဟာ ၅၅ ရာခိုင်နူန်းတောင်မရှိဘူးလို့ ကုလသမဂ္ဂ ကလေးများ အရေးပေါ်ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။"

(စားပွဲထိုးကလေးငယ်) "ကျနော်တို့မောင်နှမ ၂ ယောက်ရှိတယ်။ အဖေက အခု လောလောဆယ် ကွက်သစ်မှာ ထင်းထမ်းနေတာ လေ၊ အမေက ကလေးနဲ့ဆိုတော့ အလုပ်မလုပ်နိုင်ဘူး၊ ကျနော်တို့ပဲ ရှာကျွေးနေရတယ်။"

မေး ။ ။ မင်းကျောင်းနေချင်တဲ့စိတ် မရှိဘူးလား?
ဖြေ ။ ။ ဟာ၊ ရှိတာပေါ့ဗျာ၊ စီးပွါးရေးအဆင်မပြေလို့မနေတာပေါ့၊ ဒီလကုန်ရင် ထွက်မယ်လို့ စိတ်ကူးထားတယ်။
မေး ။ ။ ထွက်ပြီး ဘာလုပ်မလဲ?
ဖြေ ။ ။ ထွက်ပြီး လစာပိုရတဲ့ဆိုင် သွားလုပ်ရမှာပေါ့၊ ဒီဆိုင်မှာ လခက ၅ဝဝဝ ပဲရတာလေ၊ ၅ဝဝဝ က နည်းတယ်၊ အိမ်ပေးရတာနဲ့ ကုန်နေတာ၊ ဟိုဆိုင်က ၇ဝဝဝ လေ၊ ၁ လ ကို ၂ဝဝဝ ပိုနေတာပဲ၊ ကျနော့်ညီကို ကျောင်းထားနိုင်မှာ ပေါ့၊ ကျနော့်လို စာမတတ်မှာစိုးလို့လေ။

(ကလေးအလုပ်သမား) "ကျနော့်မိသားစု ၇ ယောက်ရှိပါတယ်၊ အဖေရော၊ အမေရော ရှိပါတယ်၊ မိသားစု အဆင်မပြေလို့ ရန်ကုန်မှာ လာပြီး အလုပ်လုပ်နေရတာပါ၊ ကျနော်အိမ်ကို ပိုက်ဆံ ပုံမှန် ပို့ပေးနေရပါတယ်။"

ကလေးအလုပ်သမားတွေဟာ တနေ့ကို အလုပ်ချိန် ၁၂ နာရီလောက် အလုပ်လုပ်ကြရပြီးတော့ အများအားဖြင့် လုပ်ငန်းခွင်မှာပဲ နေထိုင်ကြပါတယ်၊ ကိုယ့်ဒေသထက် ဝင်ငွေပိုကောင်းတဲ့ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာသာမကပဲ အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း မြန်မာပြည်သား ကလေးငယ်တွေဟာ အလုပ်လုပ်ကိုင် နေကြပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို လုပ်ငန်းခွင်တွေမှာ ခိုင်းစေတာတွေကို ၁၉၉၃ ခု ကလေးသူငယ်ဆိုင်ရာ ဥပဒေနဲ့ တားမြစ်ထားပါတယ်။ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ ဒေသတွေမှာတော့ ကလေးအလုပ်သမားတွေ အလုပ်လုပ်နေ တာမျိုး မတွေ့မရှိရအောင် လုပ်ငန်းရှင်တွေကို ရပ်ကွက်အာဏာပိုင်တွေက တရားဝင်မဟုတ်ပဲ ညွှန်ကြားတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်၊ အိုင်အယ်လ်အို (ILO) အဖွဲ့ကြီးကတော့ လာမဲ့ ၂ဝ၁ဝ ခုမှာ ကမ္ဘာတဝှမ်း ကလေး အလုပ်သမားတွေ ပပျောက်အောင်ဆောင်ရွက်ဘို့ စီစဉ်ထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG