သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီကေဘီအေသိမ်းပိုက် လိုက်တဲ့ ဝေါ်လေခီး စခန်းကို ကေအန်န်ယူ ပြန်တိုက်နေ


ဒီကေဘီအေခေါ် တိုးတက်တဲ့ ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ်တပ်ဖွဲ့တွေ မနေ့က
သိမ်းယူခဲ့တဲ့ စခန်းကုန်းတခုကို ပြန်လည်ရရှိဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး
(ကေအန်န်ယူ) ရဲ့လက်အောက်ခံတပ်ဖွဲ့တွေဟာ ဒီကနေ့မနက်ကစတင်ပြီး ပြည်လည်
ထိုးစစ်ဆင် တိုက်ခိုက်နေတာ အခုညနေပိုင်းထိ တိုက်ပွဲတွေမပြီးဆုံးသေးဘူးလို့
ကေအန်န်ယူ ပြန်ကြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မြဝတီမြို့
တောင်ဘက် မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ ကေအန်န်ယူ ရှေ့တန်းစခန်းတခုဖြစ်တဲ့
ဝေါ်လေခီးစခန်းကို ပြန်လည်ရယူဖို့အတွက် ကေအန်န်ယူက ပြန်လည်ထိုးစစ်ဆင်
နေတာလို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က
တင်ပြပေးထားပါတယ်။

ဒီကေဘီအေနဲ့ မြန်မာစစ်တပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် အစောပိုင်းက ကေအန်န်ယူ
အထူးတပ်ရင်း ၂၀၁ ရဲ့ဌာနချုပ်စခန်းကုန်းတခုကို လျှပ်တပြက် ဝင်ရောက်သိမ်းပိုက်
ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ ကေအန်န်ယူတပ်ဖွဲ့တွေက ဒီစခန်းကုန်းကို ရရှိဖို့
အတွက် ပြန်လှန်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်န်ယူ ပြန်ကြားရေးဌာနက တာဝန်ခံတဦး
ဖြစ်တဲ့ ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

“ဒီကနေ့မနက်မှာပဲ ပြန်တိုက်တယ်။ တောက်လျှောက်ပစ်နေတာပဲ။ တိုက်ပြီး အခုတော့
ခေတ္တရပ်နေတယ်။ သူတို့ အဲဒီမှာ ရိက္ခာတို့၊ လက်နက်ကျည်တို့ ပြန်ဖြည့်တာ လုပ်မယ်
ထင်တယ်။ တမနက်လုံးပစ်နေတော့ အများကြီး လျော့သွားမှာပေါ့။ လောလောဆယ်
တော့ ရပ်နေတယ်လို့ သူတို့ပြောတယ်။ နောက်ဆုံးအခြေအနေကတော့ စခန်း
ပြန်သိမ်းပြီး ဝင်ထားနိုင်တယ်။ အဲဒီမှာတော့ လောလောဆယ်က ကြိုးကြားကြိုးကြား
ပစ်နေတယ်။ စခန်းတခုလုံးရှင်းနိုင်ဖို့ အခြေအနေကတော့ ပြောလို့မရသေးဘူး။”

ဒီညနေပိုင်းအထိတော့ တိုက်ပွဲမှာ နှစ်ဖက် အသေအပျောက် အထိအခိုက်စာရင်းကို
ဘာမှမသိရသေးကြောင်း ဗိုလ်မှူးစောလှငွေက ပြောပါတယ်။

မနေ့က ဒီကေဘီအေတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ဝေါ်လေခီးစခန်းဟာ မြဝတီမြို့ကနေ
မိုင် ၃၀ ခန့်ကွာဝေးပြီး ထိုင်း-မြန်မာနယ်စပ်အနီးမှာ တည်ရှိတာဖြစ်ပါတယ်။

ဒီစခန်းဟာ ကေအန်န်ယူအတွက် အရေးြကီးစခန်းတခု မဟုတ်ပေမယ့် ဒီစခန်းကို
ခြေကုပ်ရသွားရင် ကေအန်န်ယူဘက်က သွားလာလှုပ်ရှားဖို့ ခက်ခဲသွားနိုင်တယ်၊
ဒါကြောင့် ဒီစခန်းကို ကေအန်န်ယူက ရအောင်ပြန်တိုက်သိမ်းတာဖြစ်တယ်လို့
ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းတဦးက သုံးသပ်ပါတယ်။

အခုအခါမှာတော့ ထိုင်း-မြန်မာနယ်စပ်မှာ မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုင်း
ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေကြပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသ
တလေျှာက်ကို စစ်တပ်တွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG